Home » » နှစ် ၂၀ အတွင်း မြန်မာ့စီးပွားရေး လေးဆတိုးမည်ဟုဆို

နှစ် ၂၀ အတွင်း မြန်မာ့စီးပွားရေး လေးဆတိုးမည်ဟုဆို

Written By Unknown on Friday, May 31, 2013 | 2:05 PM

ရန်ကုန်၊ မေ ၃၀

အာရှတွင် ထွန်းတောက်ရန် အလားအလာအကောင်းဆုံး ဖြစ်နေသည့် မြန်မာနိုင်ငံတွင် စနစ်ကျသော ဖွံ့ဖြိုးရေးအစီအစဉ်များ ပြုလုပ်နိုင်ပါက ၂၀၃၀ ပြည့်နှစ်တွင် လက်ရှိ စီးပွားရေး အနေအထားမှာ လေးဆအထိ တိုးတက်လာနိုင်ကြောင်း မြန်မာ့စီးပွားရေး အလားအလာကို လေးလကြာ သုတေသန ပြုထားသော Myanmar’s moment: Unique opportunities, major challenges အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

လက်ရှိ စီးပွားရေးပမာဏ ဒေါ်လာ ၄၅ ဘီလီယံမှ ၂၀၃၀ ခုနှစ်တွင် ဘီလီယံ ၂၀၀ ကျော်အထိ တိုးတက်လာနိုင်ပြီး ခန့်မှန်းထားချက်များ အရ လူဦးရေ ၁၈ သန်းကို ဆင်းရဲနွမ်းပါးမှုမှ ဆွဲထုတ်နိုင် မည်ဖြစ်ကြောင်း ယင်းအစီရင်ခံစာပြုစုရာ တွင် ဦးဆောင်ခဲ့သည့် McKinsey & Company မှ အကြီးတန်းစီးပွားဖက် Mr.Heang Chhor က The Voice သို့ ပြောကြားသည်။

တစ်ဦးချင်းဝင်ငွေ တစ်ရက် ၁ ဒသမ ၂၅ ဒေါ်လာကျော်အထိ ရှိလာမည်ဖြစ်ပြီး တစ်ဦးချင်းစားသုံးမှုပမာဏ တစ်နှစ် ဒေါ်လာ ၁၃၀၀ မှ ၅၀၀၀ အထိတက်လာမည် ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

အဓိကကြုံတွေ့ရမည့် အခက်အခဲမှာ လုပ်သား ၁၃ သန်းခန့် လိုအပ်ချက် ရှိလာနိုင်ပြီး လက်ရှိတိုးတက်နှုန်း ကိုလည်း ထိန်းထားနိုင်ရန် လိုကြောင်း McKinsey & Company Global Institute (MGI) မှ ညွှန်ကြားရေးမှူး Richard Dobbs က ပြောကြားသည်။

မြန်မာနိုင်ငံ လက်ရှိ ကြုံတွေ့နေရ သော ပြဿနာမှာ လူဦးရေများပြားသော်လည်း ကျွမ်းကျင်လုပ်သား
ရှားပါးမှုဖြစ်ပြီး လျှပ်စစ်၊ ကျန်းမာရေး စောင့်ရှောက်မှု အပါအဝင် အခြေခံအဆောက် အဦ လိုအပ်ချက်များကို အစိုးရက အလျင်အမြန် ဖြေရှင်းရန် လိုအပ်ကြောင်း Mr.Heang Chhor က ဆိုသည်။
"လွန်ခဲ့တဲ့နှစ် ၂၀ ကလည်း ဗီယက်နမ် တို့၊ တရုတ်တို့ဟာ ဒီနေ့မြန်မာနိုင်ငံ လိုမျိုး ပါပဲ။ အခက်အခဲတွေကိုလည်း ကျော်လွှားနိုင်ခဲ့ တဲ့အခါ သူတို့ ဒီနေ့အနေအထားကို ရောက်လာပါတယ်" ဟု ၄င်းကဆိုသည်။

ပြည်တွင်းစုစုပေါင်း ထုတ်ကုန်တန်ဖိုး (GDP) နိမ့်ကျရခြင်းမှာလည်း လူတစ်ဦးချင်း ကုန်ထုတ်စွမ်းအား နိမ့်ကျခြင်းကြောင့် ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွင် လုပ်သားအများစု သွားရောက် စုပြုံနေသောကြောင့် ဖြစ်ကြောင်း Richard Dobbs က မှတ်ချက်ပြုသည်။

တန်ဖိုးမြှင့်ပို့ကုန် တင်ပို့ခြင်းများအဖြစ် အသွင်ပြောင်းနိုင်ပါက နိုင်ငံ၏ GDP တိုးတက်လာပြီး ၂၀၃၀ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ နိုင်ငံ့စီးပွားရေး တွင် ၂၀ ရာခိုင်နှုန်းအထိ ပါဝင်နေဦးမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

McKinsey & Company သည် အဆိုပါ အစီရင်ခံစာကို ပြည်တွင်းပြည်ပမှ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်များမှ ပညာရှင်များနှင့် တာဝန်ရှိသူပေါင်း ၂၀၀ ကျော်ကို တွေ့ဆုံ မေးမြန်းခဲ့ပြီး မြန်မာ့ စီးပွားရေးကို အရှိန်မြင့်တက်စေမည့် အချက်အလက်များကို အသေးစိတ်ဖော်ပြ ထားကာ မြန်မာနိုင်ငံကဲ့သို့ အပြောင်းအလဲ နှင့် ကြုံတွေ့နေရသော အခြားနိုင်ငံများ နှင့်လည်း နှိုင်းယှဉ်ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် McKinsey & Companyသည် စီမံ အုပ်ချုပ်ရေးဆိုင်ရာ နိုင်ငံတကာအဆင့် အကြံပေးကုမ္ပဏီတစ်ခု ဖြစ်ပြီး ကမ္ဘာတစ်ဝန်း လုံးရှိ နိုင်ငံပေါင်း ၅၀ ကျော်တွင် အတိုင်ပင်ခံ ပညာရှင်များ ခန့်အပ်ထားကာ နိုင်ငံပေါင်း ၈၅ နိုင်ငံကျော်တွင် အဖွဲ့အစည်း နှင့် အစိုးရဌာနများ အတွက် အတိုင်ပင်ခံ အဖြစ် ဆောင်ရွက်နေသည်။

The Voice Weekly