Home » » လုပ်ခလစာ နည်းပါးခြင်းကြောင့် အထည်ချုပ် လုပ်သားများ ၂၀၁၄ ခုနှစ်တွင် လုပ်ခလစာ တိုးမြှင့်ရရှိနိုင်ရေး စုပေါင်းတောင်းဆို မှုများ ဖြစ်ပေါ်လာနိုင်

လုပ်ခလစာ နည်းပါးခြင်းကြောင့် အထည်ချုပ် လုပ်သားများ ၂၀၁၄ ခုနှစ်တွင် လုပ်ခလစာ တိုးမြှင့်ရရှိနိုင်ရေး စုပေါင်းတောင်းဆို မှုများ ဖြစ်ပေါ်လာနိုင်

Written By Unknown on Saturday, January 18, 2014 | 4:54 PM

ရန်ကုန်၊ ဇန်န၀ါရီ ၁၁

လုပ်ခလစာ နည်းပါးခြင်းကြောင့် အထည်ချုပ် လုပ်သားများ ၂၀၁၄ ခုနှစ်တွင် လုပ်ခလစာ တိုးမြှင့် ရရှိနိုင်ရေး စုပေါင်း တောင်းဆို မှုများ ဖြစ်ပေါ် လာနိုင်ဟု ဇန်န၀ါရီလ ၁၁ ရက်တွင် အလုပ်သမား အရေး ဆောင် ရွက် နေသူ များ ကို မြန်မာ သံတော်ဆင့်သို့ သုံးသပ် ပြောကြား ခဲ့သည်။

စက်မှုဇုန် အလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးရဲနိုင်ဝင်း က““အထည်ချုပ် လုပ်သားတွေက ရရှိတဲ့လုပ်ခက စားလောက် ရုံလေး လောက်ပဲရတာ။ အရင်နှစ်က အထည်ချုပ် လုပ်သားတွေက အခြေခံ လစာ တစ်ရက်ကို(၁၀၀၀) ရဖို့ တောင်းဆိုထားတယ်။ ဒါပေမဲ့ အခုထိတော့ (၆၀၀)ကျပ် လောက်ပဲရတာ။ နောက်ပြီး အစိုးရကလည်း အခြေခံ လုပ်ခလစာ သတ်မှတ်ဖို့ ဆွေးနွေးကောင်းတုန်းပဲ ရှိသေးတာ။ ဖြစ်သင့် တာက လုပ်ခ လစာ မသတ်မှတ်နိုင်သေးခင်မှာ လုပ်ခလစာ ငွေကြေးတစ်ခု အဖြစ်တော့ သတ်မှတ်သင့်တယ်”” ဟု ပြော သည်။

အရှေ့တောင်အာရှ နိုင်ငံများ ဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား နိုင်ငံများတွင် အထည်ချုပ် လုပ်သား များသည် လုပ်ခလစာ တိုးမြှင့်ရရှိရန် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်လျက်ရှိပြီး အလုပ်သမားနှင့် အလုပ်ရှင်၊ အလုပ်ရှင်နှင့် အစိုးရကြားတွင် တင်းမာသော ပြဿနာ များ ဖြစ်ပေါ်လျက် ရှိသည်။ အလားတူ မြန်မာနိုင်ငံ၌ ယခင်နှစ်များ တွင်လည်း အထည်ချုပ် လုပ်သားများနှင့် စက်မှုဇုန် လုပ်သားများ လုပ်ခလစာ တိုးမြှင့်ရရှိနိုင်ရန် သပိတ်မှောက် တောင်းဆိုမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အဖွဲ့ချုပ် (I.L.O) ၏ ထုတ်ပြန် စာရင်းတွင် အရှေ့တောင် အာရှ နိုင်ငံများတွင် မြန်မာနိုင်ငံ၏ လုပ်ခလစာသည် အနိမ့်ဆုံး အခြေအနေတွင် တည်ရှိနေသည် ဟု ဖော်ပြထားပြီး ထိုင်းနိုင်ငံတွင် အထည်ချုပ် လုပ်သား တစ်ဦးရရှိငွေသည် အမေရိကန်ဒေါ်လာ ၂၄၃၊ မလေးရှားနိုင်ငံတွင်၂၄၇ ဒေါ်လာ၊ ဖိလစ်ပိုင်တွင် ၁၄၈ ဒေါ်လာ ကမ္ဘောဒီးယား နိုင်ငံတွင် ၈၀ ဒေါ်လာ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တွင် ၇ ဒေါ်လာနှင့် မြန်မာနိုင်ငံတွင် အထည်ချုပ် လုပ်သား အကူသင် ကာလတွင် ၂၀၀၀၀ ကျပ်ခန့်နှင့် ကျွမ်းကျင် အဆင့်တွင် ၄၀၀၀၀ ကျပ် အသီးသီး ရရှိထားသည်ဟု ဖော်ပြထားသည်။

အပြည်ပြည် ဆိုင်ရာ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် ဒေါက်တာမင်းညိုက ““အခုတက်လာတဲ့ စားသောက်ကုန် ဈေးနှုန်းတွေနဲ့ အလုပ်သမားတွေရဲ့ လစာက မမျှတတော့ အစိုးရရယ်၊ အလုပ်ရှင်နဲ့ အလုပ် သမား ခေါင်းဆောင်တွေ သုံးပွင့်ဆိုင် တွေ့ပြီး ဖြေရှင်းသင့်တယ်။ မဖြေရှင်းနိုင်ဘူး။ အဖြေမရှာနိုင်ဘူး ဆိုရင်တော့ အလုပ်သမားတွေက အရင်နှစ်က လုပ်ခလစာ တောင်းဆိုတာထက် ပိုလာနိုင်တယ်”” ဟု ပြောသည်။

အလုပ်သမားများ အနိမ့်ဆုံး လုပ်ခလစာ ငွေကြေး သတ်မှတ်ပေးရန် ကြန့်ကြာနေမှု အပေါ် မြန်မာ သံတော်ဆင့်မှ မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်မာထွေးအား မေးမြန်းရာတွင် ““ကျွန်မတို့ လုပ်ခလစာသတ်မှတ်ဖို့ အမျိုးသား ကော်မတီ ဖွဲ့ထားပြီးပါပြီ။ အခုပြည်နယ်နှင့် တိုင်း ကော်မတီတွေ ဆက်ဖွဲ့နေတယ်။ အဲဒီမှာလည်း လုပ်ငန်း ကော်မတီတွေ ဖွဲ့ပြီး အလုပ်သမားတွေ စားဝတ်နေရေးနဲ့ ပတ်သက်ပြီး အချက်အလက်တွေ ကောက်ယူနေပါတယ်။ ပြီးရင် ပြည်နယ်နှင့်တိုင်း ကော်မတီတွေက အဆိုပြု နှုန်းထားတွေ ကျွန်မတို့ထံ ပြန်တင်မယ်။ ကျွန်မတို့ကနေ အမျိုးသား ကော်မတီ ကို ပြန်တင်မယ်။ သူတို့ဘက်က အဆိုပြု နှုန်းထားတွေကို စိစစ်မယ်၊ ပြီးရင် အားလုံး ပြန်သုံးသပ်ပြီးရင် အဆိုပြု နှုန်းထားတွေ သတ်မှတ်မယ်”” ဟု ပြောသည်။

အထည်ချုပ် လုပ်ငန်းရှင် အချို့ကလည်း လုပ်ခလစာတိုးမြှင့် မပေးနိုင်ခြင်း မှာ အစိုးရက စက်မှုဇုန်များကို လျှပ်စစ်မီး အပြည့်အ၀ မပေးနိုင်၍ ကိုယ်ပိုင် မီးစက်များဖြင့် သုံးစွဲရသည်ဟု ပြောဆိုလျက် ရှိသည်။

အလုပ်သမားအရေး ဆောင်ရွက်နေသူ ၈၈ ကျောင်းသူ မသက်သက်အောင် က ““အနိမ့်ဆုံး လခ လစာတွေ မသတ်မှတ် နိုင်ရင်တော့ အနာဂတ်မှာ ဆန္ဒပြုမှုတွေက ပေါ်ပေါက် နေဦးမှာပါ””ဟု ပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် အလုပ်သမား လုပ်ခလစာ နည်းပါးမှုကြောင့် ဆန္ဒပြ တောင်းဆိုမှုများ ၂၀၀ ကျော်ခန့် ရှိခဲ့ပြီး ခုံသမာဓိ ကောင်စီ အထိ ဖြေရှင်းရသလို အမှုပေါင်း ၅၆ ခုကို ဖြေရှင်း နိုင်ခဲ့ပြီး အဖွဲ့ပေါင်း ၁၀၆ ဖွဲ့ကို နေပြည်တော် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားပြီး ဖြစ်သည်။

ကျော်စိုးဦး

Myanmartandawsint Newspaper