Home » » စာချုပ်ချုပ်ပြီးဟောသည့် ဗေဒင်ဆရာအဖွဲ့ တံဆိပ်ခေါင်း အတုပြုလုပ်မှုဖြင့် ဖမ်းခံရ

စာချုပ်ချုပ်ပြီးဟောသည့် ဗေဒင်ဆရာအဖွဲ့ တံဆိပ်ခေါင်း အတုပြုလုပ်မှုဖြင့် ဖမ်းခံရ

Written By Unknown on Monday, January 20, 2014 | 2:58 PM

တနင်္လာနေ့၊ ဇန်နဝါရီ ၂ဝရက်၊ ၂ဝ၁၄ခုနှစ်။

ပင်လယ်ဘူး၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့၊ မြို့မရပ်ကွက်တွင် စာချုပ်ချုပ်ဆိုပြီး ထီပေါက်ကိန်းရှိသည်ဟု ဟောပြောသည့် ဗေဒင်ဆရာအဖွဲ့ကို နှစ်ဆယ့်ငါးကျပ်တန် အခွန်တံဆိပ်ခေါင်း အတုပြုလုပ်မှုဖြင့် ဖမ်းဆီးအရေးယူလိုက်သည်ဟု ပင်လယ်ဘူးမြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ဇန်နဝါရီ ၂ဝ တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ ဗေဒင်၊ လက္ခဏာဟောပြောသူများသည် ယာဉ်အမှတ် ၃က၊ ၂၁၂၉ ဘင်ကားအဖြူရောင်းဖြင့် ပင်လယ်ဘူးမြို့ အတွင်းရှိ လူနေရပ်ကွက်များသို့ လှည့်လည်၍ ဟောပြောခြင်း၊ ဟောစာတမ်းများ ရောင်းချခြင်း ပြုလုပ်နေချိန်တွင် ပင်လယ်ဘူးမြို့မရဲစခန်း ခေတ္တရဲစခန်းမှူး ရဲအုပ်အောင်အောင်နှင့် အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နှစ်ဆယ့် ငါးကျပ်တန်အခွန်တံဆိပ်ခေါင်းများကို အတုပြုလုပ်၍ ဟောစာတမ်းများ ရေသားကာ အများပြည်သူမှ ယုံကြည်အောင် လိမ်လည်ပြောဆိုပြီး ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေခြင်းကြောင့် ဖမ်းဆီးအရေးယူခဲ့ရခြင်းဖြစ်သည်ဟု ဖမ်းဆီးရေးအဖွဲ့တွင် လိုက်ပါဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ အခွန်တံဆိပ်ခေါင်း အတုဖြင့် ဗေဒင်၊ လက္ခဏာ လိမ်လည်ဟောပြောနေသူများသည် ဒေါပုံမြို့က ကိုထက်လင်းအောင်၊ ကောလင်းမြို့ မီးရထားဝင်းနေ ကိုမြင့်မြတ်အောင် ဆိုသူနှင့် ၎င်းယာဉ်အား လိုက်လံမောင်းနှင်ပေးခဲ့သူ ရွှေညောင်မြို့နေ ဦးကျော်သန်း ဆိုသူတို့ဖြစ်သည်။

ထီပေါက်ကိန်းရှိသည်ဟုဆိုကာ အခွန်တံဆိပ်ခေါင်းအတုဖြင့် စာချုပ်ရေး၍ လိမ်လည်ဟောပြောပြီး ဒေသခံပြည်သူများထံမှ ငွေကြေးဥစ္စာများကို လိမ်လည်ရယူနေသည့် ဗေဒင်၊ လက္ခဏာ ဆရာများကို ပင်လယ်ဘူးမြို့မရဲစခန်းက(ပ) ၉၊၂ဝ၁၄ ပြစ်မှု ပုဒ်မ ၄၂ဝ၊ ၄၆၇၊ ၁၁၄ အရ ဇန်နဝါရီ ၁၈ရက် ညနေ ၅ နာရီက အမှုဖွင့်အရေးယူခဲ့သည်။

ကိုတိုးကြီး

Mizzima - News in Burmese