Home » » အခြေခံလုပ်သား ရှစ်ရာကျော်ကို အလုပ်အကိုင်ပြပွဲတွင် တိုက်ရိုက် အလုပ်ခန့်

အခြေခံလုပ်သား ရှစ်ရာကျော်ကို အလုပ်အကိုင်ပြပွဲတွင် တိုက်ရိုက် အလုပ်ခန့်

Written By Unknown on Monday, January 20, 2014 | 2:54 PM

ရန်ကုန်၊ ဇန်နဝါရီ ၁၉

အခြေခံ လုပ်သားများအတွက် အဓိကထား၍ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ပြုလုပ်သည့် အလုပ်အကိုင် အခွင့်အလမ်း ပြပွဲတွင် နှစ်ရက်အတွင်း လူပေါင်း ၁၇၀၀ ကျော် လာရောက် လျှောက်ထားသည့်အနက် ရှစ်ရာကျော်ကို တိုက်ရိုက် အလုပ်ခန့်လိုက်ကြောင်း အဆိုပါမြို့နယ် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အခွင့်အလမ်းပြပွဲကို ဇန်နဝါရီလ ၁၈ ရက်နေ့တွင် စတင်ကျင်းပပြီး နှစ်ရက်အတွင်း အခြေခံ လုပ်သားပေါင်း ၁၇၄၂ ဦး လာရောက် လျှောက်ထားရာ ၎င်းတို့ကို အလုပ်ရှင်က တိုက်ရိုက် တွေ့ဆုံ မေးမြန်းကာ လုပ်သား ရှစ်ရာကျော်ကို အလုပ်ခန့်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

လုပ်သား ရှစ်ရာကျော်ကို အထည်ချုပ်တွင် အလုပ်ပေးရန် အများဆုံး ခေါ်ယူရန်ဖြစ်ပြီး ထီးစက်ရုံ၊ CP ကုမ္ပဏီ၊ UPG ကုမ္ပဏီ စသည့် လုပ်ငန်းများတွင် အလုပ်ပေးခြင်း ဖြစ်ကြောင်း၊ အလုပ်လျှောက်လွှာ တင်ထားသူများကိုလည်း ဆက်လက် စစ်ဆေးကာ အလုပ်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံပြောဆိုသည်။

စက်ချုပ်၊ အထည်အရည်အသွေး စစ်ဆေးသူ၊ အလုပ်ကြပ်တို့ကို စက်ရုံသို့ ခေါ်ဆောင်ကာ လက်တွေ့ စစ်ဆေးမှုများ ပြုလုပ်၍ အလုပ်ခန့်မည်ဖြစ်ကြောင်း စံပယ်ပွင့် အထည်ချုပ်စက်ရုံမှ တာဝန်ရှိသူ ဒေါ်နှင်းလဲ့လဲ့ဝေက ဆိုသည်။

အလုပ်အကိုင်ပြပွဲတွင် ပြည်တွင်း အလုပ်အကိုင်နှင့် ပြည်ပ အလုပ်အကိုင်ဟု နှစ်ပိုင်းခွဲခြား ကျင်းပမည် ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် ပြပွဲကို ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဝန်ဆောင်ခ အခမဲ့ဖြင့် ကျင်းပမည် ဖြစ်ပြီး ပြည်ပ အလုပ်အကိုင် ပြပွဲကို ဇန်နဝါရီလ ၂၅ ရက်နေ့နှင့် ၂၆ရက်နေ့တို့တွင် ကျင်းပမည် ဖြစ်သည်။

အဆိုပါ အလုပ်အကိုင်ပြပွဲကို သုခစုစံ ကုမ္ပဏီနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကာ လှိုင်သာယာမြို့နယ် အမှတ် ၆၊ ၆ ရပ်ကွက်၊ ကျန်စစ်သားလမ်းမကြီးရှိ သုခစုစံ သင်တန်းကျောင်းတွင် ကျင်းပခြင်း ဖြစ်သည်။

အလုပ်အကိုင်ပြပွဲတွင် အထည်ချုပ်စက်ရုံ ၁၀ ရုံခန့်နှင့် အခြားလုပ်ငန်းများမှလည်း လာရောက် ပြသခဲ့ကြပြီး ပြခန်း ငါးဆယ်ခန့် ပါဝင်သည်။

The Voice Weekly