Home » » ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အဆိုးရွားဆုံး နိုင်ငံတွင် မြန်မာပါဝင်ဟု Forbes မဂ္ဂဇင်းတွင် ဖော်ပြ

ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အဆိုးရွားဆုံး နိုင်ငံတွင် မြန်မာပါဝင်ဟု Forbes မဂ္ဂဇင်းတွင် ဖော်ပြ

Written By Unknown on Monday, December 9, 2013 | 2:00 PM

ရန်ကုန်၊ ဒီဇင်ဘာ ၈

အမေရိကန် ပြည်ထောင်စု အခြေစိုက် ကာမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်း တစ်ခုဖြစ်သည့် Forbes မဂ္ဂဇင်းက ကမ္ဘာပေါ်တွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အဆိုးရွားဆုံး ၁၀ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း ဒီဇင်ဘာလထုတ် မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

Forbes မဂ္ဂဇင်းက စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် နိုင်ငံအလိုက် အဆင့်သတ်မှတ်၍ နှစ်စဉ် ထုတ်ပြန်လေ့ ရှိပြီး ဖော်ပြခံရသည့် ၁၄၅ နိုင်ငံတွင် မြန်မာနိုင်ငံသည် အဆင့် ၁၄၃ ဖြင့် အဆိုးရွားဆုံးနိုင်ငံ စာရင်းတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။

Forbes မဂ္ဂဇင်းသည် ကမ္ဘာ့ဘဏ်၊ ကမ္ဘာ့စီးပွားရေးဖိုရမ်၊ Transparency International၊ Freedom house၊ Heritage Foundation၊ Property Rights Alliance စသည့် အဖွဲ့အစည်းများက ထုတ်ပြန်သော အစီရင်ခံစာများ၊ သတင်းအချက်အလက်များ အပေါ် မူတည်၍ နိုင်ငံ အသီးသီးတွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အကောင်းဆုံးနှင့် အဆိုးဆုံး အဆင့်များကို သတ်မှတ်ဖော်ပြ ခြင်း ဖြစ်ကြောင်း ယင်းမဂ္ဂဇင်းက ထုတ်ပြန်ထားသည်။

အဆိုပါ အစီရင်ခံစာများအရ နိုင်ငံပေါင်း ၁၄၅ နိုင်ငံ၏ စီးပွားရေးကဏ္ဍ အသီးသီးတွင် ပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ ပိုင်ဆိုင်မှု အခွင့်အရေး၊ အခွန်ကောက်ခံမှု၊ အကျင့်ပျက် ခြစားမှု အခြေအနေ၊ ငွေကြေး ဆိုင်ရာ မူဝါဒ၊ လွတ်လပ်စွာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးမှု၊ ဈေးကွက် စီးပွားရေး အခြေအနေနှင့် အခွင့်အလမ်းများပေါ် မူတည်၍ အဆင့်သတ်မှတ်လေ့ ရှိကြောင်း ယင်းမဂ္ဂဇင်းက တရားဝင် ထုတ်ပြန်ထားသည်။

အဆိုပါ မဂ္ဂဇင်းက ကိုးကားထားသည့် ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာ ထိပ်တန်း အဖွဲ့အစည်းများ၏ စာရင်းများအရ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေသည် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ပတ်ဝန်းကျင်ကောင်းများ မဖန်တီးနိုင်သေးကြောင်း MDRI မြန်မာ့ ဖွံ့ဖြိုး တိုးတက်ရေး အရင်းအမြစ်အဖွဲ့) အဖွဲ့ဝင် ဒေါက်တာတင်မောင်သန်းက The Voice သို့ ပြောကြားသည်။

ရင်းနှီးမြှုပ်နှံရန် ကောင်းမွန်သည့် စီးပွားရေး ပတ်ဝန်းကျင်ကောင်း ဖြစ်စေရန်အတွက် အစိုးရ အပါအဝင် အဖွဲ့အစည်းအချို့ ပူးပေါင်း၍ ဥပဒေများနှင့် နည်းဥပဒေများ၏ လိုအပ်ချက်များ၊ ဟာကွက်များ၊ လျှော့ချ ပယ်ဖျက်ရမည့် အချက်များ၊ ထပ်မံဖြည့်ဆည်းရမည့် အချက်များကို အဖြေရှာ ဖော်ထုတ် ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“တကယ်တမ်း အဲ့ဒီလို စနစ်တကျ ပြန်လည် ဆန်းစစ်ဖို့ ဆိုရင်တောင် အနည်းဆုံး သုံးနှစ်ကနေ သုံးနှစ်ခွဲအထိ ကြာနိုင်တယ်လို့ ပညာရှင်အချို့က သုံးသပ်ကြတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဥပဒေနှင့် နည်းဥပဒေများကို ပြင်ဆင် ဖြည့်စွက် သုံးသပ်ရာတွင် ဟာကွက်များ၊ လိုအပ်ချက်များကို ချပြ နိုင်သော်လည်း၊ မည်သို့ ဖြေရှင်း ဆောင်ရွက်မည် ဆိုသည့်အချက်ကို အဖြေထုတ်ရန် အတွက် မြန်မာနိုင်ငံတွင် စံချိန်မီ စီးပွားရေး ပညာရှင် အမြောက်အမြား လိုအပ်နေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ကမ္ဘာ့ထိပ်တန်း မဂ္ဂဇင်းတစ်ခု ဖြစ်သည့် Forbes မဂ္ဂဇင်းသည် ကမ္ဘာပေါ်တွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အကောင်းဆုံး နိုင်ငံများနှင့် အဆိုးဆုံး နိုင်ငံများ စာရင်းကို ၂၀၀၅ ခုနှစ်မှ စတင်၍ တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အကောင်းဆုံး နိုင်ငံများ၏ စာရင်းတွင် အိုင်ယာလန် နိုင်ငံသည် ထိပ်ဆုံးမှ ရပ်တည်နေပြီး၊ အဆိုးရွားဆုံး နိုင်ငံများ စာရင်းတွင် ဂီနီနိုင်ငံသည် အောက်ဆုံးအဆင့် ၁၄၅ တွင် တည်ရှိနေကြောင်း ယင်းမဂ္ဂဇင်း၏ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

အဆိုးရွားဆုံး ၁၀ နိုင်ငံ စာရင်းတွင် ကင်မရွန်း၊ လစ်ဗျား၊ ဂမ်ဗီယာ၊ အီသီယိုးပီးယား၊ ဟေတီ၊ ဗင်နီဇွဲလား၊ အန်ဂိုလာ၊ ဇင်ဘာဗွေ၊ မြန်မာ၊ ချာ့တ်နှင့် ဂီနီနိုင်ငံတို့ ပါဝင်သည်။

The Voice Weekly