တစ်ခါက နိုင်ငံတစ်နိုင်ငံရှိသည်။ ထိုနိုင်ငံမှာ စစ်တပ်ကအင်အားသုံးပြီး မကြာခဏ အာဏာသိမ်းလေ့ရှိသည်။ ထိုနိုင်ငံမှ ပြည်သူများကလည်း အင်အားသုံးပြီး မကြာခဏ အာဏာသိမ်းလေ့ရှိသည်။ ထိုနိုင်ငံက နိုင်ငံရေးသမားများအကြားမှာ အကွဲအပြဲနှစ်ခြမ်းကွဲသည်။ ထိုနိုင်ငံက ပြည်သူများအကြားမှာလည်း အကွဲအပြဲနှစ်ခြမ်းကွဲသည်။
ထိုင်းနိုင်ငံဖြစ်ပါသည်။ နိုင်ငံရေးထွက်ပေါက်ပိတ်သွားသည့် ထိုင်းနှင့်အိမ်နီးချင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွက် ကံကောင်းသည့်အချက်ကတော့ နိုင်ငံရေးမှာ ဘာမလုပ်သင့်ဘူးဆိုသည့် Don't ကို နီးနီးကပ်ကပ်လေ့လာခွင့်ရခြင်းဖြစ်သည်။ ကံဆိုးသည့်အချက်ကတော့ ထိုင်းနိုင်ငံနမူနာ၏ မလုပ်သင့်ဘူးဆိုသည့် Don't ကို လုပ်သင့်တယ် Do ဟု လွဲမှားစွာခံယူသူအချို့ မြန်မာ့လူမှုအဖွဲ့အစည်းမှာ ရှိကောင်းရှိနိုင်သည့်အချက်ဖြစ်သည်။
ထိုင်းနိုင်ငံရေးက ကမ္ဘာကြီးကိုပေးသည့်သင်ခန်းစာနှစ်ခုရှိသည်။ ပထမတစ်ခုက ပုံမှန်ကျင်းပသည့်ရွေးကောက်ပွဲများရှိရုံဖြင့် စစ်မှန်သည့်ဒီမိုကရေစီရရှိမည်ဟု အာမမခံနိုင်ဆိုသည့်အချက်ဖြစ်သည်။ ဒုတိယအချက်ကတော့ ဂိုဏ်းဂဏ နိုင်ငံရေးက လူ့အဖွဲ့အစည်းတစ်ခုကို ဘယ်လိုတစ်စစီဆုတ်ဖြဲသွားလဲဆိုသည့် သင်ခန်းစာဖြစ်သည်။
ပျမ်းမျှအားဖြင့် လေးနှစ်ခွဲမှာတစ်ကြိမ် စစ်တပ်ကအာဏာသိမ်းလေ့ရှိသည့် ထိုင်းနိုင်ငံမှာ အများကကိုးကွယ်ယုံကြည်လေးစားသည့် ဘုရင်ကြီးတစ်ပါးရှိသည်။ တိုက်ခိုက်ရေးထက် စီးပွားရေးမှာ ပိုကျွမ်းကျင်သည့် စစ်တပ်ကတော့ ဘုရင်နှင့်တော်ဝင်မိသားစုကို ထာဝရသစ္စာခံကာကွယ်မည်ဆိုသည့် ကြွေးကြော်သံကို အမြဲဟစ်သည်။ ကျေးလက်နေပြည်သူများနှင့် မြို့ပေါ်ပညာတတ်လူလတ်တန်းစားများအကြားမှာ ဆင်းရဲချမ်းသာကွာဟမှုကလည်း ကြီးမားသည်။
ယခုပြည်ပြေးဖြစ်နေသည့် ၀န်ကြီးချုပ်ဟောင်းသက်ဆင် အာဏာရလာသည့်အခါ မဲဆန္ဒရှင်များအကြားမှာ လူကြိုက်များဖို့ နည်းလမ်းတွေကို စွန့်ဦးတီထွင်လာသည်။ ဆင်းရဲသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုဖူလုံရေးတွေကို လုပ်လာသည်။ အခြေခံလူတန်းစားများသည့် ထိုင်းနိုင်ငံလိုနေရာမှာ သက်ဆင်က သမိုင်းမှာစံချိန်ချိုးသည့်မဲအများစုရသည်။ တစ်ဖက်မှာတော့ သူ့အားနည်းချက်များကိုထောက်ပြသည့် သတင်းမီဒီယာများကိုနှိပ်ကွပ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ခြစားမှုများကို ရွက်ကုန်ဖွင့်သည်။ သူ့ခေတ်မှာ အခြေအနေကောင်းလာသည့် ရွာသားများနှင့် အခြေခံလူတန်းစားများက သက်ဆင်သည် သူရဲကောင်း။ လူ့အခွင့်အရေးစံချိန်ကကြည့်သည့် မြို့ပေါ်အလွှာများအကြားမှာတော့ သက်ဆက်သည် ပြည်သူ့ရန်သူ။
ရွေးကောက်ပွဲမှာ မဲအများစုဖြင့် အနိုင်ရသည့်တိုင် လူ့အဖွဲ့အစည်းကို လက်ဝါးကြီးအုပ်စီမံလိုသည့် ဒီမိုကရက်တစ်အာဏာရှင်သက်ဆင်က မိမိသြဇာအာဏာချဲ့ထွင်ရေးနှင့် ကိုယ်ကျိုးစီးပွားကိုထူထောင်သည်။
ဝန်ကြီးချုပ်သက်ဆင်၏ လူအခွင့်အရေးချိုးဖောက်မှုများနှင့် ခြစားမှုများကိုမကြိုက်၍ ဖြုတ်ချလိုသူများကလည်း ဒီမိုကရေစီ၏အခြေခံ ရွေးကောက်တင်မြှောက်သည့်စနစ်ကို မလေးစား။ သက်ဆင်ကိုဖြုတ်ချဖို့ စစ်တပ်အာဏာသိမ်းမှုအပေါ် ကောင်းချီးသြဘာပေးကြသည်။ သို့နှင့် အနီ-အ၀ါ ဘောလုံးပွဲကြီးစသည်။ သက်ဆင်ထောက်ခံသူများက အနီရောင်အင်္ကျီများဝတ်လိုက်သည်။ လမ်းများကိုပိတ်ဆို့သည်။ အကြမ်းဖက်ဖြိုခွင်းမှုများ ဖြစ်ပေါ်လာသည်။ သက်ဆင်ကိုမလိုလားသူများက အ၀ါရောင်ကိုဝတ်သည်။ တန်ပြန်ပိတ်ဆို့မှုများ လုပ်ကြသည်။ အနီ၊ အ၀ါဘောလုံးပွဲမှာ ကြားနေရမည့်ဒိုင်လူကြီးစစ်တပ်ကလည်း ကြားမနေ၊ အ၀ါရောင်အင်္ကျီကိုဝတ်လိုက်သည်။
ရွေးကောက်ပွဲများပြုလုပ်သည့်အခါတော့ ပြည်ပြေးဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ သစ္စာခံပါတီများကသာ အနိုင်ရစမြဲ။ သက်ဆင်ကိုဖြုတ်ချလိုသည့် အ၀ါများကလည်း ရွေးကောက်ပွဲရက်ကို မထီမဲ့မြင်ပြုစွာနှင့် လမ်းများကိုပိတ်ဆို့ဆဲ၊ အစိုးရရုံးများကိုဝင်စီးဆဲ။ စစ်တပ်ကလည်း နိုင်ငံတည်ငြိမ်မှုကိုအကြောင်းပြပြီး ရွေးကောက်ပွဲမှာအနိုင်ရသည့် အစိုးရကိုဖြုတ်ချဖို့တာစူဆဲ။
သည်လိုနှင့် နောက်ရွေးကောက်ပွဲ၊ နောက်အစိုးရ၊ နောက်အာဏာသိမ်းမှု၊ နောက်ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အဆိုးကျော့ သံသရာထဲမှာလည်နေခြင်း။
ထိုင်းဆီက သင်ခန်းစာယူကြပါစို့
(၁) ရွေးကောက်ပွဲမှာ မဲအများဆုံးနိုင်သည့်ပါတီက လူအများစုထောက်ခံမှုရဖို့အတွက် လူပြိန်းကြိုက်နည်းလမ်းများဖြင့် မက်လုံးပေးသည်။ အာဏာရရှိသည့်အခါ တိုင်းပြည်အတွက် ရေရှည်ဖွံ့ဖြိုးမည့်နည်းလမ်းများအစား နောက်တစ်ကြိမ်ရွေးကောက်ပွဲအတွက် သြဇာအာဏာကိုသုံးပြီး စည်းရုံးသည်။
လူ့အဖွဲ့အစည်းအတွက် လုပ်စရာရှိသည်များကိုလုပ်မည့်အစား သက်ဆင်တစ်ဦးတည်းအတွက် ကိုးကွယ်ရပ်တည်သည်။ သစ္စာရှိမှုက လူ့အဖွဲ့အစည်းကိုမသွား၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုအခြေခံသည်။
(၂) သက်ဆင်နှင့် သူ့ပါတီအစိုးရအဖွဲ့များကို လူ့အခွင့်အရေးချိုးဖောက်မှု၊ ခြစားမှုများကြောင့် မကြိုက်သူအ၀ါများကလည်း ဒီမိုကရေစီဆိုသည့်တိုင်း ပြည်သူအများစု၏ ရွေးကောက်တင်မြှောက်မှုကို လက်မခံ။ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆင်ကို သဘောမကျမှုအပေါ် အခွင့်ကောင်းယူပြီး အစိုးရအဆောက်အအုံများကို စီးနင်းမှုပြုသည်။ ဒီမိုကရေစီကိုလိုချင်သည်၊ သို့သော် မကျင့်ကြံနိုင်ကြ။
(၃) သက်ဆင်၏ သြဇာကြီးထွားမှုက ရှင်ဘုရင်ကိုခြိမ်းခြောက်လာနိုင်သည့်အပေါ်မှာ ဧကရာဇ်ကိုကာကွယ်ရန်အကြောင်းပြချက်ဖြင့် စစ်တပ်က ရွေးကောက်တင်မြှောက်ခံအစိုးရများကို အာဏာသိမ်းသည်။ သည်လိုနှင့် သမိုင်းတစ်လျှောက်လုံး နိုင်ငံရေးမှာ အရေးပါသည့်အခန်းကဏ္ဍကို သူတို့ဆက်ထိန်းချုပ်ထားသည်။
ချုပ်လိုက်တော့ လူပုဂ္ဂိုလ်၊ နိုင်ငံရေး၊ အာဃာတ၊ ကိုယ်ကျိုးစီးပွားနှင့် လက်နက်ကိုင်ဖြေရှင်းမှုက ထိုင်းနိုင်ငံကို ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေမှာ ပိတ်မိသွားစေသည်။ “ငါ့ဘက်က လုံးဝမှန်၊ သူ့ဘက်က လုံးဝမှား ရပ်တည်မှုများ”အကြားမှာ အဖြေရှာ၍မရတော့။ အ၀ါနှင့်အနီကြားက လိမ္မော်ရောင်ကို သူတို့ရှာမတွေ့တော့။ နှစ်ဖက်လုံးကလိုချင်သည်က နိုင်ငံအတွက် ရေရှည်တည်တံ့မည့် ဒီမိုကရေစီရလဒ်မဟုတ်။ မိမိဘက်က အနိုင်ရရှိရေးသာဖြစ်သည်။
မြန်မာနှင့်ထိုင်း ချွတ်စွပ်မတူပါ။ သို့သော် ထွက်ပေါက်ပိတ်သွားသည့် ထိုင်းနိုင်ငံ၏လမ်းကြောင်းကို မလိုက်ဖို့တော့သတိထားရမည်။
ရွေးကောက်ပွဲများက ဒီမိုကရေစီကို လွယ်လွယ်နှင့်ပေးလိမ့်မည်မဟုတ်ပါ။ အမှန်တရားနှင့် ဒီမိုကရေစီအကျင့်အကြံကို ကျင့်သုံးမှုများကသာ အနာဂတ်ဒီမိုကရေစီကို ဆောင်ကြဉ်းပေးလိမ့်မည်။ ပါတီနှစ်ခုယှဉ်ပြိုင်မှုထက် လူ့အဖွဲ့အစည်းအတွင်း ပြည်သူများထက်ခြမ်းကွဲမှုက တိုင်းပြည်၏အနာဂတ်ကို ခေါင်းတလားထဲ
ထည့်မိသွားစေနိုင်သည်ကို သတိကြီးစွာထားဖို့လိုသည်။၂၀၁၅ က ကျွန်တော်တို့ ရင့်ကျက်မှုကိုစမ်းသပ်လိမ့်မည်။ အရောင်အသွေးကင်းမဲ့ပြီး ကြားနေသည့် တပ်မတော်၊ ပြည်သူများကို ရိုးသားမှန်ကန်စွာစည်းရုံးသည့် နိုင်ငံရေးသမားများနှင့် ဒီမိုကရေစီကို ကျင့်သုံးနိုင်သည့် ပြည်သူများဖြစ်ကြဖို့ အားလုံးမှာတာဝန်ရှိသည်။
စစ်တပ်နှင့် ပြည်သူများ တစ်လှည့်စီအင်အားသုံး အာဏာသိမ်းသည့် ထိုင်းနမူနာကို ရှောင်ကွင်းဖို့ဖြစ်သည်။ ။
ရေးသားသူ- ရဲမိုး - 7Day News Journal