မြန်မာနိုင်ငံတွင် ကိန်းဂဏန်း၊ စာရင်းဇယား အတိအကျပြုစုထားခြင်းမရှိသော်လည်း ရောဂါအမည် မှားယွင်းစွာဆုံးဖြတ်မှုများသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် နေ့စဉ်ကြုံတွေ့နေရသော ကျန်းမာရေးပြဿနာကြီးတစ်ခုအဖြစ် ရှိနေသည်။
သင်၏မိသားစုဝင်တစ်ဦး (သို့မဟုတ်) နီးစပ်ရာပတ်ဝန်းကျင်မှ အသိအကျွမ်းတစ်ဦးတွင် ရောဂါလက္ခဏာတစ်ခု ခံစားရသောကြောင့် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြသသည့်အခါ ကျွမ်းကျင်သည့်ဆေးပညာရှင်က ရောဂါအမည်မှားယွင်းစွာဆုံးဖြတ်မှုကို ကြုံဖူးပါသလား။
“ဖျားလို့ဆိုပြီး ဆေးခန်းသွားပြတာ။ ငှက်ဖျားဆိုပြီးကုတာ တစ်လကျော်ကြာတယ်။ ငှက်ဖျားဆေးတွေသောက်လိုက်ရတာ ဆံပင်တွေတောင်ကျွတ်ကုန်တယ်။ နောက်ကျမှသိတာ အဆုတ်အအေးပတ်ပြီး ဖျားတာတဲ့”ဟု မြန်မာနိုင်ငံမှ နာမည်ကြီးဓာတ်ပုံဆရာတစ်ဦးက ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် သူ၏အဖြစ်အပျက်ကို ပြောပြပါသည်။
ကိန်းဂဏန်း၊ စာရင်းဇယား အတိအကျပြုစုထားခြင်းမရှိသည့် ယင်းကဲ့သို့ ရောဂါအမည်မှားယွင်းစွာ ဆုံးဖြတ်မှုများသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် မစိမ်းသော ကျန်းမာရေးပြဿနာကြီးတစ်ခုအဖြစ် ရှိနေသည်။
သာမန်ဆရာဝန်တစ်ဦးဖြစ်ရန် အချိန်ခြောက်နှစ်၊ ခုနစ်နှစ်ရင်းနှီးမြှုပ်နှံရပြီး အထူးကုအဖြစ် ရပ်တည်မည်ဆိုပါက အနည်းဆုံး ဆယ်နှစ်ကျော် လေ့လာဆည်းပူးခဲ့သည့် ဆေးပညာများက ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကို အာမခံချက်ပေးနိုင်သည်ဆိုသည့်အချက်က ယုံမှားသံသယဖြစ်ဖွယ်မရှိပါ။
သို့သော် မြန်မာနိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှုပြဿနာများတွင် ရောဂါအမည်မှားယွင်းစွာ ဆုံးဖြတ်မှုများရှိနေပြီး လူနာရှင်များက ဆေးပညာရှင်ဆရာဝန်များအပေါ် ယုံကြည်မှုလျော့နည်းလာသည်။
ဆရာဝန်နှင့်လူနာ အချိုးအစားမမျှတမှုကြောင့် အချိန်ပေးမကြည့်ရှုနိုင်ခြင်း၊ ရောဂါအဖြေတစ်ခုအတွက် ကျွမ်းကျင်သည့်နယ်ပယ်မှ ပညာရှင်များ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေခြင်း၊ ရောဂါရှာဖွေရေးအတွက် လုံလောက်သော ခေတ်မီဓာတ်ခွဲခန်း စက်ကိရိယာမပြည့်စုံခြင်းက ပြည်တွင်းတွင် မလိုအပ်သော လူထုကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နေပြီး ငွေကြေးတတ်နိုင်သူများက ကျန်းမာရေးဝန်ဆောင်မှုအတွက် အိမ်နီးချင်းပြည်ပနိုင်ငံများကို ပိုမိုအားထားလာကြရသည်။
“ရောဂါရှာဖွေရေးတွေ ဘာကြောင့်လွဲကုန်တာလဲလို့ပြောရင် နံပါတ်တစ်ကတော့ လူနာနဲ့ ဆရာဝန် စမ်းသပ်စစ်ဆေးရတဲ့ အချိန်မလုံလောက်တဲ့အတွက် ရောဂါရာဇ၀င်ကို သေချာမေးမြန်းပြီး အဖြေထုတ်ရတဲ့အခါမှာ လွဲမှားမှုတွေရှိလာခြင်းဖြစ်ပါတယ်”ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်(ငြိမ်း) ဒေါက်တာကျော်ကျော်ကပြောကြားသည်။
“ပြီးခဲ့တဲ့သုံးနှစ်ကျော်လောက်က ထင်တယ်။ ကျွန်တော့်လိင်အင်္ဂါက ဝှေးစေ့နေရာက အရမ်းကြီးပြီး ထူအမ်းအမ်းဖြစ်လာတော့ ဆေးခန်းသွားပြတော့ ခွဲရမယ်ပြောရော။ ခွဲရမှာလည်း ကြောက်တယ်။ အဲဒီအချိန်မှာပဲ အစ်မက ဘန်ကောက်သွားတော့ သူနဲ့လိုက်သွားရင်း တစ်ခါတည်း ဆေးဝင်စစ်ပြီးပြလိုက်တာ။ အသားတီဘီဖြစ်ပြီး ကြီးနေတာတဲ့။ ပုံမှန်ဆေးသောက်လိုက်တာ ပျောက်သွားတယ်”ဟု အသက် ၄၆ နှစ်အရွယ်ရှိ ဦးမောင်အေးက ကိုယ်တွေ့အဖြစ်အပျက်တစ်ခုကို ပြောပြသည်။
ရောဂါတစ်ခုကို အမျိုးအမည်တပ်သောအခါ ဆေးပညာရှင်များအနေဖြင့် ဓာတ်ခွဲခန်းအဖြေကို အဓိကအားကိုးအားထားပြုကြရသည်။ သို့သော် ဓာတ်ခွဲခန်းများနှင့် ဓာတ်ခွဲခန်းပစ္စည်းများ၏ အရည်အသွေး စံချိန်စံညွှန်းကို စစ်ဆေးသော အဖွဲ့အစည်းများ မြန်မာနိုင်ငံ၌ မရှိသေးပါ။ မြန်မာဆေးပညာရှင် ဆရာဝန်များကလည်း အဆိုပါအရည်အသွေး သတ်မှတ်ချက်အပြည့်အစုံ မရှိသော ဓာတ်ခွဲခန်းအဖြေများကို သိရှိနားလည်သောပညာရပ်နှင့် ပေါင်းစပ်၍ ရောဂါအဖြေကို ပေးနေရသည်။
“အစိုးရက ဆေးပစ္စည်းပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ အားနည်းတဲ့အတွက် စက်ပစ္စည်းတွေက ရောဂါရှာဖွေရေးမှာ ထိရောက်အောင် မလုပ်ပေးနိုင်ဘူး။ မှားယွင်းတဲ့ ဆုံးဖြတ်မှုတွေရှိလာတယ်။ ဓာတ်ခွဲခန်းကျွမ်းကျင်သင်တန်းတွေမှာ မိုက်ခရိုစကုပ်တစ်ခုကို လူလေးယောက်လောက် ၀ိုင်းကြည့်နေရတော့ သေချာလေ့လာမှုတွေလည်း မရှိတော့ဘူး”ဟု ဓာတ်ခွဲခန်းကျွမ်းကျင်ပညာရှင်တစ်ဦးက မှတ်ချက်ပြုသည်။
အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ လေ့လာချက်တစ်ခုအရ ဆေးပညာရှင်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်း၊ လူနာနှင့်ဆရာဝန် ဆက်ဆံရေး၊ မပြည့်စုံသော စစ်ဆေးမှုများက ရောဂါအမည်မှားယွင်းခြင်းအတွက် ၆၅ ရာခိုင်နှုန်းအထိ ရှိနေသည်ဟု ဖော်ပြထားသည်။ အမေရိကန်နိုင်ငံရှိ အထူးကြပ်မတ်ကုသဆောင်များ၌ပင် ရောဂါအမည်မှားယွင်းမှုများကြောင့် တစ်နှစ်လျှင် လူဦးရေလေးသောင်းကျော် သေဆုံးလျက်ရှိသည်။
“သင့်အနေနဲ့ အကြိမ်တော်တော်များများမှာ ကျန်းမာရေးပြဿနာတစ်ခုတည်းကို ဆရာဝန်သုံးယောက်ကို ပြခဲ့မယ်ဆိုရင် ရောဂါသုံးမျိုးဖြစ်နေပြီး ကုသမှုပုံစံသုံးမျိုးဖြစ်နေမယ်”ဟု အဆိုပါ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ လေ့လာတွေ့ရှိချက်စာတမ်းတွင် ရေးသားထားသည်။
“ဒီပြဿနာတွေကို ဖြေရှင်းဖို့ စနစ်ရော၊ ပစ္စည်းရော ဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။ လူနာနဲ့ ဆရာဝန် စမ်းသပ်စစ်ဆေးဖို့ လိုလာမယ်။ အစိုးရရော ပုဂ္ဂလိကပိုင်းရော နည်းပညာပိုမြင့်တဲ့စက်တွေ ဖြည့်ဆည်းပြီး အသုံးပြုလာရင် ဒီပြဿနာတွေ လျော့နည်းလာမယ်”ဟု ဒေါက်တာကျော်ကျော်ကအကြံပြုသည်။
ပြည်သူလူထုက ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စံချိန်စံညွှန်းအသိပညာများ ပိုမိုလာခြင်းကလည်း မြန်မာနိုင်ငံတွင် ဆေးပညာရှင်များ၏ ဆုံးဖြတ်ချက်များနှင့် ရောဂါရှာဖွေရေးနည်းစနစ်ပိုင်းတွင် လိုအပ်ချက်များရှိနေသည်ကို ထင်ရှားပေါ်လွင်လာစေသည်။
လွန်ခဲ့သောဆယ်စုနှစ်ကာလတွင် ထိုင်းနိုင်ငံ ဘန်ကောက်သို့ သွားရောက်ဆေးကုသသူ မြန်မာများ မရှိသလောက် ရှားပါးခဲ့သော်လည်း ယနေ့အချိန်တွင် တစ်နှစ်လျှင် လူဦးရေထောင်ဂဏန်းကျော်က ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုမျှော်လင့်ချက်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဆေးရုံများသို့ သွားရောက်နေကြသည်။
ထိုင်းနိုင်ငံအတွင်းရှိ ဆေးရုံများသို့ သွားရောက်ဆေးကုသမှု မြင့်တက်လာသည့်နည်းတူ အခြားအိမ်နီးချင်းနိုင်ငံများဖြစ်သည့် စင်ကာပူ၊ အိန္ဒိယနှင့် မလေးရှားနိုင်ငံများသို့လည်း သွားရောက်ဆေးကုသသည့်ဦးရေ များပြားလာကြောင်း ပြည်တွင်းရှိ နိုင်ငံတကာဆေးရုံများနှင့် ရုံးခွဲများမှ သိရသည်။
ထိုသို့ဆေးကုသမှု များပြားလာမှုတွင် ပြည်တွင်း၌ ဆရာဝန်နှင့် လူနာကြား နားလည်မှုလွဲမှားသည့်ပြဿနာများအပြီး ရုံးခွဲမှ နှစ်နှစ်ကျော်အတွင်း သွားရောက်မှု ပိုမိုများပြားလာကြောင်း ထိုင်းနိုင်ငံရှိ ဆေးရုံတစ်ခု၏ မြန်မာပြည်ဆိုင်ရာရုံးခွဲမှ အတိုင်ပင်ခံဆရာဝန်တစ်ဦးကပြောသည်။
“လူနာကို အချိန်ပေးတယ်ဆိုတာ နှစ်ဦးနှစ်ဖက် နားလည်ဖို့လိုတယ်။ သူများနိုင်ငံတွေလို တစ်ယောက်ကိုနာရီဝက် အချိန်ပေးမယ်ဆိုရင် လူနာနဲ့ ဆရာဝန် အချိုးအစားကွာဟချက်ကြီးနေတဲ့ ဒီနိုင်ငံမှာ မဖြစ်နိုင်သေးပါဘူး”ဟု ကျန်းမာရေးဝန်ကြီးဌာမှ ညွှန်ကြားရေးမှူးတစ်ဦးက သုံးသပ်ပြောကြားသည်။
“Diagnosis(ရောဂါအမည်) တပ်တဲ့အခါမှာ အဖြစ်နိုင်ဆုံးနဲ့ အနီးစပ်ဆုံး နှစ်ခု၊ သုံးခုလောက်ကို စဉ်းစားတယ်။ ပြီးတော့ စမ်းသပ်ချက်တွေနဲ့ ဆေးစစ်မှုတွေပေါင်းပြီး အကောင်းဆုံးအဖြေတစ်ခုထုတ်တယ်။ လူနာတွေအနေနဲ့ စိတ်ရှည်ဖို့လိုပါလိမ့်မယ်”ဟု ဒေါက်တာစည်သူက ဆေးပညာလောကတွင် ရောဂါရှာဖွေခြင်းနှင့်စပ်လျဉ်း၍ လုပ်ဆောင်မှုများကို ရှင်းလင်းပြောကြားသည်။
ဆရာဝန်တစ်ဦးလျှင် လူဦးရေနှစ်ထောင်နှုန်း အချိုးရှိသော ကျန်းမာရေးစနစ်လည်ပတ်မှုတွင် လုပ်အားဝန်ပိခြင်းများရှိနေပြီး လူနာကြည့်ရှုရန် အချိန်မလုံလောက်မှုများ ဆက်လက်တွေ့မြင်နေရမည်ဖြစ်သည်။
မြန်မာနိုင်ငံဆေးကောင်စီက ဆရာဝန်များအနေဖြင့် မိမိ၏ပြုစုကုသမှုကြောင့် မမျှော်လင့်ထားသော ဆိုးကျိုးများကျရောက်ခဲ့ပါက အမြန်ဆုံးဆောင်ရွက်ပေးရမည်၊ လူနာအား အဖြစ်မှန်ကို အသိပေးပြီး ဖြစ်ပေါ်လာနိုင်မည့် ရေတိုရေရှည်အကျိုးအကြောင်းများကို ရှင်းပြရမည်၊ လိုအပ်ပါက တောင်းပန်သင့်သည်ဟု ပြဋ္ဌာန်းပေးထားသည်။
လွဲမှားသော ရောဂါရှာဖွေဆုံးဖြတ်ချက်များ၊ ကုသမှုများကြောင့် လူနာများအနေဖြင့် ငွေကြေးပိုင်းသာမက ကျန်းမာရေးဆိုင်ရာ မလိုလားအပ်သောဆိုးကျိုးများ ကြုံတွေ့နိုင်ပြီး ဆရာဝန်များအပေါ်၌လည်း ယုံကြည်မှုလျော့နည်းလာရသည်။
ပြည်တွင်းရှိ အထူးကုဆေးရုံကြီးတစ်ခုတွင် ကုသခဲ့ပြီး သားအိမ်ထုတ်ရန် ဆရာဝန်က ဆုံးဖြတ်ခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံရှိ ပုဂ္ဂလိကဆေးရုံတွင် သွားရောက်ပြသစစ်ဆေးခဲ့သည့် အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြောပြသည်။
“ဟိုရောက်တာ့ ခြောက်လကြာရင် ပြန်စစ်ပါပဲပြောတယ်။ သားအိမ်ထုတ်ဖို့လည်း မလိုတော့ဘူး။ ဟိုသွားပြလိုက်မိလို့သာပေါ့”ဟု ဆိုသည်။
ရေးသားသူ- ၀တ်ရည်အောင်၊ ရဲနောင်
7Day News Journal