Home » » အာရှတိုးတက်မှုအထည်ချုပ်စက်ရုံ အလုပ်သမား ၁၃၀၀ ကျော် ဆန္ဒပြ

အာရှတိုးတက်မှုအထည်ချုပ်စက်ရုံ အလုပ်သမား ၁၃၀၀ ကျော် ဆန္ဒပြ

Written By Unknown on Wednesday, December 4, 2013 | 4:52 PM

ရန်ကုန်၊ ဒီဇင်ဘာ-၃

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် မီးခွက်ဈေးအနီးရှိ အာရှတိုးတက်မှု အထည်ချုပ်စက်ရုံ၌ နိုဝင်ဘာ ၁၃ ရက်မှ စတင်၍ လုပ်အားခတိုးမြှင့်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုလျက်ရှိကြသော ၀န်ထမ်းအင်အား ၁၃၀၀ ကျော်တို့သည်အလုပ်သမား ခေါင်းဆောင် ဖြစ်သူ ပြည့်ဖြိုးအောင်အား အလုပ်မှထုတ်ပယ်ခဲ့သည့်အတွက် ပြန်လည် ခန့်ထားပေးရန် စက်ရုံတာဝန်ရှိသူများကိုဒီဇင်ဘာ ၃ ရက် နံနက် ၈ နာရီမှစတင်၍ ဆန္ဒပြ တောင်းခံလျက်ရှိသည်။

အာရှတိုးတက်မှု အထည်ချုပ်စက်ရုံ [Dong Long (Myanmar) East Growth Garment Co.,Ltd] သည် လုပ်သားအင်အား ၁၅၀၀ ကျော်ဖြင့် လည်ပတ်လျက်ရှိသည်ဟု သိရသည်။ စက်ရုံအလုပ်သမားများမှာ အခြေခံ လုပ်ခလစာတိုးမြှင့်ပေးရန်အတွက် နိုဝင်ဘာ ၁၃ ရက်မှ စတင်ဆန္ဒပြခဲ့ကြပြီး ဒီဇင်ဘာ ၃ ရက်၌ ကုမ္ပဏီအလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သူ ပြည့်ဖြိုး အောင်အား ခွင့်ရက်ပိုသည်ဟူသည့် အကြောင်းပြချက်ဖြင့် အလုပ်မှ ထုတ်ပယ်ကြောင်း၊ ထို့ပြင် ဆန္ဒပြသော အလုပ်သမားများကို လစာ ၁၂ ရက် စာသာ ထုတ်ပေးမည်ဖြစ်ကြောင်း၊ ဆန္ဒပြရာတွင် မပါဝင်သူ ၀န်ထမ်း ၁၀၀ ခန့်ကိုသာ လစာအပြည့်ထုတ်ပေး၍ ပိတ်ရက်ငါးရက် တစ်ဆက်တည်းပေး မည်ဖြစ်ကြောင်းကုမ္ပဏီဘက်မှ ပြောကြားခဲ့သဖြင့်အလုပ်သမားခေါင်းဆောင် ခြောက်ဦးက ရုံးချုပ်သို့ သွား၍ ကိုပြည့် ဖြိုးအောင်အား အလုပ်ပြန်လည် ခန့် ပေးရန် သွားရောက်တောင်းဆိုနေ ကြောင်း ကျန်ရှိသူအလုပ် သမားများကို ထိန်းသိမ်းပေးနေသော မဇာခြည်ဦးက စံတော်ချိန်သို့ ပြောဆိုသည်။

စက်ရုံလုပ်သားများမှာ အခြေခံ လစာနှင့် အချိန်ပိုကြေးအပါအ၀င် တစ်လ လျှင် ခုနစ်သောင်းခန့်သာ ရရှိ ကြောင်း၊ ပိတ်ရက်အဖြစ် တစ်လလျှင် နှစ် ရက်သာပေးကြောင်း၊ နှစ်ရက်ထက်ပိုပါ က လစာမှ ဖြတ်တောက်ခြင်းများ ပြုလုပ် ကြောင်း၊ စတင်အလုပ်ဝင်သည့် သုံးလမှ ခြောက်လအတွင်း မည်သည့် အကြောင်းပြချက်နှင့်မဆို အလုပ်မှ ထုတ်ပယ်ခြင်းများရှိကြောင်း၊ အခြား ကျန်းမာရေးနှင့်ပတ်သက်၍လည်း မည်သို့မျှ လုပ်ဆောင်ပေးခြင်းမရှိကြောင်း၊ အထူးသဖြင့် သန့်စင်ခန်းများ မလုံလောက်သည့်အပြင်၊ ထမင်းစား ချိန် နာရီဝက်ခန့်သာပေး၍ အလုပ်ကို အချိန်ပြည့်ဆက်တိုက်လုပ်စေကြောင်း ဆန္ဒပြအလုပ်သမားများက ပြောသည်။ ဆန္ဒပြ အလုပ်သမားခေါင်းဆောင် ခုနစ်ဦးကိုလည်း စက်ရုံငှားရမ်းခ၊ အလုပ်သမားခ စသည်ဖြင့် နစ်နာမှုများ အတွက် တစ်ရက်လျှင် ကျပ် ၄၂ သိန်းနှင့် ဆန္ဒပြသည့်ရက်အလိုက်
ပေးလျော်ရန် ပြောကြောင်း အလုပ်သမားများ အတွက် ကူညီပေးနေသည့် လူတစ်ဦးက ပြောသည်။ အလုပ်သမားများက လစာ တိုးမြှင့်ရေးအတွက် ဆက်လက်ဆန္ဒပြ မည်ဖြစ်သလို အလုပ်သမား ခေါင်းဆောင်အား ပြန်လည်ခန့်အပ် ပေးစေရေး အတွက် ညှိနှိုင်းမှုမရရှိပါက ညလုံး ပေါက် ဆန္ဒပြတောင်းဆိုသွားမည်ဖြစ် ကြောင်း ပြောသည်။ စက်ရုံဘက်မှလည်း လုံခြုံရေး ရဲတပ်ဖွဲ့များကို ခေါ်ယူထားပြီး စက်ရုံ အလုပ်သမားများကိုလည်း စက်ရုံ ၀င်းထဲတွင် ခြံတံခါးများ ပိတ်လျက်ထားရှိသည်။

တင့်ဇော်ထွန်း၊ မော့ဂျေ၊
စံတော်ချိန် နေ့စဉ်သတင်းစာ