ကံ့ကော်နှင့် စိန်ပန်းတို့ဖူးပွင့်ရာ တက္ကသိုလ်ကျောင်းတော်ကြီးသည် စစ်အာဏာရှင်ခေတ်အလွန် ယခုပြန်လည်နိုးထခွင့်ရရှိလိုက်ပါပြီ။ အဓိပတိလမ်း၊ ဘွဲ့နှင်းသဘင်၊ သစ်ပုပ်ပင်၊ ဂျပ်ဆင်ဝတ်ပြုကျောင်းနှင့် အင်းလျားကန်ရေပြင်တို့သည် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများကို အသင့်ကြိုဆိုနေကြလေပြီ။
အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဦးသန့်၊ အမျိုးသားပညာဝန်ဦးဖိုးကျား၊ စာပေပညာရှင်ဆရာဇော်ဂျီ၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ စီးပွားရေးပညာရှင် ရော်နယ်ဖင်ဒလေတို့ကဲ့သို့ နယ်ပယ်အသီးသီးမှ ထူးချွန်ထက်မြက်၊ အောင်မြင်၊ ကျော်ကြားသူများကို မွေးထုတ်ပေးခဲ့သော ရန်ကုန်တက္ကသိုလ်သည် ဆယ်စုနှစ် နှစ်စုနီးပါး အသက်မဲ့သွားခဲ့ပြီးနောက် ဦးသိန်းစိန်အစိုးရက ပြန်လည်အသက်ဝင်စေခဲ့ပြီဖြစ်၏။
သစ်လွင်လှပသော အဓိပတိလမ်းမပေါ်တွင် နုနယ်ပျိုမျစ်သော ကျောင်းသား၊ ကျောင်းသူများ၏ လှုပ်ရှားမှုကို ဟိုနားတစ်စ၊ သည်နားတစ်စ မြင်တွေ့နေရသည်။
“ဂုဏ်ယူပါတယ်။ ပျော်တာပေါ့။ မထင်ထားဘူးလေ။ ဒီလိုမျိုးဖြစ်လာမယ်လို့။ အနှစ် ၂၀ နီးပါးလောက် ပိတ်ထားတယ်။ သမီးတို့နှစ်မှ ပြန်ဖွင့်တယ်။ လျှောက်တဲ့သူများတဲ့ထဲမှာ ၀င်ခွင့်အမှတ်လည်း မီသွားတယ်ဆိုတော့ အရမ်းပျော်ပါတယ်”ဟု ရန်ကုန်တက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံဘာသာရပ်သင်တန်း တက်ရောက်နေပြီဖြစ်သော မယမုံဖူးသော်က ပေါ့ပါးတက်ကြွစွာပြောသည်။
ကျောင်းဖွင့်စအချိန်ဖြစ်၍ ကျယ်ဝန်းသော ရန်ကုန်တက္ကသိုလ်နယ်မြေတွင် သက်ဝင်လှုပ်ရှားမှု နည်းပါးနေသေးသော်လည်း စာသင်ခန်းများတွင် စာသင်ကြားနေကြပြီဖြစ်သလို အဆောင်များတွင်လည်း ကျောင်းသား၊ ကျောင်းသူအချို့ရောက်ရှိနေသည်။
နာမည်ကျော်မာလာဆောင်နှင့် သီရိဆောင်တို့ကတော့ အတိတ်ကကျောင်းသူဆောင်များအဖြစ်မှ စာသင်ကြားဆောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး အင်းလျားဆောင်နှင့် ရတနာဆောင်တို့တွင် ဆရာမများရှိနေခြင်းကြောင့် တစ်ချိန်က ကျောင်းသားဆောင်များဖြစ်သော ဒဂုံဆောင်နှင့် ရွှေဘိုဆောင်တွင် ကျောင်းသူများကို လက်ခံထားရှိသည်။
ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သော ပဲခူးဆောင်အပါအ၀င် စစ်ကိုင်းဆောင်၊ အင်းဝဆောင်၊ သထုံဆောင်၊ ပင်းယဆောင်တို့သည် ကျောင်းသားအဆောင်များအဖြစ် ရှိနေသည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အငွေ့အသက်ကို ထိတွေ့ခံစားနိုင်ကြလေပြီ။ အဆောင်နေကျောင်းသားများဘ၀ကို ကိုယ်တိုင်ဖြတ်သန်းရတော့မည်ဖြစ်၏။
“ကိုလိုနီခေတ်ကတည်းကရှိနေတဲ့ တက္ကသိုလ်ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပဲခူးဆောင်မှာနေသွားတယ်။ ပညာတတ်တွေ အများကြီးမွေးထုတ်ခဲ့ဖူးတယ်လို့ သိထားတယ်။ ဦးချစ်ဆိုင်နာမည်ကြီးတာလည်း သိတယ်”ဟု အိမ်မဲမြို့မှ ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်တွင် ဥပဒေပညာသင်ယူခွင့်ရရှိထားသော မောင်မြတ်သူရဟိန်းက ပင်းယဆောင်ရှိ အိပ်ခန်းခုတင်တွင်ထိုင်ရင်း ပြုံးရွှင်စွာပြောသည်။
ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများအား အဆောင်လက်ခံရန် ကျောင်းဖွင့်ချိန်မတိုင်မီ နှစ်ပတ်အလိုတွင် ကြေညာခြင်းကြောင့် ပြင်ဆင်ချိန်အားနည်းသည်။ ဆောက်လုပ်ရေးလုပ်သားများကို နေရာအနှံ့မြင်တွေ့နေရပြီး စာသင်ဆောင်၊ အဆောင်နှင့် လျှောက်လမ်းများကို အလျင်အမြန် ပြင်ဆင်မွမ်းမံနေကြသည်။
ထို့အပြင် စာသင်ခန်းနှင့် အဆောင်ခန်းများ နေရာချထားမှုသည် အတည်မဖြစ်သေးသလို အဆောင်လခနှင့် ထမင်းလခတို့ကို တိတိကျကျ သတ်မှတ်ပြောဆိုခြင်းမရှိသေးကြောင်း ကျောင်းသား၊ ကျောင်းသူများကပြောသည်။
စစ်အုပ်ချုပ်ရေးကာလ ၁၉၉၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၏ ဘွဲ့ကြိုနှင့် အဆောင်နေကျောင်းသားများ လက်ခံမှုရပ်ဆိုင်းလိုက်ခြင်းကြောင့် စာသင်ခန်းနှင့် အဆောင်များသည် ဖုန်အလိမ်းလိမ်းနှင့် ယိုယွင်းပျက်စီးမှုဒဏ်ကို နှစ်ပေါင်းများစွာကြုံတွေ့ခဲ့၍ အချိန်ယူပြင်ဆင်ရန် လိုအပ်နေသည်။
“ဆရာတို့ကတော့ ၁၉၉၆ ခုနှစ်နောက်ပိုင်း ခြောက်သွေ့သွားတဲ့ ရန်ကုန်တက္ကသိုလ်ကြီးကို မြင်ရတိုင်းစိတ်မချမ်းသာဘူး။ အဆောင်တွေနဲ့ စာသင်ခန်းတွေ ပိတ်ထားတယ်။ တစ်ချိန်က စည်စည်ကားကားနဲ့ တက်တက်ကြွကြွရှိခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားအဆောင်တွေက ဖုန်တွေနဲ့ဖြစ်နေတယ်။ စိတ်မချမ်းသာဘူး။ ပြန်ဖွင့်မယ်ဆိုတော့ ပီတိဖြစ်ပါတယ်။ တစ်ချိန်တုန်းကရရှိခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာအဆင့်အတန်း ပြန်ရရှိမယ်လို့ ယူဆပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီး ဒီထက်ပိုစည်ကားလာမယ့် နေ့ရက်တွေကို ဆရာတို့ မျှော်လင့်နေပါတယ်”ဟု ရန်ကုန်တက္ကသိုလ်တွင် နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်ဆဲဖြစ်သော မြန်မာစာဌာန၊ အငြိမ်းစားတွဲဖက်ပါမောက္ခ ဦးမျိုးသန့်ကပြောသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိလာပြီးနောက် ၁၉၄၉ ခုနှစ်၊ ဇူလိုင်လမှစ၍ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ချက်ဥပဒေဖြင့် ရန်ကုန်တက္ကသိုလ်သည် သီးခြားကိုယ်ပိုင်အုပ်ချုပ်သည့် တက္ကသိုလ်ဖြစ်လာသည်။
၁၉၄၀ မှ ၁၉၅၀ ခုနှစ်အတွင်း ရန်ကုန်တက္ကသိုလ်သည် အရှေ့တောင်အာရှဒေသတွင် အကျော်ကြားဆုံးတက္ကသိုလ်တစ်ခုဖြစ်သလို အာရှဒေသတွင် ထိပ်တန်းအဆင့်ရှိနေခဲ့ပြီး ဒေသတွင်းကျောင်းသားများကို ဆွဲဆောင်နိုင်ခဲ့သည်။
သို့သော် ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းယူပြီးနောက် ဗိုလ်ချုပ်နေ၀င်းသည် ဆိုရှယ်လစ်လူ့ဘောင်ဦးတည်ချက်ဖြင့် ရန်ကုန်တက္ကသိုလ်ကို ဗဟိုအစိုးရချုပ်ကိုင်မှုအောက်သို့ သွတ်သွင်းခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်ကို ရန်ကုန်ဝိဇ္ဇာနှင့် သိပံ္ပတက္ကသိုလ်အဖြစ် အမည်ပြောင်းလဲစေခဲ့ပြီး ဆေးပညာ၊ စီးပွားရေး၊ ပညာရေး စသည့်ပညာရပ်များကို တက္ကသိုလ်အောက်မှ သီးခြားစီခွဲထုတ်ခဲ့သည်။
၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် တက္ကသိုလ်စည်းမျဉ်းစည်းကမ်းများ မမျှတမှုကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ငြိမ်းချမ်းစွာဆန္ဒပြမှုကို ရက်စက်စွာသတ်ဖြတ်နှိမ်နင်းခဲ့သလို ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံလည်း ဖြိုခွဲခံခဲ့ရသည်။
ထို့နောက် ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းနှင့် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံတို့ ဖြစ်ပေါ်ခဲ့ကာ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ၏ အခန်းကဏ္ဍ ကြီးမားနေခြင်းကြောင့် စစ်အာဏာရှင်တို့သည် ရန်ကုန်တက္ကသိုလ်၏ပုံရိပ်ကို မှေးမှိန်လာသည်မှ လုံးဝပျောက်ကွယ်သွားသည်ထိ ဖန်တီးခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူသွားပြီးနောက် ဦးသိန်းစိန်အစိုးရသက်တမ်း ၂ နှစ်တွင် အကြီးမားဆုံး ပညာရေးပြုပြင်ပြောင်းလဲမှုအနေဖြင့် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့၌ ထူးချွန်ကျောင်းသားများလက်ခံ၍ ဘွဲ့ကြိုမှ ပါရဂူဘွဲ့ရရှိသည်အထိ ပြုစုပျိုးထောင်သွားရန် ကြေညာခဲ့သည်။
ပထမအကြိမ်ကြေညာစဉ်က တက္ကသိုလ်တစ်ခုလျှင် ဘာသာရပ် ၂၀ အတွက် ၁၅ ဦးစီဖြင့် တက္ကသိုလ်စာမေးပွဲရမှတ် အကောင်းဆုံးရရှိထားသော ကျောင်းသား၊ ကျောင်းသူ ၃၀၀ လက်ခံရန်ဖြစ်သည်။ သို့သော် အချို့ဘာသာရပ်များတွင် လျှောက်ထားသူ သိသိသာသာနည်းပါးနေခြင်းကြောင့် ၀င်ခွင့်လျှောက်လွှာ ထပ်မံဖိတ်ခေါ်ရမည့်အခြေအနေ ဖြစ်ပေါ်ခဲ့သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားဦးရေလက်ခံမှုကို ဝေဖန်လိုက်ခြင်းကြောင့် ဘာသာရပ်တစ်ခုလျှင် ကျောင်းသား ၅၀ ဦးထိ တိုးမြှင့်ခေါ်ယူရန် ထပ်မံကြေညာခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲရမှတ် သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်သည်။
ဒီမိုကရေစီကူးပြောင်းစ မြန်မာနိုင်ငံ၏အသီးအပွင့်အဖြစ် သမိုင်းအစဉ်အလာကြီးမားသော ရန်ကုန်တက္ကသိုလ်တွင် မျိုးဆက်သစ်ကျောင်းသားများ လွတ်လပ်စွာပညာသင်ယူရန် အခွင့်အလမ်းဖြစ်ပေါ်မှုသည် ကျောင်းသားနှင့်မိဘများ ပညာရေးအပေါ် ပိုမိုစိတ်အားထက်သန်စေခဲ့သည်။
“နိုင်ငံတကာအဆင့်အတန်းမီအောင် နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်သင်ကြားပေးမယ်။ တကယ်တတ်တဲ့ပညာရှင်တွေ မွေးထုတ်ပေးမယ်။ အဲဒီလို သတင်းတွေကြားတယ်လေ။ အဲဒီအတိုင်းဖြစ်မယ်ဆိုရင်တော့ ဒီကိုလာရကျိုးနပ်မယ်လေ။ ကြိုးစားရင်ကြိုးစားသလောက် ဖြည့်ဆည်းပေးမယ့်အစီအစဉ်ရှိတော့ ပျော်ပြီးတော့လာတာပါ။ နောက်ပိုင်းအခြေအနေတွေကတော့ စောင့်ကြည့်ရမှာပေါ့”ဟု ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့သော မော်လမြိုင်မြို့မှ ကျောင်းသူတစ်ဦး၏ဖခင်ကဆိုသည်။
ပညာရေးဝန်ကြီးဌာန၏အစီအမံများသည် မြန်ဆန်၍ ပြောင်းလဲမှုများရှိနေခြင်း၊ မူဝါဒချမှတ်ဆောင်ရွက်မှု အားနည်းခြင်းတို့အပေါ် ပညာရှင်များက ဝေဖန်မှုရှိနေပြီး အချိန်ယူဆောင်ရွက်ရမည်ဟု သုံးသပ်ကြသည်။
“အချိန်တော့ယူရမယ်။ တစ်ချိန်က ရန်ကုန်တက္ကသိုလ်ရဲ့ပုံရိပ်ကို ပြန်ဖော်ရမှာပေါ့။ အဆင့်အတန်းမြင့်လာဖို့ ဆရာတွေပေါ်မှာလည်း မူတည်တယ်။ ကျောင်းသားတွေပေါ်မှာလည်း မူတည်တယ်။ အစိုးရက အခွင့်အလမ်းတွေဖွင့်ပေးဖို့လည်း အရေးကြီးတယ်။ တက်ညီလက်ညီဖြစ်လာရင်တော့ ရန်ကုန်တက္ကသိုလ်က ပြန်ရှင်သန်လာမယ်။ သင်ကြားရေးအဆင့်အတန်းတွေ မြင့်လာမယ်။ အရင်ကလို နိုင်ငံတကာအဆင့်အတန်းကို ပြန်ရလာမှာသေချာပါတယ်။ ဒါပေမဲ့ ကြိုးစားရမှာပေါ့”ဟု ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် (အငြိမ်းစား)နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်ကပြောသည်။
ရန်ကုန်တက္ကသိုလ် ပြန်လည်ဖွင့်လိုက်သော်လည်း ကျောင်းသားဦးရေ ကန့်သတ်လက်ခံမှုကြောင့် တက္ကသိုလ်ပရိဝုဏ်အတွင်း လှုပ်ရှားသက်ဝင်မှု ရုတ်ခြည်းပြောင်းလဲနိုင်မည် မဟုတ်သေးပေ။ သို့သော် တစ်နှစ်ပြီးတစ်နှစ် ကျောင်းသားဦးရေ တိုးမြှင့်လာမည်ဖြစ်သလို တက္ကသိုလ်အုပ်ချုပ်သူများ၏ စွမ်းဆောင်ရည်များသည် လေးနှစ်ကြာကာလတွင် ရန်ကုန်တက္ကသိုလ်၏အသွင်သဏ္ဍာန်ကို သိသာထင်ရှားစေမည်ဟု ၎င်းကသုံးသပ်သည်။
ရန်ကုန်တက္ကသိုလ်၏အနာဂတ် ပိုမိုရှင်သန်ခိုင်မာလာစေရန် တက္ကသိုလ်အုပ်ချုပ်သူ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူနှင့် အစိုးရတို့၏ လှုပ်ရှားဆောင်ရွက်မှုများက အဆုံးအဖြတ်ဖြစ်စေမည်ဟု ပညာရှင်များကသုံးသပ်သည်။ တစ်ချိန်က ဂုဏ်သိက္ခာမြင့်မားခဲ့သော ရန်ကုန်တက္ကသိုလ်ကြီး၏ ဂုဏ်သတင်းနှင့်အညီ နိုင်ငံ့ခေါင်းဆောင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လူမှုခေါင်းဆောင်များ ပြန်လည်မွေးထုတ်ပေးနိုင်မည်လား။ မြန်မာတစ်နိုင်ငံလုံးသာမက နိုင်ငံတကာကပါ စောင့်မျှော်ကြည့်ရှုနေကြသည်။
ရေးသားသူ- နေလင်းထွန်း ။ 7Day News Journal