Home » » ရောမမြို့တွင် ကျင်းပမည့် ကမ္ဘာ့အမျိုးသမီးရေးရာ ဆွေးနွေး ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

ရောမမြို့တွင် ကျင်းပမည့် ကမ္ဘာ့အမျိုးသမီးရေးရာ ဆွေးနွေး ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

Written By Unknown on Monday, December 9, 2013 | 12:48 PM

ရန်ကုန်၊ ဒီဇင်ဘာ ၈

အီတလီနိုင်ငံ ရောမမြို့တွင် ကျင်းပမည့် ကမ္ဘာ့ အမျိုးသမီးရေးရာ ဆွေးနွေးပွဲသို့ အီတလီ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၇ ရက်နေ့က အီတလီနိုင်ငံ အခြေစိုက် AGI သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပသည့် ကမ္ဘာ့အမျိုးသမီး ဖိုရမ်သို့ တက်ရောက်ရန် ရောက်ရှိခဲ့သည့် အီတလီနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Marta Dassu က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အီတလီနိုင်ငံ အစိုးရကိုယ်စား ယင်းသို့ ဖိတ်ခေါ်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။

အီတလီ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ၂၀၁၅ ခုနှစ်တွင် အီတလီနိုင်ငံ၌ ကျင်းပခွင့် ရရှိသည့် ဒုတိယအကြိမ် နိုင်ငံတကာ အမျိုးသမီးရေးရာ ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကတိပေး ပြောကြားခဲ့သည်ဟု ယင်းသတင်း စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ နိုင်ငံတကာ အမျိုးသမီးရေးရာ ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲကို ၅ နှစ်တစ်ကြိမ် ကျင်းပခြင်း ဖြစ်ပြီး ပထမဦးဆုံး အခမ်းအနားကို ၂၀၁၀ ခုနှစ် မေလက အီတလီနိုင်ငံ မီလန်မြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာ အမျိုးသမီးရေးရာ ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲ ကျင်းပရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ကမ္ဘာအနှံ့ရှိ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးရေး ဆိုင်ရာ စီမံကိန်းများကို နိုင်ငံတကာမှ အမျိုးသမီးများက ပူးပေါင်း မြှင့်တင် ဆောင်ရွက်ရန် ဖြစ်ကြောင်း အခမ်းအနား ကျင်းပရေး ကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

အီတလီ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည့်အပြင် အီတလီနိုင်ငံ၏ ထောက်ပံ့ရေး အစီအစဉ် များကိုလည်း ပြောကြားခဲ့ကြောင်း အီတလီ သတင်းမီဒီယာ အချို့တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ် အောက်တိုဘာ လကုန်ပိုင်းက အီတလီနိုင်ငံသို့ ပထမဦးဆုံး အကြိမ် ရောက်ရှိ ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်း အနစ်နာခံခဲ့မှုများကို ဂုဏ်ပြုသည့် အနေနှင့် အီတလီအစိုးရက ချီးမြှင့်သော ဂုဏ်ထူးဆောင် ရောမနိုင်ငံသားဆုကို လက်ခံရယူခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ အီတလီနိုင်ငံ ခရီးစဉ်အတွင်း အီတလီနိုင်ငံ ဗာတီကန်မြို့တော်၏ အချုပ်အခြာ အာဏာပိုင် ပုပ်ရဟန်းမင်းကြီး Francis၊ အီတလီ နိုင်ငံခြားရေးဝန်ကြီး Emma Bonino၊ အီတလီသမ္မတ Giorgio Napolitano တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

The Voice Weekly