Home » » ရိုဟင်ဂျာ ဘင်္ဂါလီများကို ထိုင်းရေတပ်က တရားမဝင် ခိုးသွင်းသည်ဟု သတင်းရေးသူ နှစ်ဦးကို ထိုင်းရေတပ်တရားစွဲ

ရိုဟင်ဂျာ ဘင်္ဂါလီများကို ထိုင်းရေတပ်က တရားမဝင် ခိုးသွင်းသည်ဟု သတင်းရေးသူ နှစ်ဦးကို ထိုင်းရေတပ်တရားစွဲ

Written By Unknown on Thursday, December 26, 2013 | 1:41 AM

ဘန်ကောက်၊ ဒီဇင်ဘာ ၂၄

ပင်လယ်ပြင်တွင် ထွက်ပြေး သွားလာနေကြသော ရိုဟင်ဂျာ (ဘင်္ဂါလီ) လူမျိုးများကို ထိုင်းရေတပ်က ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးသွင်းလာကြောင်း ဆောင်းပါး ရေးသားခြင်းနှင့် ပတ်သက်၍ သတင်းသမား နှစ်ဦးကို ထိုင်းရေတပ်က တရားစွဲဆို လိုက်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ဖူးခက်ပြည်နယ်ရှိ သတင်းဝက်ဘ်ဆိုက် တစ်ခုဖြစ်သော Phuketwan တွင် ဇူလိုင်လ ၁၇ ရက်နေ့က သတင်းဆောင်းပါး တစ်ပုဒ်ဖော်ပြထားပြီး၊ ယင်းဆောင်းပါတွင် Reuters သတင်းဌာနက ရေးသားဖော်ပြသော ‘ထိုင်းရေတပ်သည် ဘင်္ဂါလီ ရိုဟင်ဂျာများကို လူကုန်ကူးခြင်းဖြင့် အကျိုးအမြတ် ရရှိလျက် ရှိကြောင်း’ သတင်းကို ကိုးကားဖော်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ Phuketwan သတင်းဝက်ဘ်ဆိုက်၏ အယ်ဒီတာဖြစ်သော သြစတြေးလျဝါရင့် သတင်းသမား အလန်မော်ရစ်ဆင်နှင့် ထိုင်းသတင်းထောက် Chutima Sidasathian တို့နှစ်ဦးကို ထိုင်းရေတပ်က တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဂျာနယ်လစ်နှစ်ဦးကို ထိုင်းရေတပ်က အသရေဖျက်မှုနှင့် ကွန်ပျူတာ ရာဇဝတ်မှုများဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်ပြီး၊ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ငါးနှစ်ထိ ကျခံရမည် ဖြစ်သည်။

ထိုင်းရေတပ်က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် တရားစွဲဆိုခဲ့ပြီး၊ နောက်နှစ်ရက် အကြာတွင် အဆိုပါ ဂျာနယ်လစ်နှစ်ဦးမှာ ဖူးခက် ရဲစခန်းသို့ သွားရောက်၍ လက်ဗွေ ပုံစံပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထိုင်းရေတပ်၏ စွပ်စွဲချက်များကို ငြင်းဆိုကြောင်း တရားစွဲဆို ခံထားရသည့် ဂျာနယ်လစ်တစ်ဦး ဖြစ်သည် သြစတြေးလျ ဝါရင့် သတင်းထောက် အလန်မော်ရစ်ဆင်က ပြောကြားသည်။

ယခုကဲ့သို့ ဂျာနယ်လစ်များကို တရားစွဲဆိုခြင်းသည် ထိုင်းနိုင်ငံရှိ လွတ်လပ်စွာ ပုံနှိပ်ဖော်ပြခွင့်ကို ခြိမ်းခြောက်ခြင်း ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ မူလသတင်းဖြစ်သော Reuters မှ ဂျာနယ်လစ်များ အနေနှင့်လည်း တရားစွဲဆိုခံရဖွယ် ရှိကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောကြားသော်လည်း ယခုချိန်ထိ တရားစွဲဆိုမှုနှင့် ပတ်သက်သော သတိပေးချက် မရရှိသေးကြောင်း Reuters သတင်းဌာနက ပြောကြားသည်။

ထိုင်းရေတပ်သည် မီဒီယာများကို ပိတ်ပင်တားဆီးရန် မီဒီယာသမားများ၏ တာဝန် ထမ်းဆောင်ခြင်းကို ခြိမ်းခြောက်ရန် ရည်ရွယ်ချက် မရှိကြောင်း၊ ယခုကဲ့သို့ တရားစွဲဆိုခြင်းသည် မိမိတို့အဖွဲ့အစည်းကို မဟုတ်မမှန် စွပ်စွဲခြင်းမှ ကာကွယ်ရန် ကြိုးပမ်းခြင်းသာ ဖြစ်ကြောင်း ထိုင်းစစ်တပ်မှ အမည်မဖော်လိုသော တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly