Home » » အကျဉ်းသား ၄၄ဦးယနေ့လွှတ်မည်၊ ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ ဖြင့် အဖမ်းခံထားရသူအများစုပါဝင်

အကျဉ်းသား ၄၄ဦးယနေ့လွှတ်မည်၊ ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ ဖြင့် အဖမ်းခံထားရသူအများစုပါဝင်

Written By Unknown on Wednesday, December 11, 2013 | 1:45 PM

နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဒီဇင်ဘာလ ၁၁ရက်တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၁၃ခုမှ ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်မှု (စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈)၊ အများပြည်သူအကျိုးပျက်ဆီးမှုကို ဖြစ်ပေါ်စေသောဖော်ပြချက်(ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅) တို့ဖြင့် ပြစ်ဒဏ်ကျခံနေသူ အများစု အပါအ၀င် စုစုပေါင်း အကျဉ်းသား ၄၄ဦး လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဟု အကျဉ်းဦးစီးဌာန စာရင်းများကဆိုသည်။

အဆိုပါစာရင်းတွင် လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီ၏ စာရင်းတွင် မပါဝင်သူ ၃ဦးကိုလည်း အင်းစိန်ထောင်မှ လွှတ်ပေးမည်ဖြစ်သည်။  ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ပြုမည့် စာရင်းတွင် လက်ပံတောင်း သပိတ်စခန်းဖြိုခွင်းခံရမှုအပေါ် ယမန်နှစ် ဒီဇင်ဘာလ ၁ရက် ရန်ကုန်၌ ကန့်ကွက်ဆန္ဒပြခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ကိုဒီငြိမ်းလင်း၊ ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားသူ ကိုထင်ကျော်၊ သိမ်ဇရပ်ရှိ အိမ်ယာမဲ့များ မြေယာရရှိရေး ဆောင်ရွက်ခဲ့သူ ဦးမြင့်စိုး တို့လည်း ပါဝင်သည်။

ဒီဇင်ဘာလ ၁၁ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ရမည့်သူများသည် အင်းစိန်ထောင်မှ ၁၄ဦး၊ ပုသိမ်ထောင်မှ ၂ဦး၊ မန္တလေးထောင်မှ ၁ဦး၊ ဘားအံထောင်မှ ၁ဦး၊ တောင်ကြီးထောင်မှ ၁ဦး၊ မြစ်ကြီးနားထောင်မှ ၁ဦး၊ တောင်ငူထောင်မှ ၁ဦး၊ ဘူးသီးတောင်/မောင်တောထောင်မှ ၁ဦး၊ သာယာဝတီ ထောင်မှ ၂ဦး၊ သထုံထောင်မှ ၁၀ဦး၊ ကော့သောင်းထောင်မှ ၄ဦးနှင့် ပဲခူးထောင်မှ ၆ဦးတို့ ဖြစ်သည်။

မဇ္ဈိမသတင်းဌာန