Home » » အာရုံကြောဆေးအစား ပိုလိုဆေးမှားသောက်သူ မိန်းကလေးသေဆုံး

အာရုံကြောဆေးအစား ပိုလိုဆေးမှားသောက်သူ မိန်းကလေးသေဆုံး

Written By Unknown on Wednesday, December 11, 2013 | 1:37 PM

ဇော်ဇော်ထွေး|ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၁၃ ခုနှစ်

အာရုံကြောဆေးအစား ပိုလိုပေါင်းသတ်ဆေးကို မှားယွင်းသောက်သုံးမိသူ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်မှ လယ်ကူလီ အမျိုးသမီးငယ်တစ်ဦးသည် ဒီဇင်ဘာ ၈ ရက် ညနေကသေဆုံးသွားသည်ဟု တိုင်းရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်က သုံးခွမြို့နယ်၊ ညောင်နီရွာနေ လယ်ကူလီ တစ်ဦးဖြစ်သူ မစိမ်းအိဖြူ ၁၈ နှစ်ကို သုံးခွဆေးရုံသို့ ပို့ဆောင်ရာတွင် ဆေးရုံရောက်ရှိသည့် အချိန်၌ သေဆုံးနေပြီး စစ်ဆေးရာတွင် သေဆုံးသူမှာ ပြင်ပဒဏ်ရာ မတွေ့ရှိရပဲ ပါးစပ်မှ ပိုးသတ်ဆေးနံ့ရသဖြင့် သေဆုံးသူ၏ မိသားစုကို မေးမြန်းကြည့်ရာ သေဆုံးသူသည် အတက်ရောဂါရှိကြောင်းနှင့် အာရုံကြော ဆေးသောက်နေရသူဖြစ်ကြောင်းသိရှိရသည်။

အဆိုပါဖြစ်စဉ်ကို သုံးခွမြို့နယ် ရဲစခန်းမှ စစ်ဆေးရာတွင် ဒီဇင်ဘာ ဂရက် ၁၁ နာရီ ၄၅ မိနစ်အချိန်က မစိမ်းအိဖြူသည် လယ်ခင်းမှ အိမ်သို့ပြန်လာကာ ထမင်းစားပြီး ဆေးသောက်ရာ ပိုလိုပေါင်းသတ်ဆေး ဘူးနှင့် မှားယွင်းသောက်မိကြောင်း ၎င်း၏ ဦးလေးတော်စပ်သူ ဦးတင်ဌေး၏ ပြောပြချက်အရ ကနဦး အနေဖြင့် သိရှိထားရသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

သေဆုံးသူသည် ဆေးပြားများကို ရေနှင့်ဖျော်ကာ သောက်သုံးကြောင်းနှင့် အခင်းဖြစ်နေ့ နံနက်ပိုင်းက ဆေးပြားများအား ရေဖျော်၍ ရေသန့်ဘူးငယ်တွင်ထည့်ပြီး လယ်ထဲဆင်းခဲ့သည်ဟု မှုခင်းမှတ်တမ်း တွင်တွေ့ရသည်။

ယင်းသေဆုံးမှုကို ဆေးရုံမှ လက်ခံစစ်ဆေးနေပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေး ဖော်ထုတ်ပေးရန် ဒု-ရဲအုပ် လင်းအောင်က တရားလိုပြုလုပ်ကာ သေမှုသေခင်းအမှတ်စဉ် ၃၂ (ရ) ၂၀၁၃ ဖြင့် အမှုဖွင့်ပြီး သုံးခွရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး စောဝင်းက အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese