ခေါင်းစဉ်ကို မြင်လိုက်သည်နှင့် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုဖြစ်စဉ် များတွင် ရိုက်ခတ်မှုဖြစ်စေသော အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့ကို ပြေးမြင်ကြမည်ဟု ထင်မိပါသည်။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ အရေးအခင်းများ၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် လက်ပံတောင်းဒေသခံ တို့ ၏ ပဋိပက္ခများက သတင်းစာမျက်နှာများ ထက်တွင် ပလူပျံနေချိန်၌ မြန်မာနိုင်ငံသည် သတိထားရမည့် အိမ်နီးချင်းတစ်ဦး ဖြစ်သော ထိုင်းနိုင်ငံကို မေ့လျော့နေနိုင်ပါသည်။ သို့တည်းမဟုတ် ထူးထူးခြားခြား သတင်းများကို မရိပ်စားမိသောကြောင့် သော်လည်းကောင်း၊ ထူးခြားမှုများက အချိန်ကြာမြင့်လာ သောအခါ ရိုးအီသွားပြီး သတင်း မဟုတ်တော့ဟု ယူဆ သောကြောင့်သော် လည်းကောင်း ဖြစ်နိုင်ပါသည်။ သို့သော် ထိုင်းနိုင်ငံသည် မြန်မာတို့ အမှန်တကယ် သတိပြုရတော့မည့် အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာနေပါပြီ။
ထိုင်းသည် မြန်မာနှင့် အိမ်နီးချင်းဖြစ်ပြီး အခြေခံယဉ်ကျေးမှု အချို့ တူညီမှုရှိပါသည်။ အလောင်းမင်းတရား ဦးအောင်ဇေယျ လက်ထက် အယုဒ္ဓယကို ချီတက်သိမ်းပိုက်ရာမှ ယဉ်ကျေးမှုဓလေ့အချို့ ပြည်တွင်းသို့ ပျံ့နှံ့ခဲ့ပါသည်။ ဤသို့ ဖြင့် ယဉ်ကျေးမှုများ ဒွေးရောယှက်တင် ဖြစ်လာသည်။ မည်သည့် ယဉ်ကျေးမှုက မည်သည့်နိုင်ငံတွင် စတင်သည် ဆိုသောအချက်က သမိုင်းကြောင်း အထောက်အထား ခိုင်လုံမှသာ သက်သေပြနိုင် ပေတော့မည်။ ရှေး ယခင်က ယဉ်ကျေးမှု မူပိုင်ခွင့် ဟူသည် အရေးမကြီးဟု ထင်ရသော်လည်း ယခုအခါ အရေးကြီးလာပါပြီ။ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် နယ်နိမိတ် နီးကပ်နေသည့် ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ပို၍ သိသာလာပါသည်။
ယခု ၂၀၁၃ ဒီဇင်ဘာ ၄ ရက်နေ့က မွန်ပြည်နယ် မုတ္တမမြို့တွင် မြေကျင်းတူးရာမှ ၁၃ ရာစုလက်ရာ မြေအိုးဟောင်းများ တူးဖော်ရရှိခဲ့ကြောင်း သတင်းများ တွေ့ရပါသည်။ သမိုင်းကြောင်းအရ တွံတေး၊ ပဲခူး၊ မုတ္တမမြို့ တို့သည် စဥ့်ထည်များဖြင့် အိုးမြို့တော်ဟု အရှေ့တောင် အာရှနိုင်ငံများတွင် ကျော်စောပြီး ဖြစ်ပါသည်။ မုတ္တမမြို့မှ မုတ္တမအိုးများသည် သီးခြား ကွဲထွက်နေသော ဟန်ပန်နှင့် ထင်ရှားပြီးဖြစ်သော်လည်း ထိုင်းနိုင်ငံ၏ ရှေးဟောင်းပစ္စည်းများ သဖွယ် ထင်မှတ်မှား ဖော်ပြခြင်း ခံနေရပါသည်။
တစ်ချိန်က ဆိုရှယ်လစ်ခေတ် မှသည် ယနေ့အထိ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ ထားစဉ်က မြန်မာ့သယံဇာတ တော်တော်များများသည် ထိုင်းနိုင်ငံသို့ မှောင်ခိုလမ်းကြောင်းမှ တစ်ဆင့် ရောက်ရှိသွားခဲ့သည်။ တန်ဖိုးရှိသော်လည်း တန်ဖိုးမသိ သောကြောင့် သော်လည်းကောင်း၊ ဈေးပိုရ၍ သော်လည်းကောင်း မြေအောက်မှ ရသမျှ ရှေးဟောင်းပစ္စည်းများသည် ထိုင်းနိုင်ငံသို့ တရား မဝင် ရောက်ရှိရာမှ နိုင်ငံတကာ အမြင်တွင် ထိုင်းရိုးရာ ရှေးဟောင်းအမွေအနှစ် များဟု ထင်မှတ်မှားခဲ့ရခြင်း ဖြစ်ပါသည်။
စီးပွားရေး ပိတ်ဆို့ခံရပြီးနောက် မှောင်ခိုလမ်းကြောင်းမှ တစ်ဆင့် ကုန်သွယ်ရာမှ မြန်မာနိုင်ငံအတွက် သယံဇာတ ဆုံးရှုံးမှု သိသိသာသာ တွေ့ရသော်လည်း ယဉ်ကျေးမှုဆုံးရှုံးမှုက တရိပ်ရိပ်နှင့် ပို၍ ကြီးမားလာနေသည်ကို သတိပြုမိသူ နည်းနေပါသည်။ သယံဇာတ ဖြစ်သော ကျွန်းသစ်များ၊ ကျောက်မျက်များ အားလုံးသည် ထိုင်းနိုင်ငံမှ ထွက်ရှိသယောင်ဖြင့်သာ ကမ္ဘာ့ဈေးကွက်ကို ရောက်ရှိခဲ့သည်။ ပို့ကုန်ပစ္စည်း မှန်သမျှ ထိုင်းနိုင်ငံမှ ထွက်ရှိသယောင် Made in Thailand တံဆိပ်ကပ် ခဲ့ရသည့်အတွက် မြန်မာတို့ နစ်နာခဲ့ရပေါင်း များပြီ။ ဆယ်စုနှစ်များစွာ ကြာပြီးနောက် စီးပွားရေးပိတ်ဆို့မှုများ ဖြေချလိုက်ချိန်တွင် မြန်မာ့သယံဇာတက ကုန်သလောက် ရှိနေပြီး ထိုင်းနိုင်ငံအတွက်မူ အကျိုးအမြတ်များစွာ ကျန်နေခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မူပိုင်ခွင့်ဆုံးရှုံးမှု ဖြစ်ရပ်များစွာ ရှိနေပါ သေးသည်။ ကယားပြည်နယ်မှ ကယန်း(သို့မဟုတ်) ပဒေါင်လူမျိုးများ သည်လည်း သာဓကတစ်ခု ဖြစ်ပါသည်။ ရေမြေဒေသ အရသော်လည်းကောင်း အကြောင်းကြောင်းကြောင့် သော်လည်းကောင်း မြန်မာတိုင်းရင်းသား လူမျိုးစုဝင် ကယန်းလူမျိုး များသည် ထိုင်းနယ်စပ်သို့ ရောက်ရှိ အခြေချနေထိုင် ခဲ့ကြသည်။ လည်ပင်း ကြေးကွင်းစွပ်သော ထူးဆန်းသည့် ဓလေ့ကို အကြောင်းပြု၍ ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် ပဒေါင်လူမျိုးများကို လေ့လာစရာ တစ်ခုအဖြစ် ထည့်သွင်းပြီး ၄င်းတို့ တိုင်းရင်းသားဖြစ်သယောင် ဖော်ပြမှု များလည်း ရှိနေပါသည်။ ဤသို့ဖြင့် ထိုင်းနိုင်ငံအတွက် ခရီးသွားလုပ်ငန်းမှ ဝင်ငွေတိုးသော်လည်း မြန်မာတိုင်းရင်းသား ကယန်းလူမျိုးတို့ မှာမူ အထူးအဆန်း သတ္တဝါသဖွယ် နှိမ်ချ ဆက်ဆံခံရမှုများလည်း ရှိနေသည်။ ဒုက္ခသည်အဖြစ် လျှောက်ထားသော်လည်း နိုင်ငံတွင်းမှ ထွက်ခွာခွင့်ကို မပေးသလို၊ မြန်မာအစိုးရက ပဒေါင်ဒုက္ခသည် များကို နိုင်ငံသို့ ပြန်လည်လွှဲပြောင်းရန် တောင်းဆိုသော်လည်း ဂရုမစိုက်ခြင်း မျိုးများနှင့် ကြုံတွေ့နေရသည်။ မိမိတိုင်းရင်းသား ဖြစ်ပါလျက်နှင့် သူများနိုင်ငံက ခေါင်းပုံဖြတ်ပြီး ရုံသွင်းပြ စားနေသော ဖြစ်ရပ်မျိုးမှာ နာကြည်းဖွယ် ကောင်းလှသည်။
ထို့အပြင် ဒီဇင်ဘာလ ၃ ရက်နေ့ က ဂျပန်နိုင်ငံသို့ Miss International ၂၀၁၃ တွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဂုဏ်ရည်အေးကျော် က မြန်မာ့ရိုးရာ ကိန္နရာဝတ်စုံဖြင့် ဝတ်ဆင် အလှပြခဲ့သည်ကို ထိုင်းလူမျိုးများ က ၄င်းတို့၏ ရိုးရာဝတ်စုံ ဖြစ်သည်ဟု ဝေဖန်ကြသည် ကိုလည်း သိမြင်ရပါ သည်။ စည်းပုံ၊ လက်ကျပ် တန်ဆာများနှင့် မြန်မာ့ရိုးရာ ဝတ်စုံဖြစ်သော်လည်း ထိုင်းရိုးရာ ဟုသာ နိုင်ငံတကာက ရှုမြင်နေကြပြီး မြန်မာဝတ်စုံဟု လက်မခံနိုင်ဘဲ ရှိနေကြ သည်ကိုလည်း သိရပါသည်။ ဤသို့ဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အချို့ကို ထိုင်းယဉ်ကျေးမှု အဖြစ် နိုင်ငံတကာက ထင်မှတ်မှားမှုများ များပြား လာသည်မှာ သိသိသာသာ မြင်တွေ့လာရပါသည်။
မူပိုင်ခွင့် ရရှိခြင်းသည် နိုင်ငံ၏ ယဉ်ကျေးမှုတွင်သာမက အဘက်ဘက်တွင် အရေးကြီးပါသည်။ အားကစားဘက်တွင် မြန်မာ့ရိုးရာ လက်ဝှေ့နှင့် ထိုင်းရိုးရာ မွေထိုင်းဟုခေါ်သော လက်ဝှေ့ကစားနည်းတို့ ကွာခြားမှု သိသာစွာ မရှိသော်လည်း နိုင်ငံတကာကို ကျယ်ပြန့်အောင် လုပ်နိုင်မှုခြင်း မတူညီသည်ကို သတိပြုသင့်ပါသည်။ ထိုင်းတို့က ကျယ်ပြန့်စွာ ပြုလုပ်နိုင်ပြီး နိုင်ငံတကာ အားကစားကို ထိုးဖောက်နိုင်ခဲ့သည့် အတွက် ခရီးသွားလုပ်ငန်း ကို မြှင့်တင်ခဲ့ပြီး နိုင်ငံဝင်ငွေ တိုးတက်စေနိုင် ခဲ့ပါသည်။ မြန်မာ့ရိုးရာ လက်ဝှေ့ကို မွေထိုင်းဟု ထင်မှတ်မှားနေခြင်း ကြောင့် မြန်မာ့ရိုးရာ အားကစားတစ်ခု နိုင်ငံတကာအမြင်တွင် တိမ်မြှုပ်သွားစေနိုင် ပါသည်။
များမကြာမီ ၂၀၁၅ သို့ရောက်တော့မည်။ ၂၀၁၅ သည် ရွေးကောက်ပွဲ ကြီးကြောင့် နိုင်ငံ့ခေါင်းဆောင်များ၊ ပြည်သူများ ရင်ခုန်ရမည့် ခုနှစ်တစ်ခု ဖြစ်ပါသည်။ သို့သော် ၂၀၁၅ ဒီဇင်ဘာ ၃၁ တွင် စတင် အသက်ဝင်မည့် AFTA ဟုခေါ်သော အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုစာချုပ်ကို မေ့လျော့ နေကြသည်။ မိမိဒေသထွက် ပို့ကုန်များကို လွတ်လပ်စွာ တင်ပို့ခွင့်က အလွန်ကြီးမားသော စီးပွားရေး အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်။ သို့သော် မြန်မာပြည်သူတို့ မျက်စိပွင့် နားဖွင့်ရန် လိုပါသည်။
မိမိနိုင်ငံပိုင် မျိုးရင်း သဘာဝထွက်ကုန် များကို မူပိုင်ခွင့် မှတ်ပုံတင်နိုင်ရန် အရေးကြီးပါသည်။ စိန်တလုံး သရက်မျိုးရင်း၊ ရွှေဘိုပေါ်ဆန်း မျိုးရင်း၊ သနပ်ခါး၊ ရှားပါး သစ်ခွ မျိုးစိတ်အချို့ စသော ဒေသတွင်း မျိုးရင်းများသည် အခြားနိုင်ငံတွင် မရှိသော မိမိနိုင်ငံပိုင် မျိုးရင်းများ ဖြစ်ပါသည်။ မိမိနိုင်ငံပိုင် မျိုးရင်းဖြစ်ပါလျက်နှင့် အိမ်နီးချင်းနိုင်ငံက ပိုင်ဆိုင်သယောင် မှတ်ပုံတင် မူပိုင်ခွင့် လျှောက်ထားခဲ့ပါလျှင် မြန်မာတို့ ဆုံးရှုံးနစ်နာစရာ အများကြီး ဖြစ်လာနိုင်ပါသည်။ ပညာရှင်များ အနေနှင့်လည်း ဤအကြောင်းအရာ များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်သည်ဟု ထင်ပါသည်။ ကြိုတင် ပြင်ဆင်သင့်သည် များလည်း ပြင်ဆင်ရန် အချိန်တန်ပါပြီ။ လက်နှေးနေပါက မိမိနိုင်ငံ၏ မူပိုင်ခွင့်များ ဆက်လက် ဆုံးရှုံးနေရပါလိမ့်မည်။
ယဉ်ကျေးမှု၊ အားကစား၊ စီးပွားရေး အဘက်ဘက်တွင် မြန်မာနိုင်ငံ မူပိုင်ခွင့်များ ဆုံးရှုံးနေပြီး ထိုင်းနိုင်ငံပိုင် အဖြစ် ပုံမှားရိုက် ခံနေရခြင်းက ရေရှည်တွင် ကြီးမားသော ထိုးနှက်မှု ဖြစ်လာနိုင်ပေသည်။ ဤသို့ဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသည် သေချာ စောင့်ကြည့်ရမည့် နိုင်ငံတစ်ခု ဖြစ်လာသည်မှာ ငြင်းမရသော အချက်ပင် ဖြစ်ပါတော့သည်။
The Voice Weekly