Home » » ရန်ကုန်တိုင်းအတွင်း လူကုန်ကူးမှုများတွင် တရုတ်မယားအဖြစ် ရောင်းစားမှု အများဆုံးပါဝင်

ရန်ကုန်တိုင်းအတွင်း လူကုန်ကူးမှုများတွင် တရုတ်မယားအဖြစ် ရောင်းစားမှု အများဆုံးပါဝင်

Written By Unknown on Thursday, December 19, 2013 | 12:57 PM

ဒီဇင်ဘာလ ၁၉ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၃ ခုနှစ်

ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးခံရမှုများတွင် တရုတ်မယားအဖြစ် ရောင်းစားမှု အများ ဆုံးပါဝင်နေသည်ဟု တိုင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှ တိုင်းအဆင့်အရာရှိတစ်ဦးက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်းအတွင်း ဇန်န၀ါရီလ ၁ ရက်မှ ယနေ့အချိန်ထိ လူကုန်ကူးမှု ပေါင်း ၁၈ မှုထိ ဖြစ်ပွားထားပြီး လူကုန်ကူးခံရသူ အမျိုးသမီး ၁၆ ဦးနှင့် အမျိုးသား ၃၂ ဦးထိရှိခဲ့ကာ လူကုန်ကူးမှု ကျူးလွန်သူ အမျိုး သား ၁၀ ဦး၊ အမျိုးသမီး ၂၈ ဦး ပါဝင်ခဲ့သည်။

“အဓိကတော့ တရုတ်ပြည်ကို တရုတ်မယားအဖြစ် မြန်မာမိန်းကလေးတွေကို ပို့ဆောင်ရောင်းစားခံရမှု တွေက အများဆုံးဖြစ်ပွားတယ်” ဟု အထက်ပါ တိုင်းအဆင့်အရာရှိက ဆိုသည်။

ယခုနှစ်အတွင်း ရန်ကုန်တိုင်းအတွင်း လူကုန်ကူးမှုများတွင် မြောက်ဥက္ကလာပ နှင့် ရွှေပြည်သာမြို့ နယ်တို့၌ လူကုန်ကူးခံရမှု လေးမှုစီဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး မင်္ဂလာဒုံနှင့် အင်းစိန်မြို့နယ်တို့တွင် နှစ်မှုစီဖြင့် ဒုတိယအများဆုံးနေရာမှ ပါဝင်နေသည်။

ယင်းလူကုန်ကူးမှုများထဲတွင် ပြည်ပ အလုပ်အကိုင်ရှာဖွေရေးတရားဝင် ခွင့်ပြု ချက် လိုင်စင်မရှိဘဲ အလုပ်သမား စေ လွှတ်ခဲ့သဖြင့် ပြည်ပအလုပ်အကိုင် အက်ဥပဒေပုဒ်မ ၁၆ ဖြင့် အရေးယူခဲ့ ရမှုမှာ ၁၄ မှုထိ ပါဝင်ခဲ့ပြီး ပြစ်မှုကျူးလွန် သူ အမျိုးသမီး ၁၂ ဦး၊ အမျိုးသား ၁၂ ဦးထိ ရှိသည်။အမျိုးသားများ လူကုန်ကူးခံရမှုများ တွင် လုပ်အားခေါင်းပုံဖြတ်ခံရခြင်းများအဓိက ပါဝင်နေပြီး ထိုင်းနိုင်ငံရှိ ငါးဖမ်း စက်လှေများသို့ လိမ်လည်လှည့်ဖျား၍ ရောင်းစားခြင်းခံရမှုများ ပါဝင်သည်။ အမျိုးသမီးများ လူကုန်ကူးခံရခြင်းတွင် တရုတ်မယားအဖြစ် ရောင်းစားခံရခြင်း များ၊ အနှိပ်ခန်း၊ ကာရာအိုကေနှင့် ပြည့် တန်ဆာအဖြစ် စေခိုင်းခံရခြင်းများ ပါဝင် နေသည်ဟု ရန်ကုန်တိုင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဌာန၏ စာရင်းများတွင် တွေ့ရသည်။

““အေဂျင်စီက တရားဝင်ဟုတ် မဟုတ် နဲ့ ကိုယ်သွားရမှာက တရားဝင်ပတ်စ်ပို့၊ ခွင့်ပြုချက်နဲ့ သွားရောက်ရမှာ ဟုတ် မဟုတ်ကို စိစစ်ဖို့လိုပါတယ်””ဟု အထက်ပါ ဌာနမှ အဆင့်မြင့်အရာရှိက အကြံပြုသည်။

လက်ရှိ လူကုန်ကူးသူများက အလုပ်အကိုင် ရှာဖွေနေသူများ၊ မိစုံဖစုံဖြင့် မနေရသူများ၊ ပထွေးမိထွေးများဖြင့် နေရသည့် သားသမီးများနှင့် နေအိမ်တွင် မပျော်မွေ့သူများကို အဓိကပစ်မှတ်ထား ၍ လူကုန်ကူးမှုပြုနေသည်ဟု ဆိုသည်။

ယခုနှစ် လူကုန်ကူးမှုများသည် ယမန်နှစ်ထက် ဖမ်းဆီးဖော်ထုတ်နိုင်မှု ပိုမိုလာကြောင်းနှင့် လူကုန်ကူးခံရသည့် အမျိုးသမီးများအနေဖြင့် တစ်ရှက်မှ နှစ် ရှက်ဖြစ်မလာစေရန်အတွက် တိုင်းတန်းမှု မပြုသော အမှုများလည်း ရှိနေနိုင်သေး သည်ဟု အထက်ပါအရာရှိက သုံးသပ် ပြောသည်။

လက်ရှိတွင်လည်း အသက် ၁၇နှစ် နှင့် ၂၃ နှစ်အရွယ် အထည်ချုပ်စက်ရုံ အလုပ်သမ နှစ်ဦးကို အလုပ်အတူလုပ်သူ အမျိုးသမီးတစ်ဦးက ၎င်းင်း၏ ယောက်ျား နှင့် ချိတ်ဆက်ပြီး ထိုင်းနိုင်ငံ မဲဆောက် မြို့သို့ အဆင့်ဆင့်ခေါ်ယူ ပို့ဆောင်ထား သဖြင့် ဒီဇင်ဘာ ၁၇ ရက်က အမှုဖွင့် တိုင်တန်းထားသည်။

ယင်းအမှုကို လှိုင်သာယာရဲစခန်းက (ပ)၁၄၄၉ /၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ဖြင့် အရေးယူရန် ဆောင်ရွက်လျက်ရှိ သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ် ပြန်ခဲ့သေးသည်။

၂၀၁၂ ခုနှစ်အတွင်းက မြန်မာနိုင်ငံ တွင် ကလေးသူငယ် လူကုန်ကူးခံရမှု ၄၀ မှု ဖြစ်ပွားပြီး ပြည့်တန်ဆာအဖြစ် ခိုင်း စေခံရမှု ၁၆မှု၊ အဓမ်္မ စေခိုင်းမှု ၁၅မှုနှင့် အဓမ်္မတောင်းရမ်းစေခြင်း ကိုးမှုအထိ ပါဝင်သည်။ ယင်းဖြစ်စဉ်များတွင် မိန်း ကလေးငယ် ၄၄ဦးနှင့် ယောက်ျားကလေး ငယ် ၁၁ ဦး ပါဝင်ခဲ့သည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဗဟိုမှ ထုတ်ပြန်ခဲ့သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese