Home » » ပြည်သူ့ဆန္ဒ ... တို့ ဆန္ဒ

ပြည်သူ့ဆန္ဒ ... တို့ ဆန္ဒ

Written By Unknown on Sunday, December 1, 2013 | 11:14 PM

လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို ပြည်သူတွေ သိပ်ကြိုက်သည်။
နှစ်ပေါင်းများစွာ ပိတ်နေကြရသည့် ပါးစပ်များ အခုပြန်ပွင့်လာပြီ။
ဆိုင်းဘုတ်တွေ ကိုင်ကြသည်။ ကြွေးကြော်သံများ သီကုံး အော်ဟစ်ကြသည်။ ဟိုဟာလုပ်ပေး၊ ဒီဟာလုပ်ပေးနှင့် အတောင်းအရမ်း ထူလာကြသည်။

ပြည်သူတွေ ကျန်းမာရေး အသိအမြင် ကျယ်လာကြသည်။ ဒီဇင်ဘာ လမ်းလျှောက် ပွဲတင် မဟုတ်တော့။ ဆယ့်နှစ်လရာသီ လမ်းလျှောက်ပွဲများ ကျင်းပလာကြသည်။ ထို့ကြောင့် ဆိုင်းဘုတ် ရေးစားသူများ အလုပ်ဖြစ်လာသည်။ ဖိနပ်ဆိုင်များ အရောင်းအဝယ် ကောင်းလာသည်။ ကတ်ထူပြားနှင့် ဆော့ပဲန် ရောင်းသူများ တွက်ခြေကိုက်သည်။ ရဲကိုကိုတို့ အလုပ် ရှုပ်လာသည်။ သူတို့တာဝန်က ဘာဆန္ဒပြပြ တားဖို့ဖြစ်သည်။
သို့နှင့် ထုပ်ဆီးတိုး ကစားနည်းများ ပြန်လည် အသက်ဝင်လာ၏။

သတင်းထောက်များလည်း ပျော်နေကြသည်။ ကင်မရာ တဖျပ်ဖျပ်နှင့် ဆန္ဒပြသူ တို့နောက် ပျော်ပျော်ကြီး လိုက်နေကြသည်။

ဆန္ဒပြခေါင်းဆောင်များ နာမည် ကျော်ကြားလာကြသည်။ သူတို့က ဘာကိုမဆို မကျေနပ်ကြသူများ ဖြစ်သည်။ မကျေနပ်ကြောင်း ကိုလည်း လမ်းပေါ် ထွက်ပြောကြသည်။ ပုဒ်မ ၁၈ ကို သူတို့ မကြိုက်။ ဘော်ဒါများစုပြီး လမ်းထွက်လျှောက်လျှင် အဖမ်းခံရမည့် ပုဒ်မဖြစ်သည်။

ခဏခဏလည်း ရုံးရောက် ဂါတ်ရောက် ဖြစ်ကြသည်။ အချုပ်ကားပေါ် မတက်မီ လက်ထိတ်တန်းလန်းနှင့် လက်ညှိုး နှစ်ချောင်းထောင်လျက် ပြုံးပြုံးကြီး ဓာတ်ပုံ အရိုက်ခံကြသည်။
ဒီကြားထဲ သတင်းထောက်တွေကို ကျပ်သည့်သူများလည်း ဒုနှင့်ဒေး။ ဘယ်နေရာမှာ ဆန္ဒပြနေပြီ။ အကြီးအကျယ်ဖြစ်သည် စသဖြင့် ဂျာနယ်တိုက်သို့ ဖုန်းဆက် သတင်းပေး၏။ ယုံစားမိမှားသည့် သတင်းထောက်တချို့ တက္ကစီခ ကုန်သည်သာ အဖတ်တင်ကြသည်။

ဆန္ဒပြသူများက လူစုလူဝေးနှင့်လည်း ပြသည်၊ နှစ်ယောက်တစ်ပိုင်း နှင့်လည်း ပြသည်။
ရဲကိုကို တို့ကလည်း များသောအားဖြင့် ခွင့်မပြု။ ထို့ကြောင့် ပြဿနာ အကြီးကြီးတွေ ခဏခဏ တက်သည်။ ဆန္ဒပြပွဲ တစ်ခုတွင် ဆန္ဒပြသူက ၁၀ ဦးဆိုပါက ရဲနှင့် သတင်းထောက်က အယောက် ၅၀ ခန့်။ ဘေးမှ ရပ်ကြည့်သူများက အယောက် ၁၀၀ ခန့်ဖြစ်သည်။ စည်ကားပေစွတကား။

ဆန္ဒပြသူများကို ရဲမှူးဦးဆောင်သော ရဲတပ်ဖွဲ့ဝင် များက တားဆီး၍ ဆက်မသွားဖို့ ပြောကြသည်။ ငြင်းခုံကြသည်။ ဆန္ဒပြဦးဆောင်သူ အမျိုးသမီး တစ်ဦး ရှေ့ထွက်လာပြီး - "ကျွန်မတို့က ငြိမ်းချမ်းစွာ ပြောဆိုနေတာပါ" ဟု အော်ကာ ရဲမှူးကို လည်ပင်းပြေးညှစ်လေ၏။
ရဲမှူးက "ဟေ့ ... ဟေ့ ... မင်းတို့ အကြမ်းမဖက်နဲ့နော် ... မင်းတို့ အကြမ်းမဖက်နဲ့နော် ... ဂစ် ဂစ်"။
ထိုသို့လည်း ငြိမ်းချမ်းစွာ ရှိကြကုန်၏။

လမ်းလျှောက်သူများ နောက်သို့ သတင်းထောက်များ အမောတကော လိုက်ရသည်။ ဘေးမှ ယှဉ်လျှောက်ရင်း လမ်းလျှောက်အင်တာဗျုးနည်းသစ် တစ်ရပ် ပေါ်ထွန်းလာသည်။

သတင်းထောက်။ ။ "မျက်နှာဖုံး စွပ်တပ်ထားတာ ဘာဖြစ်လို့ပါလဲရှင့် ..."
ဆန္ဒဖော်ထုတ်သူ။ ။ "ရုပ်ဖျက် ထားတာပါ။ ကျွန်တော့်ကို ရဲတွေ မမှတ်မိအောင် ရုပ်ဖျက်ထားရတာ ဖြစ်ပါတယ်"
သတင်းထောက်။ ။ "ဒါနဲ့ အစ်ကို့ နာမည်လေး သိပါရစေရှင့်"
ဆန္ဒဖော်ထုတ်သူ။ ။ "ကျွန်တော် ကတော့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုငြိမ်းချမ်းပါ။ ကိုငြိမ်းချမ်းပါ ခင်ဗျား ..."

ဆန္ဒဖော်ထုတ်မှုများ ဆက်တိုက် ဖြစ်လာသည်။ နယ်ပယ်ပေါင်းစုံ၊ ထောင့်ပေါင်းစုံမှ လူပေါင်းစုံက ခဏခဏထထ ဆန္ဒပြလာကြသည်။ တိုင်းရင်းသားအရေး၊ ဘာသာခြား အရေး၊ ငြိမ်းချမ်းရေး၊ တိုက်ပွဲများ ရပ်တန့်ရေး၊ လယ်ယာမြေ အရေး၊ ကျူးကျော်တဲ အရေး၊ ဟိုအရေး ဒီအရေးတွေနှင့် တကယ့် အရေးအခင်းကြီးပင် ဖြစ်လေသည်။
သမ္မတကို ကန့်ကွက်ကြောင်း ဆန္ဒပြကြသည်။ သမ္မတကို ထောက်ခံကြောင်းလည်း ဆန္ဒပြ ကြသည်။ စည်ကားပေစွ တကား ...။

ဆန္ဒပြမှုတွေ ထပ်လာသည့်အခါ ဆန္ဒပြခဲ့ခြင်း တစ်လပြည့်၊ တစ်နှစ်ပြည့် စသဖြင့် စားမြုံ့ပြန် ဆန္ဒထပ်ပြ ကြကုန်၏။

တရုတ်ကြီးကို မကျေနပ်ဟုဆိုကာ သံရုံးရှေ့သွား၍ တရုတ်အလံကြီးကို မီးရှို့ကြ၏။
တရုတ်အလံ မီးရှို့တာ ကိစ္စမရှိ၊ တရုတ်မလေး တွေကို မီးမရှို့ဖို့က အရေးကြီးသည်ဟု တချို့က ဖြေသိမ့်ကြကုန်၏။
"ခေတ်မီအောင်သာ ကမ္ဘာမြေ တစ်ဝန်းမှာ ... တို့အစွမ်းကို ပြမည်" ဟူ၍ အော်ဟစ်ကြသည်။

နောက်ဆုံး ပြစရာ ကုန်သော် ... ကြွေးကြော်စရာ ကုန်လေသော် ...
ဒို့တာဝန် အရေးသုံးပါးကို ထောက်ခံကြောင်း ဆန္ဒပြကုန်သည်။

"ပြည်ထောင်စု မပြိုကွဲရေး ... ဒို့အရေး ... ဒို့အရေး...
တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ... ဒို့အရေး ... ဒို့အရေး ...
အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး... ဒို့အရေး... ဒို့အရေး..."

"မီးတုတ်... မီးတုတ်... ရှို့ ... ရှို့..."
"ပါတီ... ပါတီ... ယီးပါတီ..."
(မဆလခေတ် ကြွေးကြော်သံတွေလည်း ပါလာသည်)

ဆန္ဒပြမည့် အဖွဲ့တစ်ဖွဲ့ ကျန်သေးသည်။ သမ္မတ ဘပြောင်ဦးဆောင်သည့် အစိုးရအဖွဲ့ ဖြစ်သည်။
"ဆန္ဒပြမှုများ ချက်ချင်းရပ်" ဟူသည့် ကြွေးကြော်သံနှင့် ဖြစ်နိုင်သည်။
စည်ကားပေစွ မြန်မာပြည်။

Written by  လော်ဘီအုတ်ခဲ

The Voice Weekly