Home » » ရန်ကုန် အပါအဝင် မြို့ကြီးများတွင် အအေးပိုမည်

ရန်ကုန် အပါအဝင် မြို့ကြီးများတွင် အအေးပိုမည်

Written By Unknown on Wednesday, December 18, 2013 | 4:52 PM

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘက်ခြမ်းမှ ဝင်ရောက် လာသည့် လေအေး များကြောင့် ရန်ကုန် အပါအဝင် မြို့ကြီး အချို့တွင် ညအပူချိန်များ လျော့နည်းပြီး အအေးပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားသည်။

လေအေးများ ဝင်ရောက် တိုက်ခတ် လာနေခြင်းကြောင့် မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း ပျမ်းမျှ ညအပူချိန်များအောက် ၃ ဒီဂရီ စင်တီဂရိတ်မှ ၅ ဒီဂရီစင်တီဂရိတ် လျော့နည်းမည် ဖြစ်ပြီး အအေးပိုမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှ အပူချိန်အောက် ၅ ဒီဂရီ စင်တီဂရိတ်မှ ၆ ဒီဂရီ စင်တီဂရိတ်အထိ လျော့နည်း ကျဆင်းခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသများတွင် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီ စင်တီဂရိတ်အထိ လျော့နည်းခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီဇင်ဘာလ ၁၇ ရက် နေ့ညနေတွင် သတင်းထုတ် ပြန်သည်။
“ရန်ကုန်က အခြားမြို့တွေနဲ့ ယှဉ်ရင်တော့ ပျမ်းမျှ ညအပူချိန် ၃ ဒီဂရီ စင်တီဂရိတ်လောက် လျော့ကျနိုင်တယ်” ဟု ဦးချစ်ကျော်က ဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့အတွက် အပူချိန်များမှာ ရန်ကုန်တွင် ၂၈ ဒီဂရီ စင်တီဂရိတ်မှ ၁၄ ဒီဂရီ စင်တီဂရိတ်ထိ ရှိနိုင်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၇ ဒီဂရီ စင်တီဂရိတ်မှ ၁ ဒီဂရီ စင်တီဂရိတ်၊ မန္တလေးတွင် ၂၃ ဒီဂရီ စင်တီဂရိတ်မှ ၈ ဒီဂရီ စင်တီဂရိတ်နှင့် နေပြည်တော်တွင် ၂၅ ဒီဂရီ စင်တီဂရိတ်မှ ၁၂ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

The Voice Weekly