Home » » အမှုအခင်းများတွင် ပြစ်မှုကျူးလွန်သူများကိုယ်စားငွေသုံး၍ လူစားထိုးမှုများရှိနေဆဲ

အမှုအခင်းများတွင် ပြစ်မှုကျူးလွန်သူများကိုယ်စားငွေသုံး၍ လူစားထိုးမှုများရှိနေဆဲ

Written By Unknown on Wednesday, December 4, 2013 | 1:42 PM

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော အမှုအခင်းများတွင် အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူများ ကိုယ်စားငွေသုံးပြီး လူစားထိုးခြင်းများ၊ ပြစ်ဒဏ်ကျခံခြင်းများလည်း လက်ရှိအချိန်ထိရှိနေဆဲဟု ကိုယ် တိုင်ကြုံတွေ့နေသူများနှင့် တရားရေးနယ်ပယ်မှ ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။

ယင်းကဲ့သို့ အကြောင်းအရာများရှိနေခြင်းသည် တရားဥပဒေစိုးမိုးမှု မရှိခြင်း၏ သာဓကတစ်ခုဖြစ်နေပြီး အချိန်မီ ထိန်းချုပ်ခြင်းမရှိပါက ပြည်သူများအတွင်း ပြစ်မှုများပိုမိုများပြားလာနိုင်သည့် အပြင် ရဲဝန်ထမ်း များတွင်လည်း လာဘ်ပေးလာဘ်ယူမှုများ ပိုမိုများပြားလာနိုင်သည်ဟု ဥပဒေကျွမ်းကျင်သူများက ထောက်ပြကြသည်။

ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းထားသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ အဖွဲ့ဝင်ဖြစ်သူ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ဒီလိုဖြစ်စဉ်တွေက လုံးဝမဖြစ်သင့်တော့ ပါဘူး။ လူအစားထိုးတယ်ဆိုတဲ့ဖြစ်စဉ်တွေ ရှိနေတယ်လို့လည်း ကြားနေရတယ်။ ရိုက်လွန်းအားကြီးလို့ မဟုတ်ဘဲဝန်ခံလိုက်ရတဲ့ ဖြစ်စဉ်တွေလည်း ကော်မတီကို တိုင်တဲ့စာတွေထဲမှာ တွေ့နေရပါတယ်” ဟု ပြောသည်။

အောက်တိုဘာ ၁၉ ရက်၊ သီတင်းကျွတ်လပြည့်ညက ပဲခူးမြို့တွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ ရိုက်နှက်မှု တစ်ခုတွင်လည်း ဓားဖြင့်ထိုးသူနှင့် တုတ်ဖြင့် ရိုက်နှက်သူတို့နေရာတွင် လူစားထိုးမှုများရှိနေသည်ဟု ကာယကံရှင်နှင့် မျက်မြင်သက်သေတို့က မဇ္ဈိမသို့ ထုတ်ဖော်ပြောဆိုထားသည်။

ယင်းဖြစ်စဉ်တွင် အဓိကပြစ်မှုကျူးလွန်သူဟု ယူဆရသူနှစ်ဦးကို မြို့နယ်မှူး၊ စခန်းမှူးများ ရှေ့တွင်ပင် တရားလိုနှင့် မျက်မြင်သက်သေတို့က ရွေးထုတ်ပေးထားသော်လည်း အခြားလူငယ်နှစ်ဦးက ယင်းတို့ သာလျှင် ကျူးလွန်ခြင်းဖြစ်သည်ဟု ၀န်ခံထွက်ဆိုထားသည်။

ထို့ပြင် အစောပိုင်းကလည်း ပြစ်မှုကျူးလွန်သူများကိုယ်စား အခြားလူငယ်များကို လွှဲပြောင်းထွက်ဆိုပေး ရန် မျက်မြင်သက်သေအား ငွေကြေးဖြင့် ညှိနှိုင်းမှုများ ရှိခဲ့သည်ဟုလည်း ညှိနှိုင်းခံရသူ မျက်မြင်သက် သေက မဇ္ဈိမကို ပြောပြထားသည်။

အဆိုပါ အမှုအတွက် တရားလိုဘက်မှ တင်ပြချက်များနှင့် တရားခံဘက်တို့မှ တင်ပြချက်များအတိုင်း တင်ပြပေးသွားမည်ဖြစ်ပြီး မည်သူကို တရားစွဲရမည်ဖြစ်သည်မှတ်ချက်ကို ဥပဒေအရာရှိ၏ ဥပဒေနှင့် အကြံပြုချက်အတိုင်းသာ လိုက်နာဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ပဲခူးမြို့မရဲစခန်းမှူးဖြစ်သူ ဒု-ရဲမှူးလှသိန်းက ဆိုသည်။

၂၀၁၃ နှစ်ဆန်းပိုင်းက တာမွေမြို့နယ်၊ အလုပ်သမားဆေးရုံအနီး ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခု တွင်လည်း ကားမောင်းသူလူငယ်နေရာတွင် ယင်းတို့၏ ယာဉ်မောင်းဖြစ်သူကို အစားထိုးမှုများရှိခဲ့သော် လည်း တရားလိုနှင့် မျက်မြင်သက်သေတို့၏ ဖိဖိစီးစီးဆောင်ရွက်ခဲ့မှုကြောင့် ကြံစည်မှု အထမမြောက်ခဲ့ ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင်ဖြစ်သူ ဒေါ်လဲ့လဲ့ဝင်းဆွေက ဆိုသည်။

ယင်းအပြင် ပစ္စည်းခိုးမှုတစ်ခုတွင်လည်း အသက်မပြည့်သေးသည့် သံသယရှိထားသူကလေးငယ်အား အသက် ၁၉ နှစ်ဟု ဖြည့်စွက်ထားသည့်အပြင် အတင်းရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟုလည်း ၎င်းက ဆိုထားသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားဟောင်းကြီးတစ်ဦးက “ထောင်ထဲကို ရောက်လာ တဲ့အထဲမှာ ရဲကတရားခံရှာမရလို့ တွေ့တဲ့လူဆွဲစိပြီး အတင်းရိုက်နှက်စစ်ဆေးလို့မခံနိုင်လို့ဝန်ခံချက်ပေး ပြီး ရောက်လာရတဲ့သူတွေလည်း အများကြီးပဲ။ စီးပွားရေးလုပ်ငန်းတွေမှာလည်း ငွေကွာဟမှုတွေကြောင့် အရာရှိက သူ့အောက်က၀န်ထမ်းကို အစားထိုးထောင်ကျခံခိုင်းပြီး ကျန်နေတဲ့ မိသားစုကိုအပြင်မှာ ပြန် ထောက်ပံ့နေတာတွေလည်း ရှိတယ်။ ထောင်ထဲမှာဖြစ်တဲ့ အမှုတွေ လူသတ်မှုတွေဆိုရင်လည်း အမှုကို ပိုက်ဆံနဲ့ဝယ်ပြီး ကျွန်တော်လုပ်တာပါလို့ ၀န်ခံတဲ့သူတွေတောင်ရှိတယ်” ဟု ပြောသည်။

ပြစ်မှုများအတွက် လူစားထိုးမှုဖြစ်စဉ်များသည် တရားဥပဒေစိုးမိုးရေးကိုအဓိက ထိခိုက်စေနိုင်သဖြင့် တရားလိုများဘက်မှလည်း ယင်းသို့သော ဖြစ်စဉ်များတွေ့ရှိလျှင် အမှန်အတိုင်းဖော်ထုတ်အရေးယူပေး ရန်၊ ရဲရဲဝံ့ဝံ့တင်ပြရန် လိုအပ်နေပေသည်။

ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်လည်း ယင်းသို့သော ဖြစ်စဉ်များကို တိတိကျကျဖော်ထုတ်ကာ အမှု မှန်အတိုင်း ဖော်ထုတ်အရေးယူပေးရန် လိုအပ်ပြီး ယင်းတို့ကိုယ်တိုင်လည်း အဂတိတရားကင်းရှင်းရန်နှင့် ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရန် အားနည်းနေသေးသည်သည်ဟု ဥပဒေပညာရှင်များကဆို သည်။

“ဒီမိုကရေစီကူးပြောင်းနေတဲ့ကာလမှာ တရားဥပဒေစိုးမိုးရေးက အရမ်းအရေးကြီးပါတယ်။ ဒီအပေါ်မှာ အဓိက တာဝန်ရှိတဲ့သူတွေက လုပ်တဲ့သူတွေ ဘယ်လောက်ပဲပိုက်ဆံရှိရှိ၊ မရှိရှိ အမှုအမှန်ဖော်ထုတ် ပေးဖို့ လိုတယ်။ ဒါမျိုးတွေက တရားဥပဒေစိုးမိုးရေးမှာ အဟန့်အတား ဖြစ်စေတယ်။ တာဝန်ရှိတဲ့သူတွေ ရဲ့ ကိုယ့်ကျင့်တရားကိုလည်း ထိခိုက်စေပါတယ်” ဟု အောက်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စော ဝေက ပြောသည်။

ယင်းအပြင် ပြစ်မှုကျူးလွန်သူများနေရာတွင် လူစားထိုးမှုများ၊ ကြံစည်လုပ်ဆောင်နေမှုများ၊ ရဲများကိုယ် တိုင် အပြစ်မရှိဘဲ ယူဆဖမ်းဆီးထောင်ချခံရသူများစသော အခြေအနေများရှိပါက တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသို့ ဖြစ်စဉ်အတိအကျအား တင်ပြတိုင်ကြားနိုင်သည်ဟု ၎င်းက ဆိုသည်။

ယင်းသို့သော ဖြစ်စဉ်များ တိကျစွာတင်ပြလာပါက လွှတ်တော်သို့ တင်ပြဆွေးနွေးသွားမည်ဖြစ်ပြီး တရား ဥပဒေ စိုးမိုးရေးအတွက် လုပ်ဆောင်ပေးသွားမည်ဟုလည်း ပြောကြားခဲ့သည်။

အထက်တန်းရှေ့နေဖြစ်သူ ဦးနိုင်လင်းဇော်က “ ဒီလိုမျိုးပြစ်မှုတွေရှိနေတဲ့အပေါ် မဖော်ထုတ်နိုင်ဘူးဆို ရင်တော့ တရားဥပဒေစိုးမိုးရေးအပေါ် ထိခိုက်လာနိုင်ပါတယ်။ တကယ်တမ်းပြစ်မှုကျူးလွန်သူက လွတ် နေပြီးတော့ ချို့တဲ့သူကလည်း ကိုယ့်ကိုယ်ကိုယ်ရောင်းစားရတဲ့သဘောမျိုးပေါ့။ ဒါတွေကြောင့် လူ အသိုင်းအ၀ိုင်းမှာပါ ထိခိုက်လာနိုင်တာပေါ့” ဟု သုံးသပ်ပြောဆိုသည်။

ထို့ပြင် အမှုအခင်းများတွင်လည်း ပြစ်မှုကျူးလွန်သူများနေရာတွင် လူစားထိုးမှုအချို့ရှိကြောင်းနှင့် မျက် မြင်သက်သေများကိုပါ မမှန်မကန် လွဲမှားစွာထွက်ဆိုပေးရန် ငွေကြေးဖြင့် ၀ယ်ယူမှုများရှိနေသည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ စခန်းမှူးအဆင့်ရှိ ရဲအုပ်တစ်ဦးက “ပြစ်မှုဖြစ်လာရင်တော့ အဖြစ်အမှန် အတိုင်းပဲ ဖော်ထုတ်ရမှာပါ၊ တရားခံအစားထိုးတယ်ဆိုတာ လုပ်လို့မှမရတာ။ လွယ်လည်း မလွယ်ပါဘူး။ ရဲဘက်ပိုင်းကတော့ ဥပဒေနဲ့အညီပဲ လုပ်ရတာပါ။ ကျွန်တော် အတွက်တော့ အဲလိုမျိုး တရားခံအစား ထိုးတာဖြစ်ခဲ့တာမျိုးတော့ မကြံဖူးပါဘူး”ဟု ဆိုသည်။

သို့သော်လည်း တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသို့ တင်ပြလာသော တိုင် ကြားစာများတွင် ပြစ်မှုများအတွက် အမှန်တကယ် ပြစ်မှုကျူးလွန်ထားသူမဟုတ်သော်လည်း ရဲများ၏ ရိုက်နှက်စစ်ဆေးမှုများကြောင့် ပြစ်မှုကျူးလွန်ခဲ့သည်ဟု ၀န်ခံထွက်ဆိုရပြီး ထောင်ကျခံရမှုများလည်း မကြာခဏတွေ့ရှိနေရသည်ဟု ကော်မတီအဖွဲ့ဝင်များက ဆိုထားသည်။

လက်ရှိတွင်လည်း အမှုအခင်းများတွင် လူစားထိုးခြင်းများ၊ မျက်မြင်သက်သေအား ငွေကြေးဖြင့်ဝယ်ယူ၍ မမှန်သက်သေအဖြစ် ဖန်တီးခြင်းများ၊ ကြံစည်လုပ်ဆောင်ခြင်းများ ရှိနိုင်သည့်အတွက် မြန်မာနိုင်ငံ ရဲဝန် ထမ်းများအနေဖြင့် အဂတိတရားကင်းရှင်းစွာဖြင့် အမှုအား မှန်ကန်စွာဖော်ထုတ်တည်ဆောက်ပြီး တရား စွဲတင်ရန် အဓိကအနေဖြင့် လိုအပ်နေပေသည်။

ထို့ပြင် ဥပဒေအရာရှိများအနေဖြင့်လည်း အမှုမှန်ဖော်ထုတ်နိုင်ရန် ဥပဒေနှင့်အညီ လမ်းညွှန်ချက်ပေး ရန်လိုအပ်နေပြီး တရားလိုများဘက်မှလည်း ယင်းသို့သော မသမာမှုများရှိနေပါက ရဲဝံ့စွာ တင်ပြတိုင် ကြားပေးရန် လိုအပ်လျက်ရှိနေသေးကြောင်း ဝေဖန်မှုများရှိနေသည်။

Written by  ဇော်ဇော်ထွေး
Mizzima - News in Burmese