Home » » Ooredoo က 900MHz နှင့် 1200MHz ဆက်သွယ်ရေး လှိုင်းတို့ဖြင့် 3G ကွန်ရက်ကို တည်ဆောက်မည်

Ooredoo က 900MHz နှင့် 1200MHz ဆက်သွယ်ရေး လှိုင်းတို့ဖြင့် 3G ကွန်ရက်ကို တည်ဆောက်မည်

Written By Unknown on Thursday, November 7, 2013 | 8:08 PM

ရန်ကုန်၊ နိုဝင်ဘာ ၆

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ရန် တင်ဒါ အောင်မြင်ထားသော ကုမ္ပဏီနှစ်ခုအနက် တစ်ခုဖြစ်သည့် ကာတာနိုင်ငံအခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီက ဆက်သွယ်ရေးလှိုင်း 900MHz နှင့် 1200MHz လှိုင်းဖြင့် 3G ကွန်ရက်ကို ဖြန့်ကြက်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့် Ooredoo က ထုတ်ပြန်လိုက်သည်။
“ဆက်သွယ်ရေးလှိုင်း နည်းရင် ဝေးဝေးရောက်တယ်၊ ဘက်ထရီ ပိုစားတယ်၊ လှိုင်းများရင် ဝေးဝေး မရောက်ဘူး၊ ဘက်ထရီ မစားဘူး၊ ဥပမာ- CDMA 450 MHz က CDMA 800 MHz ထက် လိုင်းပိုမိတယ်၊ ဝေးဝေးရောက်တယ်” ဟု ဆက်သွယ်ရေး လှိုင်းများနှင့် ပတ်သက်၍ ဆက်သွယ်ရေး အင်ဂျင်နီယာတစ်ဦးက ရှင်းပြသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းနှစ်နေရာကို လုပ်ကိုင်ခွင့်ရရန် ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီကြီးများက အပြိုင်အဆိုင် တင်ဒါ တင်သွင်း လျှောက်ထားခဲ့ရာ ယခုနှစ် ဇွန်လအတွင်း မြန်မာဆက်သွယ်ရေး လုပ်ငန်းက နော်ဝေနိုင်ငံ အခြေစိုက် Telenor နှင့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုကို ရွေးချယ်ခဲ့သည်။

Ooredoo က ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး လုပ်ငန်းလိုင်စင် ရရှိပြီး ငါးနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး ၅၀ ရာခိုင်နှုန်း 3G ကွန်ရက် လွှမ်းခြုံနိုင်ရန် တည်ဆောက်သွားမည် ဖြစ်ကာ လူဦးရေ၏ ၉၇ ရာခိုင်နှုန်းအတွက် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သြဂုတ်လ အတွင်းက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၊ Ooredoo ၏ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်ချုပ်ဖြစ်သူ Mr. Ross Cormack က ပြောကြားထားသည်။

The Voice Weekly