Home » » ပဋိပက္ခဒေသများအတွက် ဒေါ်လာ ၂၅သန်း အမေရိကန်အစိုးရ ပံ့ပိုးမည်

ပဋိပက္ခဒေသများအတွက် ဒေါ်လာ ၂၅သန်း အမေရိကန်အစိုးရ ပံ့ပိုးမည်

Written By Unknown on Tuesday, November 19, 2013 | 5:03 PM

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများကို အစားအစာ၊ ရေနှင့် သန့်ရှင်းရေး ပစ္စည်းများ၊ အသက်မွေးဝမ်းကျောင်း အစီအစဉ်များ ထောက်ပံ့ပေးရန်အတွက် အမေရိကန် အစိုးရက အမေရိကန် ဒေါ်လာ ၂၅ သန်း ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ အခြေစိုက် အမေရိကန်သံရုံးက ထုတ်ပြန်သည်။

လူသားချင်း စာနာထောက်ထားမှု အကူအညီ ရရှိမည့် ဒေသများတွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့ ပါဝင်ကြောင်း၊ ယင်းရန်ပုံငွေများကို အစိုးရနှင့် နိုင်ငံတကာ ရန်ပုံငွေ အဖွဲ့အစည်းများ အကူအညီဖြင့် ထောက်ပံ့သွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းထောက်ပံ့ ငွေများဖြင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများက ကလေးသူငယ်များအတွက် အာဟာရပိုင်း ပံ့ပိုးမှုများ ပြုလုပ်သွားရန် လျာထားပြီး အစားအစာ၊ သန့်ရှင်းသောရေနှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများလည်း ပေးဝေသွားမည် ဖြစ်ကြောင်း အမေရိကန် သံရုံးက ထုတ်ပြန်သည်။

အလားတူ ကချင်ပြည်နယ်တွင်လည်း အစားအစာ၊ ရေ အကူအညီအပြင် နေထိုင်စရာ အမိုးအကာများလည်း ဆောက်လုပ် ပေးသွားမည် ဖြစ်ကြောင်း၊ ယင်းအပြင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသများ သို့ ပြန်လည် ရွှေ့ပြောင်းလာမည့် ဒုက္ခသည်များအတွက် အသက်မွေး ဝမ်းကျောင်း ဖန်တီးပေးခြင်းနှင့် လက်ရှိ လုပ်ကိုင်နေသော ရပ်ရွာ အခြေပြုလုပ်ငန်း ခိုင်မာလာရန် ပံ့ပိုးခြင်းတို့ ပြုလုပ်သွားရန် ရှိကြောင်း ဆက်လက် ဖော်ပြထားသည်။

အဆိုပါ ကူညီထောက်ပံ့ရေး ရန်ပုံငွေ အစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်၏ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ ရခိုင်ပြည်နယ် ခရီးစဉ် အပြီးတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly