Home » » မောင်တောခရိုင်၌ တိုင်းရင်းသားဦးရေထက် နိုင်ငံခြားသားဦးရေ ဆယ်ဆခန့်များဟုဆို

မောင်တောခရိုင်၌ တိုင်းရင်းသားဦးရေထက် နိုင်ငံခြားသားဦးရေ ဆယ်ဆခန့်များဟုဆို

Written By Unknown on Tuesday, November 5, 2013 | 9:06 PM

နေပြည်တော်၊ နိုဝင်ဘာ ၎

မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးတွင် တည်ရှိသော ခရိုင်တစ်ခုဖြစ်သည့် မောင်တောခရိုင်အတွင်း နေထိုင်သော လူဦးရေစာရင်းတွင် တိုင်းရင်းသား လူဦးရေထက် ဘင်္ဂါလီ နိုင်ငံခြားသား လူဦးရေက ဆယ်ဆခန့် များနေကြောင်း နယ်စပ်လုံခြုံရေးနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းက ပြောကြားသည်။

မောင်တောခရိုင်တွင် ဘူးသီးတောင်မြို့နယ်၊ မောင်တော မြို့နယ်နှင့် တောင်ပြို လက်ဝဲမြို့နယ်ခွဲတို့ ပါဝင်ပြီး နေထိုင်သည့် လူဦးရေမှာ တိုင်းရင်းသား ၇၂,၆၁၆ ဦးသာ ရှိပြီး ဘင်္ဂါလီ နိုင်ငံခြားသား ၇၃၈,၃၉၃ ရှိသည်ဟု ၎င်းကဆိုသည်။

နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် (န.က.စ) ကို ဖျက်သိမ်းပြီးသည့် နောက်ပိုင်း နိုင်ငံသား စိစစ်ဆဲသူများအတွက် ထိန်းချုပ် ကန့်သတ် စစ်ဆေးမှု တစ်စုံတစ်ရာ မရှိတော့သည့်အပြင် လုံခြုံရေး အပြည့်အဝ မချထားနိုင်ခြင်း တို့ကြောင့် ဒေသခံ တိုင်းရင်းသားများမှာ စိုးရိမ်ထိတ်လန့် နေကြရကြောင်း ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

နယ်စပ်လုံခြုံရေးနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းကမူ နကစကို ဖျက်သိမ်း လိုက်ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်ရှိ အကောက်ခွန် ဦးစီးဌာနတို့အပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့နှင့် ပေါင်းစပ်ညှိနှိုင်း၍ ရခိုင်ပြည်နယ် နယ်စပ်ဒေသများတွင် လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

အဆိုပါ နိုင်ငံခြားသား ဘင်္ဂါလီ လူမျိုးများကို နိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးရန် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားက အကြိမ်ကြိမ် တိုက်တွန်း ပြောကြားခဲ့သည်။

နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (န.စ.က) ကို ဇူလိုင် ၁၂ ရက်နေ့က နိုင်ငံတော်သမ္မတရုံး အမိန့်ဖြင့် ဖျက်သိမ်းခဲ့သည်။

The Voice Weekly