Home » » စစ်တပ်လေ့ကျင့်ရေး ကွင်းအတွင်း နေထိုင်သူများ ဥပဒေနှင့်အညီ အရေးယူမည်

စစ်တပ်လေ့ကျင့်ရေး ကွင်းအတွင်း နေထိုင်သူများ ဥပဒေနှင့်အညီ အရေးယူမည်

Written By Unknown on Tuesday, November 5, 2013 | 8:50 PM

ရန်ကုန်၊ နိုဝင်ဘာ ၄။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူး မြို့နယ် စာဘူးတောင်းကျေးရွာ အုပ်စုရှိ ရဲမွန်တပ်မြို့ လေ့ကျင့်ရေး တပ်မြေအတွင်း ကျူးကျော် ၀င်ရောက် နေထိုင်သူများ ဖယ်ရှားပေးခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူမည်ဟု စစ်တပ်က အကြောင်းကြားထားကြောင်း ယင်း ဒေသခံများထံမှ သိရသည်။

ရဲမွန်တပ်မြို့ တပ်မတော်ကျောင်းကြီး သုံးကျောင်း၏ လေ့ကျင့်ရေးတပ်မြေဖြစ်သည့် ၂၃၅၆၅ ဒသမ ၇၈ ဧက အတွင်း၌ ကျုးကျော်ဝင်ရောက် နေထိုင်သူများရှိပြီး ကျုးကျော်နေထိုင်သူများမှာ အိမ်ခြေ ၅၀၀နီးပါးခန့်နေ ကြောင်း၊ ယင်းကျုးကျော်နေထိုင်သူများအား မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တပ်မတော်ကျောင်းသုံးကျောင်း၏လေ့ကျင့်ရေးကွင်းအတွင်း ဖယ်ရှားပေးရန် အကြောင်းကြားစာ ၃ ကြိမ် ပေးပို့ရာ ဖယ်ရှားပေး ခြင်း မရှိသည့်အတွက် ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း စာဘူးတောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ပြောကြားသည်။

“မြေက တပ်မတော်ပိုင်မြေပါ။ ကျူးကျော်သူတွေက အများကြီး အိမ်ခြေ ၅၀၀ဆိုတာကနည်းတာ မဟုတ်ဘူး။ အခုဟာက သူတို့နေထိုင်တဲ့ မြေကို သူတို့ပိုင်တယ်ဆိုပြီး မဖယ်ပေးတာ။ကျူးကျော်သူတွေကို ဖယ်ရှားဖို့ အကြောင်းကြားစာ ၃ ကြိမ်ပေးပို့ထားတာ မဖယ်ပေးရင် ဥပဒေနဲ့ စနစ်တကျ ပြုလုပ်မှာ” ဟု ၎င်းကထပ်မံ ပြောကြားသည်။

တပ်မတော်ကျောင်း ၃ ကျောင်း၏ လေ့ကျင့်ရေးကွင်းအတွင်း ကျူးကျော်နေထိုင်သူများအား မေးမြန်းရာ ယင်းနေရာတွင်နေထိုင်လာသည် မှာ ကြာပြီဖြစ်ကြောင်း၊ တပ်ပိုင်မြေဆိုသည်မှာ ၎င်းတို့ပြောမှသာ သိရှိကြောင်း လေ့ကျင့်ရေးကွင်း အတွင်းနေထိုင်သည့် ဦးစန်းဝင်းက ပြောဆိုသည်။

“နေထိုင်သူတွေက အိမ်ခြေ ၅၀၀ ကျော်တယ်။ သူတို့ဖယ် ခိုင်းရင်တော့ နေထိုင်ဖို့တစ်နေရာပေးဖို့ လိုတယ်။ အခုဟာက သူတို့မြေလို့ ပြောပြီး ဖယ်ခိုင်းသေးတယ်။ ဥပဒေအရ အရေးယူမယ်လို့လည်း ပြောတယ်။ ပြောင်းရွှေ့ရမယ်ဆိုရင် ကျောင်းသားတွေနဲ့ သက်ကြီးရွယ်အိုတွေ အတွက် ဒုက္ခ ရောက်နိုင်တယ်” ဟု ၎င်းက ပြောကြားသည်။

လေ့ကျင့်ရေးကွင်းအတွင်း ကျုးကျော်နေထိုင်သူများကို ဖယ်ရှားပေးရန် လှည်းကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အကြောင်း ကြား စာ ပထမအကြိမ်ဖြစ် ၂၁.၇.၂၀၁၃ ရက်နေ့တွင် တစ်ကြိမ်၊ ၁၀.၈.၂၀၁၃ ရက်နေ့တွင်တစ်ကြိမ်၊ ၂၄.၁၀.၂၀၁၃ရက်နေ့တွင် နောက်ဆုံး အကြိမ်အဖြစ် ပေးပို့ရာ ဖယ်ရှားခြင်းမရှိသည့်အတွက် ဥပဒေအရ အရေးယူမည်ဟု သိရသည်။

ရေးသားသူ- လင်းလင်း
တည်းဖြတ်- နီတိုး

People power