Home » » နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းလို့ရမယ်ဆိုရင် စစ်ပွဲတွေဖြစ်စရာ အကြောင်းမရှိတော့ဘူး

နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းလို့ရမယ်ဆိုရင် စစ်ပွဲတွေဖြစ်စရာ အကြောင်းမရှိတော့ဘူး

Written By Unknown on Saturday, November 9, 2013 | 5:21 AM

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း
ကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ
အပြီးတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးအား မြန်မာတိုင်း(မ်)
အကြီးတန်းသတင်းထောက် အိအိတိုးလွင်က သီးသန့်တွေ့ဆုံ မေးမြန်းခဲ့သည်။

* လက်ရှိအစိုးရက ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တပ်မတော်ရဲ့
အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါတယ်လို့ ခံယူထားပါသလဲ။

ပြီးခဲ့တဲ့ သမ္မတကြီးရဲ့ အသံလွှင့်မိန့်ခွန်းမှာ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ နိုင်ငံရေးဖြစ်စဉ်ဆိုတာ
ဒီကနေ့ နိုင်ငံ တော်မှာ အင်မတန်လိုအပ်တဲ့အရာပေါ့။ ငြိမ်းချမ်းရေးတည်ဆောက်မှု အပိုင်းမှာ
တပ်မတော်မပါဘဲနဲ့တော့ မရဘူး။ ဒါကတော့ သေချာတယ်။ လက်ရှိဖြစ်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှု
တွေက တပ်မတော်နဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကြားမှာ ဖြစ်တဲ့ ပြဿနာကိုး။

ဘာကြောင့်ဖြစ်သလဲဆိုတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့မရလို့ စစ်ပွဲဖြစ်လာတာ။ နိုင်ငံရေးနည်းနဲ့
သာ ဖြေရှင်းလို့ရမယ်ဆိုရင် စစ်ပွဲတွေ ဖြစ်စရာ အကြောင်းမရှိတော့ဘူး။ ဒါကြောင့်မို့ ဒီကနေ့
ငြိမ်းချမ်းရေး တည် ဆောက်တဲ့အခါမှာ နိုင်ငံရေးဖြစ်စဉ် ကို သွားနိုင်ဖို့ လုပ်နေတာ။ နိုင်ငံရေး
ဖြစ်စဉ်ကို တည်ဆောက်တဲ့အခါ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တည်ဆောက်မှ ဆက်သွားလို့ရမှာ။ ဒါကို
တပ်မတော်အနေနဲ့ အလေးအနက်ထားပြီးတော့ နိုင်ငံတော်က သတ်မှတ်တဲ့အတိုင်းသမ္မတကြီးရဲ့
ဦးဆောင်မှုနဲ့ ဆောင်ရွက် နေတယ်လို့ ပြောလို့ရတယ်။

* အပစ်ရပ်စဲရေးတွေ လုပ်တဲ့အခါ တပ်မတော်က ပေးထားတဲ့ကတိကို ဘယ်တော့မှ
မဖောက်ဘူးလို့ ပြောလေ့ရှိတယ်။ ဒါပေမဲ့ လတ်တလော မန်စီဘက်မှာလည်း တိုက်ပွဲ
ဖြစ်ပွားခဲ့တယ်။ လူ ၂,၀၀၀ လောက် ဒုက္ခ ရောက်ကြတယ်ဆိုတော့ ပေးထားတဲ့
ကတိတွေတည်အောင် ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ။

အပစ်ရပ်ပြီးမှ တိုက်ပွဲတွေပြန်ဖြစ်နေရတာ ဘာကြောင့်လဲ။ အခုပြောနေတဲ့ တစ်နိုင်ငံလုံး အပစ်ရပ်စဲ
ရေး လက်မှတ်မထိုးရင်တော့ ဒီပြဿနာတွေက ဖြစ်နေမှာပဲ။ အဲဒီအပိုင်းမှာ တပ်မတော်ကပဲ ကတိ
ဖောက်ဖျက်လို့ တိုက်ပွဲတွေဖြစ်တာလို့ စွပ်စွဲတာရှိပါတယ်။ တကယ်လို့ စစ်မြေ ပြင်အထိသွားပြီး
လေ့လာမယ်ဆိုရင်တော့ အသိဆုံးဖြစ်မှာပေါ့။

ဒီငြိမ်းချမ်းရေး မဆွေးနွေးခင်ကတည်းက ဒီတပ်တွေ ရောက်နေတယ်ဆိုတာ သူတို့လည်း သိတယ်။
ကိုယ်တို့လည်း သိတယ်။ ပြီးခဲ့တဲ့အောက်တိုဘာမှာ ထုတ်ပြန်ခဲ့တဲ့အချက် ခုနစ်ချက်မှာ တစ်ချက်
က ကျန်ရှိတဲ့လမ်းတွေကို အကုန်ဖွင့်မယ်ဆိုတာ နှစ်ဖက်က သဘောတူတယ်။

ကိုယ်တို့က လမ်းကြောင်းတွေ ဖွင့်မယ်။ ဖွင့်ရင်းနဲ့ လမ်းကြောင်းရှင်းနဲ့ သစ်မှောင်ခိုတွေ၊ နွားမှောင်ခို
တွေ တွေ့တယ်။ တွေ့ရင်းနဲ့ ဆက်ရှင်းတဲ့အခါမှာ ထိတွေ့တယ်။ အခု ထွက်နေတာက တပ်ကပဲ
လုပ်နေသယောင်ယောင် ပြောနေတာတွေ ရှိတာပေါ့။

ဒီပေါ်မှာဖြစ်တာက တပ်မတော်ကရှင်းတာဟာ တပ်မတော်ဘက်က လွန်တယ်လို့ ပြောလို့ရသ
လား။ ဒီနယ်မြေမှာရရှိတဲ့ သတင်းပေါ်မူတည်ပြီး တပ်မတော်က ရှင်းရမယ့်တာဝန် ရှိတာပဲ။ ဒီလို
တာဝန် ရှိတဲ့အပေါ်မှာ တပ်မတော်ကဒီလိုမျိုး လုပ်လို့ တစ်ဖက်က လက်ခံရင်တော့ ဘာမှဖြစ်စရာ
အကြောင်းမရှိဘူး။ အောက်ခြေက မသိလို့ဖြစ်တာလည်း မဟုတ်ဘူး။ နဂိုကတည်းက တပ်သွင်းပြီး
ရှင်းတယ်ဆိုတာ အထက်က မစီမံဘဲ မရဘူး။

သို့သော် အဲဒီဟာ သည် ကေအိုင်အေစခန်းတွေကို တိုက်တာ မဟုတ်ဘူး။ သူတို့ရဲ့ တပ်ရင်းဌာန
ချုပ်ကို တိုက်တာမဟုတ်ဘူး။ အရင်းခံအကြောင်းတရားကို နားလည်ဖို့လိုတယ်။ လမ်းကြောင်းရှင်း၊
မှောင်ခိုရှင်းတဲ့အခါ တစ်ဖက်ကလက်မခံလို့ ပစ်ခတ်မှုတွေ ဖြစ်လာခဲ့ရင်တော့ နိုင်ငံတော်က
လုပ်ရမယ့်တာဝန်အတိုင်း ဆက်လက်လုပ်မှာပဲ။

ဒါကြောင့်မို့ ဒီပေါ်မှာ တစ်ဖက်က ငြိမ်းချမ်းရေး တည်ဆောက်နေပြီး တစ်ဖက်က တိုက်ပွဲဖြစ်နေ
တယ်လို့တော့ စွပ်စွဲလို့မရဘူး။ တပ်မတော်က ဖြစ်ချင်လို့ဖြစ်တာလား၊ အနေအထားကြောင့်
ဖြစ်တာလားဆိုတာ အကြောင်းရင်းကို သေချာသိဖို့လိုတယ်။

* တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တွေက လိုင်ဇာညီလာခံမှာ ပြောကြတယ်။
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးထိုးဖို့အတွက် နိုင်ငံရေး ဆွေးနွေးပွဲ အာမခံချက်ရှိမှ ထိုးမယ်
ဆိုတော့ လက်မှတ်ထိုးဖြစ်ဖို့အတွက် တပ်မတော်အခန်းကဏ္ဍက အရေးကြီးတော့
ဒီအပေါ်မှာ တပ်မတော်ရဲ့ သဘောထားက ဘယ်လိုရှိမလဲ။

တပ်မတော်ဆိုတာ နိုင်ငံတော်ကို ကိုယ်စားပြုတယ်။ နိုင်ငံတော်ဆိုတာ တစ် အုပ်ချုပ်တဲ့အစိုးရ
ရှိရမယ်။ နှစ် သတ်မှတ်ထားတဲ့ လူဦးရေရှိရမယ်။လူဦးရေဆိုတာ ပြည်သူလူထု။ သုံး အချုပ်အခြာ
အာဏာ၊ လေး နယ်နိမိတ်။ ဒီအပေါ်မှာ တပ်မတော်က ကိုယ်စားပြုရပ်တည်နေတယ်။ နိုင်ငံတော်က
လုပ်တဲ့အပေါ်မှာ တပ်မတော်သည်လည်း နိုင်ငံတော်က အစိတ်အပိုင်းပဲ။

တစ်နည်းအားဖြင့်ပြောရရင် နိုင်ငံတော်ကို တာဝန်ခံတာပဲ။ ဒီတစ်နိုင်ငံလုံး အပစ်ရပ်စဲရေး အပေါ်မှာ
လည်း တပ်မတော်ကတော့ အဓိကအနေနဲ့ ပေးအပ်ထားတဲ့တာဝန်ယူမှာပဲ။ ဒီကနေ့ အပစ်ရပ်စဲရေး
ကို တပ်မတော်က လိုလားတယ်။ လိုလားတာနဲ့အမျှ မဖြစ်ဖြစ်အောင် စိတ်ရှည်သည်းခံပြီး
လုပ်နေတာပဲ။

* မနေ့က ဗိုလ်ချုပ်ကြီးတို့ ညှိသလောက် အဓိကအချက် တပ်ပိုင်းဆိုင်ရာ ညှိတဲ့အခါ
တိုင်းရင်းသားတွေဘက်က ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုတာကို ပြောပြီး
ဗိုလ်ချုပ်တို့က ပြည်ထောင်စုရေးရာ ကိစ္စရပ်များဆိုပြီး ဆွေးနွေးကြတယ်လို့ သိရပါ
တယ်။ ဒီနေ့ ဆွေးနွေးကြတဲ့အပေါ်မှာ ဘယ်လောက်အထိ သဘောထားတူညီမှု ရပြီလဲ။

မနေ့တုန်းကတော့ သူတို့က ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်လို့ မပြောဘူး။ ပြည်ထောင်စု
တပ်မတော်လို့ပဲပြောတယ်။ ဒါကတော့ ၀န်ကြီး ဦးအောင်မင်းတို့ ဆွေးနွေးတဲ့အထဲမှာလည်း
ပါတယ်။

ဒါအပေါ်မှာ ၀ိဝါဒကွဲ နိုင်တာလည်း ရှိတာပေါ့။ ဥပမာ စကားလုံး အသုံးအနှုန်းပေါ့။ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်းများဆိုတာ ယခင်ကတည်းက သုံးနေတာ။ အဓိကကတော့
တော်လှန်သော လက်နက်ကိုင် အင်အားစုများဆိုတဲ့ အသုံးနှုန်းက အခုပဲ တော်လှန်တိုက်ခိုက်နေ
တဲ့ အနေအထားတွေလို့ မြင်နိုင်တာပေါ့။

ဒီကနေ့ ၁၆ ဖွဲ့မှာ ၁၄ ဖွဲ့က လက်မှတ် ထိုးပြီးသား။ နှစ်ဖွဲ့ပဲ ကျန်တော့တာ။ နှစ်ဖွဲ့ ကလည်း အပစ်ရပ်
လုနီးပါးဖြစ်နေပြီ။ ကေအိုင်အေနဲ့ဆိုလည်း ရံဖန်ရံခါဖြစ်တာကလွဲလို့ အရင်ကလို နေ့စဉ်ဖြစ်တဲ့
တိုက်ပွဲဆိုတာ မရှိတော့ဘူး။

ဒီလို အတိုင်းအတာမှာ တော်လှန်သောဆိုတာက နိုင်ငံတော်ကို ဆက်ပြီး တော်လှန်နေသလို
ဖြစ်နေတော့ အရင်တုန်းကဖြစ်ခဲ့တာတွေဟာ ဆက်ပြီးမဖြစ်အောင် လုပ်နေကြတာလေ။ မနေ့တုန်း
ကလည်း ပြည်ထောင်စုတပ်မတော်ဖွဲ့ စည်းရေးဆိုတော့ လက်ရှိတပ်မတော်ကိုပဲ ဖျက်သိမ်းပြီးတော့
အသစ်ပြန်ဖွဲ့ရမလားဆိုတဲ့ ယုံထင်ကြောင်ထင်ထင် နိုင်တာလည်း ရှိတာပေါ့။

နိုင်ငံတော်မှာက တပ်မတော်ဆိုတာ တစ်ခုတည်း ရှိတာ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း
တပ်မတော်ဆိုတာရှိတာပဲ။ ဒါကြောင့် ဒီလိုဝိ၀ါဒ ကွဲတာတွေထည့်ခြင်းအားဖြင့် အမျိုးမျိုးအဖုံဖုံ
ပြောလာနိုင်တဲ့အတွက် ဒါတွေဆွေးနွေးတာ။

ဒီကနေ့ ကိုယ်တို့ဘက်ကပေးထားတဲ့ အစိုးရရဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ လက်မှတ်ရေးထိုးရေး
ဆိုတာ စာချုပ်ချုပ်ဆိုနိုင်တဲ့အဆင့်အထိကို ဆွဲထားတာ။ အဓိက အခန်း ၁၅ ခန်းပါတဲ့ဟာ။
ဒါသည် အဖြေပဲ။

အဲ့ဒီထဲမှာ သူတို့လိုချင်တဲ့ဟာတွေ တော်တော်များများပါတယ်။ ဒါကို သူတို့ဘက်ကဆွေးနွေးပြီး
မကြာခင်မှာ အစည်းအဝေးပြန်ထိုင်ပြီးတော့ အဖြေက တစ်ဆင့်ဆင့်ပြီး တစ်ဆင့်ထွက်လာမှာပါ။

* လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တိုင်းရင်းသားတွေလိုချင်တဲ့တန်းတူရေး၊
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိဘူး။ အာဏာအများစုကိုလည်း တပ်မတော်ကသာ နေရာယူထား
တယ်။ သမ္မတရဲ့အထက်မှာ ကာကွယ်ရေး ဦးစီးချုပ်ကရှိတယ်။ ကာချုပ်က မပြင်ချင်ရင်
၂၀၀၈ ကို ဘယ်လိုမှ ပြင်လို့ မရဘူးဆိုတဲ့ ဝေဖန်ချက်တွေအပေါ်ကို တပ်မတော်ဘက်က
ဘယ်လို တုံ့ပြန်ချင်ပါသလဲ။

အဖြေကတော့ ရှင်းရှင်းလေးပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ အခုချက်ချင်း ကောက်ပြီး
ရေးဆွဲထားတာ မဟုတ်ပါဘူး။ ပြည်သူလူထုက ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းနဲ့ ထောက်ခံပြီး
အတည်ပြုထားတဲ့ ဖွဲ့စည်းပုံဟာ လူတစ်စုလောက်က ဟိုပြော ဒီပြောတာနဲ့ ဒီဖွဲ့စည်းပုံကို ပြည်သူ
လူထုက မကြိုက်ပါဘူးလို့ သတ်မှတ်လို့ရလား။ နောက်တစ်ခုက အခုလိုပြောတယ်ဆိုတာ
ဘယ်သူတွေကပြောတာတုံး။

နောက်တစ်ခုက သမ္မတရဲ့အထက်မှာ ကာချုပ်ရှိတယ်လို့ ပြောနေတယ်။ ဒီကနေ့ နိုင်ငံတော်မှ
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာသုံးရပ်က အဓိကပဲ။ ဒီအာဏာသုံးရပ်အပေါ်မှာ
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဘာတွေများ ၀င်ရောက် စွက်ဖက်တာရှိလို့လဲ။

လွှတ်တော်မှာ တပ်မတော်ကတော့ ၂၅ ရာခိုင်နှုန်းထားတယ်။ ဒီကနေ့ နှစ်နှစ်ခွဲကျော်လာပြီ။
တပ်မတော်က ၂၅ ရာခိုင်နှုန်းကြောင့် ဘာတွေအခက်အခဲရှိလဲ။ ဘာတွေ ၀င်ရောက်စွက်ဖက်ခဲ့လဲ။
အဆိုတင်သွင်းတဲ့အပေါ်မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ဘာတွေများ
ထိပ်တိုက်တွေ့ရတာရှိသလဲ။ ဒါကိုကြည့်ရင် ရှင်းရှင်းလေးပဲ။

ဒီကနေ့ တပ်မတော်ဆိုတာ နိုင်ငံတော်ကို ကာကွယ်စောင့် ရှောက်ဖို့တာဝန်ရှိတယ်။ အဓိကတာဝန်
ရှိတာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတယ်။ အဲဒီတော့ ပြောဖို့က
အကျိုးအကြောင်း ဆီလျော်ရှိဖို့လိုတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်ပြီး ပြောချင်ရာ
ပြောပါစေ။ အဓိကသည် လူထုဘယ်လောက်ထောက်ခံခဲ့သလဲ။ တပ်မတော် အစိုးရကလုပ်ချင်တာ
လုပ်တာလို့ပြောချင်ပြောကြမှာပေါ့။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကုလသမဂ္ဂအပါအ၀င်
အာရှနိုင်ငံတွေလေ့လာခဲ့တာ။ တချို့နေရာတွေမှာ ကန့်ကွက်ခဲ့သလို တချို့နေရာတွေမှာလည်း
ထောက်ခံခဲ့တာပဲ။ အခုမှ ဥပဒေနဲ့မညီဘူးပြောလိုပြော၊ ဒီမိုကရေစီနဲ့မညီဘူးပြောလို ပြော
ဒီအချိန်မှာပြောတာတွေကို လွှတ်တော်မှာလည်း ဖွင့်ပေးထားတယ်။ ပြောလို့ရတယ်။ လမ်းဘေးမှာ
ပြောနေတာတွေကိုတော့ ထည့်မတွက်သင့်ဘူးလို့တော့ ထင်တယ်။

* တပ်မတော်က ချမှတ်ထားတဲ့ အချက်ခြောက်ချက်မှာ နောက်ဆုံးအချက်က
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံ၏ ဒီမိုကရေစီလျှောက်လှမ်းမှုတွင်
လိုက်ပါဆောင်ရွက်စေရမည်ဆိုတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ စစ်မှန်တဲ့
ဒီမိုကရေစီနိုင်ငံ တစ်ခုကို ထူထောင်နိုင်မယ်လို့ ဗိုလ်ချုပ်ကြီး ယုံကြည်ပါသလား။

ဒါဆိုရင် ကိုယ်က ပြန်မေးဦးမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ဒီကနေ့ကျင့်သုံးနေတဲ့
ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ပေါ့၊ ဘယ်အချက်တွေက နိုင်ငံတော်အပေါ်မှာ အနှောင့်
အယှက်ဖြစ်ပြီးတော့ ဘယ်အချက်တွေက မကိုက်ညီဘူးလို့မြင်လို့လဲ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ
ပါဝင်တဲ့ ဘယ်အချက်တွေက ဒီမိုကရေစီကျင့်စဉ်နဲ့ မကိုက်ညီဘူးလဲ။

ဥပမာ တပ်မတော်က ၂၅ ရာခိုင်နှုန်းက ဒီမိုကရေစီနဲ့ မကိုက်ညီဘူးလို့ စွပ်စွဲကြတယ်။ အဲလိုမျိုးက
မြန်မာနိုင်ငံတစ်ခုတည်းမှာပဲ ဒီစနစ်ကို ကျင့်သုံးနေတာလား။ တချို့ကျင့်သုံးခဲ့တဲ့ နိုင်ငံတွေကော
မရှိဘူးလား။ တပ်မတော်က ၂၅ ရာခိုင်နှုန်းပါလို့ အာဏာကြီး သုံးရပ်မှာ ဘယ်လောက်အနှောင့်
အယှက်ဖြစ်လဲ။ ဒီအပေါ် မှာ စံတွေနဲ့ချိန်ထိုးရမှာ။

အဲဒါကြောင့်မို့ ၂၅ ရာခိုင်နှုန်းဆိုတာ ဒီမိုကရေစီနဲ့မညီဘူးဆိုတာထက် အဓိကသည် နိုင်ငံတော်ရဲ့
အချုပ်အခြာအာဏာ ဘယ်လောက်ထိခိုက်သလဲ။ နိုင်ငံတော်၊ ပြည်ထောင်စု မပြိုကွဲရေးအတွက်
ကိစ္စတွေဖြစ်တယ်။

နိုင်ငံတော်အတွက် အရေးအကြီးဆုံးက ဒို့တာဝန်အရေးသုံးပါးပဲ။ ဒို့တာဝန်အရေးသုံးပါးဆိုတာ
တပ်မတော် တစ်ခုတည်းခံယူတာ မဟုတ်ဘူး။ တိုင်းရင်းသားတွေအားလုံးနဲ့စုစည်းထားတာဖြစ်လို့
တိုင်းရင်းသားတွေပြိုကွဲလို့ မရဘူး။ အလားတူနိုင်ငံတော် အချုပ်အခြာအာဏာ ပြိုကွဲသွားရင်
မြန်မာပြည်ကြီး ပျောက်ကွယ်သွားမှာပေါ့။

ဒီတော့ ၂၅ ရာခိုင်နှုန်း ပါနေတာ အနှောင့်အယှက်ဖြစ်စရာ မရှိဘူး။ ဒီမိုကရေစီကျင့်စဉ်မှာ
တပ်မတော်က ကူညီပေးတာပဲရှိတယ်။ လွယ်လွယ်ပြောမယ်ဆိုရင် ဥယျာဉ်မှူးတစ်ယောက်က
မိမိရဲ့ ပန်းဥယျာဉ်ထဲမှာ ကိုယ်စိုက်ပျိုးပြုစုလာတဲ့ ပန်းထဲကတော့ ပိုင်ဆိုင်ခွင့်ရှိတာပဲ။

ဒီကနေ့ တပ်မတော်ဟာလည်း ဒီမိုကရေစီဆိုတဲ့ ပန်းခင်းကြီးကို တပ်မတော်အစိုးရလက်ထက်မှာ
တပ်မတော်ကပဲ ပြုစုပျိုးထောင်ပေးခဲ့တာ။ တစ်နည်းအားဖြင့်ပြောရရင် တပ်မတော်ကပဲ ချပြခဲ့တာ
ပဲ။ တပ်မတော်ကပဲ ဒီလမ်းကြောင်းကို တင်ပေးခဲ့တာပဲ။ ဥယျာဉ်မှူးတစ်ယောက်အနေနဲ့ ဒီပွင့်နေတဲ့
ပန်းတွေကို ပိုင်ဆိုင်ခွင့်မရှိဘူးလား။

ဒါတွေနဲ့ပတ်သက်ပြီး တပ်မတော်ကကော ပြည်သူလူထုနဲ့တန်းတူခံယူခွင့် မရှိဘူးလား။ ဒီကနေ့
စွပ်စွဲနေတာ တစိတ်ရှိရင် တပ်မတော်ကပဲ။ တပ်မတော်က ထဲထဲဝင်ဝင်ဘာလုပ်သလဲ။ ပြည်သူ
လူထုဒုက္ခ ရောက်အောင် ဘာလုပ်သလဲ။ ဒီမိုကရေစီကျင့်စဉ်မှာ အနှောင့်အယှက် ဘာတွေလုပ်
သလဲ။ ဒါတွေနဲ့ ချိန်ထိုးရမှာ။

အရင်တုန်းကလို တပ်မတော်က တရားစီရင်ရေး၊ ဥပဒေရေးမှာ ၀င်စွက်ဖက်တယ်ဆိုရင်တော့
ဒီမိုကရေစီနဲ့ မကိုက်ညီဘူးပေါ့။ ဒီကနေ့ နှစ်နှစ်ခွဲကျော်ကာလမှာ တပ်မတော်က ဒါတွေနဲ့
ပတ်သက်လို့ ဘာမှမထိဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်နေတာ။ နိုင်ငံတော် ကာကွယ်ရေးတာဝန်မှ
တစ်ပါးမလုပ်ဘူး။ ဒုတိယလေ့ကျင့်ရေး တာဝန်ကိုလုပ်တယ်။ ပြည်သူလူထု ဘာမှအနှောင့်အယှက်
မဖြစ်ဘူး။

အဲဒီအပြင် ပြည်သူလူထု အကျိုးပြု ဥပမာ မိတ္ထီလာ အရေးအခင်းလိုဟာမျိုး တပ်မတော်ကသာ
မပါရင် ဘယ်လိုဖြစ်သွားမလဲ။ တစ်မြို့လုံး မီးလောင်ပြာကျသွားမှာ။ အခု သပိတ်ကျင်း ငလျင်
မှာလည်း တပ်မတော်က အစောဆုံးရောက်တာပဲ။ ပြည်သူ့အကျိုးပြုဆိုတာဒါပဲ။

* ဒီမိုကရေစီစနစ်ကို စပြီး ကျင့်သုံးတဲ့အချိန်မှာ တပ်မတော်က အရေးကြီးအခန်းကဏ္ဍ
မှာ ရှိပေမယ့် တဖြည်းဖြည်းနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့ချသွားရတဲ့
အနေအထားတွေ လည်းရှိတယ်လေ။ ဗိုလ်ချုပ်ကြီးတို့ဘက်ကကော အနာဂတ်
တပ်မတော်ကို ဘယ်လိုပုံသဏ္ဌာန်မျိုးနဲ့ အသွင်ပြောင်းဖို့ စဉ်းစားထားလဲ။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် ထိုင်းနိုင်ငံမှာ ပြောခဲ့တာပဲ။ ဒီမိုကရေစီ ဖော်ဆောင်
ရေးနဲ့ ပတ်သက်ပြီး တပ်မတော်က အပြည့်အ၀ကူညီပေးမယ်။ နောက်ကြောင်းပြန် မသွားဘူးဆိုပြီး
အပြည့်အ၀ တိတိကျကျပြောထားတာ။

ဒီကနေ့ ဒီမိုကရေစီ ဖော်ဆောင်ရေးလမ်းကြောင်းမှာ နိုင်ငံရေး ဖြစ်စဉ် ကိုသွားဖို့အတွက် အပင်ပန်းခံ
ပြီးတော့ ငြိမ်းချမ်းရေးကို မရရအောင် ထဲထဲဝင်ဝင် ကြိုးပမ်းဆောင်ရွက်နေတယ်။ တစ်ဖက်က
နိုင်ငံတော်အစိုးရကို ကူညီပေးနေတယ်။ တစ်ဖက်က နိုင်ငံရေးဖြစ်စဉ်တွေ ဆောင်ရွက်နိုင်အောင်
လုပ်ပေးနေတာ။

နိုင်ငံရေး ဖြစ်စဉ်ဆိုတဲ့နေရာမှာ ပြောင်းလဲမှုတွေ အများကြီး ဆောင်ရွက် ပေးနေတယ်။ ပြောင်းလဲမှု
ဖြစ်စဉ်တွေမှာ တပ်မတော်က လိုက်ပါဆောင်ရွက်ပေးနေတယ်။ အဓိကက ကာကွယ်ရေးတာဝန်
လုပ်တယ်။

ကာကွယ်ရေးမရှိရင် လေ့ကျင့်ရေး လုပ်တယ်။ လေ့ကျင့်ရေး၊ ကာကွယ်ရေးမရှိရင် ပြည်သူ့အကျိုး
ပြုလုပ်တယ်။ ဒါသည် အဓိကထမ်းဆောင်နေတဲ့ တာဝန်ပဲ။ တပ်မတော်ရဲ့ သမိုင်းကြောင်းကို
ပြန်ကြည့်ရင် တပ်မတော်သည် ဒီကနေ့အထိ အခက်အခဲ အကျပ်အတည်းမျိုးစုံနဲ့ ကျော်ဖြတ်ပြီး
ဒီနေ့နှစ်ပေါင်း ၆၀ ကျော်လာတယ်။

သီပေါမင်း ပါတော်မူတုန်းက တပ်မတော်အင်အားက ၁၅,၃၄၅ ယောက်ပဲ ရှိတယ်။ အဲဒီတုန်းက
တိုင်းပြည်လူဦးရေက ၁၂ သန်း၊ ဗိုလ်ချုပ်အောင်ဆန်း တိုင်းပြည်ထူထောင်တဲ့ အချိန်တုန်းက
တိုင်းပြည်လူဦးရေ ၁၇ သန်းမှာ တပ်မတော် အင်အားက ထောင်ဂဏန်းနဲ့ စတင်ခဲ့ရတာ။

ဒီကနေ့တပ်မတော်သည် အင်အားတောင့်တင်းတဲ့၊ စွမ်းရည်ပြည့်ဝတဲ့၊ ခေတ်မီတဲ့ မျိုးချစ်
တပ်မတော် ဖြစ်အောင် သွားနေတာ။ အဲဒီလို သွားနေတဲ့အချိန်မှာ တပ်မတော်က ဘယ်လိုပြုပြင်
ပြောင်းမလဲဆိုတော့ ဘာမှပြောင်းစရာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ့တည်ဆောက်နေတဲ့
တပ်မတော်ဆိုတာ ပြည်သူ့ တပ်မတော်၊ ပြည်ထောင်စု တပ်မတော်ပဲ။ ပြည်ထောင်စုတပ်မတော်မှာ
ကိုယ်တို့ခံယူချက်က ပြည်ထောင်စု မပြိုကွဲရေးနဲ့ ဒို့တာဝန် အရေးသုံးပါးပဲ။ ဒီယုံကြည်ချက်
ခံယူချက်နဲ့ ဒီတာဝန်ကြီး သုံးရပ်နဲ့ဒီအတိုင်းဆက်သွားနေမှာပဲ။

အဲဒီတော့ ဖွဲ့စည်းပုံအရလည်း ဒီကနေ့ တည်ဆောက်ထားတဲ့ အင်္ဂါလေးရပ်နဲ့ညီညွတ်တဲ့
တပ်မတော်ဖြစ်အောင် ဆက်သွားမယ်။ ဒါဟာ ဒို့ရဲ့ ပရော်ဖက်ရှင်နယ် တပ်မတော်ပဲ။
ပရော်ဖက်ရှင်နယ်ဆိုတာ စစ်တိုက်တာ တစ်ခုတည်းမဟုတ်ဘူး။ နိုင်ငံတကာတချို့မှ သူတို့ဖြစ်စေ
ချင်သလို ကြေးစားတပ် လစာပေးထားတယ်။ ရိက္ခာပေးထားတယ်။ ဘာမှမလုပ်နဲ့။ နိုင်ငံရေးမှာ
ဘာမှမလုပ်နဲ့။ နိုင်ငံရေးမှာဘာမှ လုပ်စရာမရှိဘူး။

သို့သော် ခုနပြောသလို တပ်မတော်ရဲ့ နိုင်ငံရေးဆိုတာ အမျိုးသားရေးပဲ။ ခုနပြောတဲ့ ပဋိပက္ခတွေ
ဖြစ်လာရင်၊ လိုအပ်ရင် ပါဝင်ဆောင်ရွက်ရမှာပဲ။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်တာ တပ်မတော်
ရဲ့ နိုင်ငံရေးပဲ။ ဒီအတိုင်းဆက်လက် ကျင့်သုံးသွားမှာပဲ။ ပြောင်းလဲစရာဘာမှ မရှိဘူး။

* လက်ရှိ လွှတ်တော်မှာ ပါဝင်တဲ့ တပ်မတော်သား ၂၅ ရာခိုင် နှုန်းကို တပ်မတော်က
တိုက်ရိုက်ရွေးချယ်ခန့်ထားတာဆိုတော့ ၂၀၁၅ နောက်ပိုင်းမှာ ပြည်သူလူထုရွေးချယ်မှုနဲ့
ကိုယ်စားလှယ် အစားထိုးဖို့ရှိပါသလား။

အဲဒါကတော့ ဖွဲ့စည်းပုံကိုစောင့်ရှောက်ဖို့ တပ်မတော်မှာ တာဝန်ရှိတာပဲ။ သို့သော် တပ်မတော်က
ကျွန်တ်ာတို့ကတော့ ဘယ်လောက်ပါပါ့မယ်ဆိုပြီး တောင်းဆိုတာ မဟုတ်ဘူး။ နိုင်ငံရေးအရ၊
အခြေအနေအရ၊ သမိုင်းကြောင်းအရ လိုအပ်လို့ ခုနကပြောသလို တပ်မတော်သည် နိုင်ငံရေးမှာ
ထိန်းညှိဖို့ လိုတယ်လို့ထည့်ခဲ့လို့ ဒီကနေ့ဒီတာဝန်ကို ထမ်းဆောင်နေတာ။

ဒီအပေါ်မှာ တပ်မတော်အနေနဲ့ ဘာမှအငြင်းပွားစရာ အကြောင်မရှိဘူး။ ၂၅ ရာခိုင်နှုန်း ဘယ်တော့
လျှော့ချမလဲ၊ တပ်မတော်က ဘာဖြစ်တယ် ဘာမှပြောစရာမရှိဘူး။ အခြေခံဥပဒေကို ပြင်ချင်တယ်။
သူ့ဘာသာ လုပ်ထုံးလုပ်နည်းနဲ့ ညီအောင်ရအောင်လုပ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ ဖြစ်လာတဲ့
အပေါ်မှာ တပ်မတော်က ဘာမှပြောစရာ မရှိဘူး။ ဆက်ပြီးတော့ ကိုယ့်တာဝန်ကို ဆက်လက်
ထမ်းဆောင်နေမှာပဲ။

* အခုလတ်တလော အငြင်းပွားနေတဲ့ ၂၀၀၈ ကို ပြင်မလား၊ အသစ်ပြန်ဆွဲမလားဆိုတဲ့
အပေါ်မှာ တပ်မတော်ဘက်ကကော ဘယ်လို သဘောထားမှတ်ချက်ပေးချင်လဲ။

တပ်မတော်သားတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ
တစ်ဦးတည်းဆန္ဒနဲ့ လုပ်ခဲ့တာမဟုတ်ဘူး။ ပြင်မလား။ ဘာလုပ်မလဲဆိုရင် ဘာမှ ပြောစရာ
အကြောင်းမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူ အများစုကလက်ခံပြီး ရေးဆွဲထားတဲ့ဟာ။

ပြည်သူအများစုက ပြင်ပါ့မယ်ဆိုရင်လည်း ကိုယ်တို့က ဘာမှမတတ်နိုင်ဘူး။ ဒီအပေါ်မှာ
တပ်မတော်ဆိုတာက ပြည်သူထဲကပဲ။ ပြည်သူကို ကိုယ်စားပြုတာပဲ။ သို့သော်လည်း ပြင်သင့်
လား၊ မပြင်သင့်ဘူးလားဆိုတာတော့ စဉ်းစားဖို့လိုတယ်။

ကျင့်သုံးတဲ့ အတိုင်းအတာ ဘာမှမရှိသေးတဲ့ကာလမှာ သူပြော၊ ငါပြောနဲ့တော့ မလုပ်သင့်ဘူး။
ဘယ်လောက်အကျိုးရှိလဲဆိုတာ လက်တွေ့ ကျင့်သုံးကြည့်မှ သိလာတာ။ တပ်မတော်နဲ့မဆိုင်ဘဲ
ကိုယ့်တစ်ဦးတည်း ဆန္ဒအရ ပြောပါဆိုရင်တော့ အချိန်သိပ်စောလွန်း သေးတယ်။

အိအိတိုးလွင် - မြန်မာတိုင်း(မ်)