Home » » နန်းမြို့ဟောင်းမှ သမိုင်းအမွေ

နန်းမြို့ဟောင်းမှ သမိုင်းအမွေ

Written By Unknown on Monday, November 25, 2013 | 3:53 PM

Written by  မြနှင်းအေး

မြန်မာဘုရင်မင်း ၃၁ ဆက်၊ နှစ်ပေါင်း ၄၀၀ ကြာ နန်းစိုက်မြို့တော် ဖြစ်ခဲ့သော မင်းနေပြည်တော် အင်းဝမြို့ဟောင်းတွင် နိုင်ငံခြားသား ခရီးသွားများ၊ ဒေသခံများဖြင့် စည်ကား ရှုပ်ထွေးနေပြီး သက်ဝင်လှုပ်ရှားလျက် ရှိသည်။ အချို့သော ဒေသခံများက မြေသားဖြင့် ပြုလုပ်ထားသော ရှေးဟောင်းဆေးတံ၊ ခေါင်းလောင်းများနှင့် အမှတ်တရ ပစ္စည်းများစွာ ကိုင်ဆောင်ရင်း နိုင်ငံခြားသား ခရီးသည်များကို သူတို့ တတ်သမျှ၊ မှတ်ထား သမျှ ဘာသာစကား မျိုးစုံဖြင့် ရောင်းချနေကြသည်။

မင်းနေပြည်တော် အင်းဝမြို့ဟောင်းသည် ကမ္ဘာလှည့်ခရီးသည် အများစု လာရောက် လေ့လာ လည်ပတ်ရာ နေရာတစ်ခု ဖြစ်နေပြီး ကမ္ဘာလှည့် ခရီးသည်များကို အခြေပြု၍ ဒေသခံများနှင့် နိုင်ငံအတွက် ဝင်ငွေနှင့် အလုပ်အကိုင် ပေါ်ထွန်းစေသော စီးပွားရေး ဈေးကွက်တစ်ခု အသွင်ပြောင်းလဲ စေခဲ့ပြီ။

“အစ်မကြီးက ဗမာလား။ နိုင်ငံခြားသားလား” ဟု ဇဝေဇဝါ မျက်လုံးများနှင့် စူးစမ်းလေ့လာရင်း ပြောဆိုလိုက်သူက ကိုထက်ဆိုသော ကလေးငယ်တစ်ဦး ဖြစ်သည်။ မယ်နု အုတ်ကျောင်းရှေ့တွင် ဧည့်သည်များကို အင်္ဂလိပ်စကား မပီကလာ ပီကလာဖြင့် သူ့လက်ထဲမှ ပို့စကတ်များကို ဝယ်ယူစေရန် ပြောဆို ရောင်းချနေသည်။
မြန်မာနိုင်ငံသားမှန်း သိတော့မှ ကိုထက်က ပို့စ်ကတ် ရောင်းချမှုကို ရပ်ဆိုင်းကာ “ကျွန်တော် မယ်နု အုတ်ကျောင်းသမိုင်း ရှင်းပြမယ်” ဆိုပြီး ဧည့်သည်များကို သမိုင်းကြောင်း ရှင်းပြရန် မယ်နု အုတ်ကျောင်း အတွင်းသို့ ဦးဆောင် ခေါ်ဆောင်သွားသည်။

မယ်နု အုတ်ကျောင်းခေါ် အောင်မြေဘုံစံ အုတ်ကျောင်းသည် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အတွင်း တည်ရှိသော အင်းဝ နန်းမြို့ဟောင်းမှ ရှေးဟောင်း အနုပညာလက်ရာ အဆောက်အအုံတစ်ခု ဖြစ်သည်။

မယ်နုအုတ်ကျောင်းကို မြန်မာသက္ကရာဇ် ၁၁၈၄ ခုနှစ် (အင်္ဂလိပ်သက္ကရာဇ် အေဒီ ၁၈၂၂ ခုနှစ်) တွင် ဘကြီးတော် မင်းတရားကြီးနှင့် နန်းမတော်မယ်နုတို့က ပုညာဘိသိရီသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု ညောင်ကန် ဆရာတော် ဦးပိုအား လှူဒါန်းခဲ့သည်။ ထိုကျောင်းတော်ကို အုတ်၊ အင်္ဂတေတို့ဖြင့် မိဖုရားခေါင်ကြီး မယ်နုက တည်ဆောက်ခဲ့သောကြောင့် မယ်နု အုတ်ကျောင်းဟု ထင်ရှားသည်။
မယ်နု အုတ်ကျောင်းသည် ဇေတဝန်ဆောင်နှင့် ပြာသာဒ်ဆောင် ပါဝင်သည့် သစ်သား ဘုန်းတော်ကြီးကျောင်းနှင့် သဏ္ဌာန်တူ ဆောက်ထားပြီး လက်ရာမြောက်သော ကုန်းဘောင် ခေတ်နှောင်း မြန်မာ့ဗိသုကာ၊ ပန်းရန်နှင့် ပန်းတမော့ အနုလက်ရာ များကြောင့် ထင်ရှားသည်။

မယ်နု အုတ်ကျောင်းအပြင် အင်းဝ မြို့ဟောင်းတွင် ၁၉ ရာစု အစောပိုင်း မြန်မာ့ ဗိသုကာ အနုပညာ၏ နမူနာ ပုံစံတစ်ခုအဖြစ် လေ့လာနိုင်သည့် နန်းမြင့်မျှော်စင်၊ ဧရာဝတီ မြစ်ကြောင်းမှ ဆန်တက်လာမည့် နယ်ချဲ့တို့အား ခုခံတိုက်ခိုက်ရန် ရတနာပုံ နေပြည်တော်အနီး အင်းဝတွင် တည်ဆောက်ထားသော ဆင်ကျုံးခံတပ်၊ ကျွန်းတိုင်ပေါင်း ၂၆၇ လုံးရှိသည့် သစ်သား ကျောင်းတော်ကြီးဖြစ်သော ဗားကရာ ကျောင်းတော်ကြီး အပါအဝင် ရှေးဟောင်း အဆောက်အအုံများစွာ တည်ရှိနေသည်။

ရှေးဟောင်း အမွေအနှစ်များစွာ ရှိနေသော အင်းဝမြို့ဟောင်းမှာ ယခုအခါ ဒေသခံများနှင့် နိုင်ငံအတွက် ဝင်ငွေ ရှာပေးနိုင်သော ခရီးသွား ဒေသကြီးတစ်ခု ဖြစ်လာသော်လည်း ထိုက်တန်သည့် ပြုစု စောင့်ရှောက်ထိန်းသိမ်းမှု မရှိဘဲ လျစ်လျူရှု ခံထားရသည့် အသွင်သဏ္ဌာန်များ တွေ့မြင်ရသည်။
“မနှစ်က မိုးတွင်းဆိုရင် အင်းဝမှာ ဗွက်ထနေလို့ ရှေးဟောင်းကိုပြောတော့ စည်ပင်ကို လွှဲချတယ်။ စည်ပင်ကို ပြောတော့ ရှေးဟောင်းကို ပြန်လွှဲချတယ်။ နောက် ဟိုတယ်ခရီးကို လွှဲပြန်တယ်။ နောက် ဆုံး တိုင်းဒေသကြီး အစိုးရအဖွဲ့ကို လွှဲတယ်။ ခေါင်းရှောင်ကြတယ် ပြောရမှာပေါ့။ တစ်ဌာနနဲ့ တစ်ဌာနက ပူးပေါင်း လုပ်ဆောင်မှု မရှိဘူး” ဟု မန္တလေးမြို့ အခြေစိုက် ဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။

နန်းတော် မြောက်ရွာသားဖြစ်သော အသက် ၁၃ နှစ်အရွယ် ကိုထက်သည် လေးတန်းအထိသာ စာသင်ကြားဖူးပြီး မွေးချင်း ခုနစ်ဦးရှိသော သူ့အဖို့ မိသားစု စီးပွားရေး ပြေလည်စေရန် မယ်နု အုတ်ကျောင်းတွင် နိုင်ငံခြားသားများကို ပို့စ်ကတ်ရောင်း၊ မယ်နု အုတ်ကျောင်း သမိုင်းကြောင်းကို အင်္ဂလိပ်လို ခပ်တိုတို ပြောနိုင်ရန် ကျက်မှတ် လိုက်ပြောပြရင်း ဧည့်သည်များပေးသော မုန့်ဖိုးဖြင့် အိမ်စရိတ်ကို တစ်ဖက်တစ်လမ်းမှ ကူညီ ဖြေရှင်းနေသူလည်း ဖြစ်သည်။
“အဖေက ကြုံရာအလုပ် လုပ်တယ်။ ရေခပ်ရောင်း၊ အုန်းပင်ရှင်း၊ ပေါင်းရှင်းတယ်။ အုန်းပင် ဘယ်လောက်ရှည်ရှည် တက်ကျွမ်းတယ်” ဟု ဂုဏ်ယူသော အပြုံးဖြင့် ကိုထက်က ဧည့်သည်များကို ပြောဆိုနေစဉ် “သူ့အမေကတော့ သေပြီ” ဟု သူ့ သူငယ်ချင်းက ဝင်ရောက် ပြောဆိုလိုက်သော အခါတွင် ကိုထက်မျက်နှာ နွမ်းလျသွားသည်။ အရွယ်နှင့် မလိုက်အောင် ပင်ပန်း ဆင်းရဲသော ဘဝဒဏ်ရာ ဒဏ်ချက်များ ရှိနေသည်ကို နွမ်းလျသော သူ့မျက်နှာ အသွင်အပြင်ကို ကြည့်ခြင်းဖြင့် သိမြင်နိုင်သည်။

အင်းဝမြို့ဟောင်းတွင် ရွာပေါင်းများစွာ တည်ရှိနေပြီး ထိုရွာများမှ ဒေသခံများသည် တောလုပ်ငန်း၊ ပန်းရန်၊ လက်သမား၊ ရွှေကျင်၊ ဝါးလုပ်ငန်းစသော လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ အနည်းစုသော ဒေသခံများမှာ ရှေးဟောင်း အဆောက်အအုံများ နားတွင် လက်မှုပစ္စည်းများ ရောင်းချခြင်း၊ ခရီးသွား ဧည့်သည်များကို လိုက်လံ ပို့ဆောင်ပေးသော မြင်းလှည်း မောင်းခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။

ခရီးသွားရာသီချိန် ဖြစ်သဖြင့် အင်းဝ မြို့တော်သို့ နိုင်ငံခြားသား ဧည့်သည်များ တဖွဲဖွဲ ရောက်လျက်ရှိသည်။ ဧရာဝတီမြစ်ကို သမ္ဗန်နှင့် ဖြတ်သန်းကာ အင်းဝမြို့ထဲ လေ့လာရေး သွားလိုသည့် နိုင်ငံခြားသား ဧည့်သည်များ တံတားဦး၊ အင်းဝမြို့ဟောင်း အိုးတုတ္တန်းဂိတ် မြင်းယာဉ် အသင်း၏ မြင်းလှည်းများ နားတွင် အများအပြားပင်။

မြင်းချေးနံ့များ လှိုင်နေသော ထိုဂိတ်တွင် မြင်းလှည်း စီးရေပေါင်း ၁၀၀ ကျော် ရှိသည်။ အလှည့်ကျ စနစ်နှင့် ဧည့်သည်များကို အင်းဝ မြို့တွင်းသို့ လိုက်ပါ ပို့ဆောင်ခွင့် ရကြောင်း အဆိုပါ အသင်းထံမှ စုံစမ်းသိရှိရသည်။
မြင်းလှည်း မောင်းသမား ဦးမင်းဘိုကတော့ ညနေ ၆ နာရီအထိ မြင်းလှည်း ဆွဲရပြီး နိုင်ငံခြားသားများ အလာများသော ရက်များတွင် တစ်နေ့ ဝင်ငွေတစ်သောင်းကျော် ရကြောင်း ဆိုသည်။
“မြင်းကို ငါးသိန်းနဲ့ ဝယ်ထားတာ။ ၂ နှစ်အတွင်းတော့ မြင်းဖိုးကျေပြီ။ မြင်းလှည်းက များတော့ အလှည့်ကျနဲ့ ဆိုတော့ တစ်နေ့ တစ်ခေါက်လောက်ပဲ မောင်းရတာ များတယ်” ဟု မြင်းကို ကျာပွတ်ဖြင့် လှမ်းရိုက်ရင်း ဦးမင်းဘိုက ပြောဆိုသည်။

အင်းဝမြို့ဟောင်း အိုးတုတ္တန်းဂိတ် မြင်းယာဉ် အသင်းတွင် အမျိုးသမီး မြင်းလှည်းမောင်းသူ ငါးယောက်ထက်မနည်း ရှိသည်။ မြင်းလှည်းကို ကျင်လည်စွာ မောင်းနေသော ထိုအမျိုးသမီး မြင်းလှည်း မောင်းသူများကို နိုင်ငံခြားသားများ အလွန်သဘောကျသည့် ဟန်ဖြင့် ဓာတ်ပုံများ တဖျတ်ဖျတ် ရိုက်လျက် ရှိသည်။

ခေတ္တအကြာတွင် ပုဆိုးတိုတို အင်္ကျီဖြူညစ်ညစ်ကို ဝတ်ဆင်ထားသော လူတစ်ဦး ကူးတို့ဆိပ်မှ မြင်းလှည်း ဂိတ်ဆီသို့ “အားလုံး ဆယ့်သုံးစီးဟေ့။ ပြင်ထားကြ။ ဘယ်သူ့ အလှည့်တွေလဲ” ဟု အော်ပြောရင်း ပြေးလာသည်။ အားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကာ မကြာမီ မြင်းလှည်းများ တန်းစီ၍ အင်းဝ မြို့တော်ဟောင်းဆီသို့ ဦးတည် ထွက်ခွာ သွားကြသည်။

ချိုင့်ခွက်ပေါင်း များစွာဖြင့် ဆိုးရွားလှသော မြေသားလမ်းကျဉ်းကျဉ်းပေါ် မြင်းလှည်းများ ကဆုန်ပေါက် ပြေးလွှားနေသည်။ မြင်းလှည်းစီးရန် အားတက်သရော ပျော်ရွှင်နေသော နိုင်ငံခြားသားများမှာ မြင်းလှည်း ထိုင်ခုံနှင့် တင်ပါးမထိလောက်အောင် လွန်းပျံ ခုန်နေမှုကြောင့် ဘေးသံတိုင်များကို မြဲမြံစွာကိုင်ရင်း လိုက်ပါလာလျက် ရှိသည်။
“အင်းဝမြို့ဟောင်းကို သွားတဲ့လမ်း ဒီလောက် ဆိုးလိမ့်မယ် မထင်မိဘူး” ဟု မြို့တော်ဟောင်းသို့ လေ့လာရေးလာသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

မယ်နုအုတ်ကျောင်း၊ နန်းမြင့်မျှော်စင်၊ ဗားကရာကျောင်း အပါအဝင် ရှေးဟောင်း နေရာလေးနေရာသို့ သွားရန် မြင်းလှည်းခ ၆၀၀၀ ကျပ် ကျသင့်သည်။ နိုင်ငံခြားသားများမှာ မြင်းလှည်း စီးရခြင်းကို အလွန် ကြိုက်နှစ်သက်ဟန်ဖြင့် မြင်းလှည်းများ အစီအရီ တက်စီးကြရင်း ရှေးဟောင်း လက်ရာများ တည်ရှိရာ အဆောက်အအုံများကို လည်ပတ်ရန် သွားနေကြသည်။

ဆိုးရွားလှသော လမ်းများနှင့် အင်းဝ မြို့တော်ဟောင်းမှာ မေ့လျော့ ခံထားရသော မြို့ကြီး ဖြစ်လို့နေသည်။ လာလည်သော ဧည့်သည်များအတွက် ခဏအမောဖြေ အနားယူစရာ စားသောက်ဆိုင် ကောင်းကောင်း၊ သန့်စင်ခန်း ကောင်းကောင်းလည်း အလုံအလောက် မရှိ။
“အခု နိုဝင်ဘာမှာတော့ မနှစ်ကထက် နိုင်ငံခြားသား ပိုဝင်တယ်။ အိမ်သာတွေ မလုံလောက်တာအပြင် ရှိတဲ့ အိမ်သာတွေ ကလည်း ညစ်ပတ်နေတာပဲ။ သန့်ရှင်းရေးပိုင်း အားနည်းနေတုန်းပဲ” ဟု ဧည့်လမ်းညွှန် တစ်ဦးက ပြောကြားသည်။

မီးခိုးမထွက် စီးပွားရေးဖြစ်သော ခရီးသွား လုပ်ငန်းကြောင့် နိုင်ငံ့ဝင်ငွေ တိုးတက်နိုင်သည့်အပြင် ထိုဒေသရှိ ဒေသခံများ၏ နေထိုင်မှုဘဝ၊ စီးပွားရေးကိုလည်း မြှင့်တင်ပေးနိုင်သည်။ သမိုင်း အမွေအနှစ် များကို သေချာ ထိန်းသိမ်းရုံ၊ လမ်း၊ ဆက်သွယ်ရေးစနစ် ကဲ့သို့သော အခြေခံ အဆောက်အဦ ပိုင်းကို ကောင်းစွာ ပြုလုပ်ပေးထားရုံနှင့် ကိုယ့်အိတ်ကပ်ထဲကို ငွေများ ဒလဟော ဝင်လာနိုင်မည့် အခွင့်အရေးပင် ဖြစ်သည်။

မြို့တော်ဟောင်းသို့ လာသော နိုင်ငံခြားသား ဧည့်သည်များကို ဝင်ကြေး၊ ကင်မရာ အသုံးပြုခ၊ သမ္ဗန်စီးခ စသကဲ့သို့ အမျိုးမျိုး ကောက်ခံနေသော ငွေကြေးများ မည်သည့် နေရာသို့ စီးဆင်းသွား သည်ကိုလည်း ပွင့်လင်း မြင်သာစွာ ယခုအချိန်ထိ မသိရသေးကြောင်း ဧည့်လမ်းညွှန်များထံမှ သိရှိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် စီးပွားရေး စီမံကိန်းများစွာ လုပ်ဆောင်လျက် ရှိသည်။ ထိုစီမံကိန်းကြီး များတွင် အသုံးပြုမည့် ငွေကြေး အများအပြားထဲမှ အချို့တစ်ဝက်ကို မြို့တော်ဟောင်း မွမ်းမံမှုအပိုင်း၊ အခြေခံ အဆောက်အဦ တည်ဆောက်မှု အပိုင်းတို့တွင် အသုံးပြုသင့်ကာ မြို့ဟောင်းကို ယခုထက် နိုင်ငံခြားသားများ ပိုမိုလာရောက် နိုင်စေရန် လုပ်ဆောင်သင့်သည်ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက အကြံပြုသည်။

နန်းမြင့်မျှော်စင် အနီးတွင် ရှေးခေတ်လက်ရာ လက်မှုပစ္စည်းများ ရောင်းချသူ ဒေသခံ မနွယ်ကမူ အရောင်းအဝယ် မကောင်းဟု ညည်းတွားသည်။
ရှေးခေတ် ဆေးတံ၊ မီးခြစ်၊ ထုံးဘူး၊ ကြေးဇွန်း၊ ခေါင်းလောင်းစသည့် ပစ္စည်းများကို ခုံလေးပေါ် တင်ရောင်းနေသော သူ့အတွက်မူ ထိုနန်းမြင့် မျှော်စင်ရှိ အခြားသော ဆိုင်ခန်းနှင့် ရောင်းသည့် ဆိုင်များလောက် ရောင်းမကောင်း။ ထို့ကြောင့် ဝင်ငွေ ပုံမှန်မရှိဟု ဆိုသည်။
“ဆိုင်တွေက အများကြီးလေ။ ရောင်းရတဲ့နေ့ ဆိုရင်တော့ ငါးထောင်၊ တစ်သောင်းလောက် ရတယ်။ ရောင်းရဖို့ကလည်း မလွယ်ပါဘူး” ဟု သူကပြောကြားသည်။

အစိုးရသစ်၏ ကျန်ရှိသည့် လ ၃၀ တွင် ပြည်သူ ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု သမ္မတဦးသိန်းစိန်က ရေဒီယိုမိန့်ခွန်း တစ်ခုတွင် ထည့်သွင်း ပြောကြားထားသည်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက်ပြီးနောက် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် ပါဝင်လာမှု၊ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်၏ ထင်သာမြင်သာရှိသော ပြုပြင်ပြောင်းလဲမှု များကြောင့် ကမ္ဘာ့နိုင်ငံ အများအပြားမှာ မြန်မာနိုင်ငံသို့ အာရုံစိုက်လျက် ရှိသည်။

ရွှေကျောင်း၊ မြနန်းစံကျော် ရွှေနန်းတော်၊ အမရပူရ ဗားကရာ၊ အင်းဝ ဗားကရာ၊ မယ်နု အုတ်ကျောင်း တို့ကို ငါးရက်အတွင်း တစ်ကြိမ် ဝင်ရောက် လေ့လာခွင့်ရမည့် Prepaid Card စနစ်ဖြင့် နိုင်ငံခြားသား တစ်ဦးလျှင် မြန်မာငွေ ကျပ်တစ်သောင်း ပြောင်းလဲ ကောက်ခံလျက် ရှိကြောင်း ယဉ်ကျေးမှုဝန်ကြီး ဌာနထံမှ သိရှိရသည်။

မန္တလေးခရိုင် ရှေးဟောင်း ယဉ်ကျေးမှုဇုန် ဝင်ကြေးအဖြစ်၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း မြန်မာငွေ ၂၇,၃၅၄,၄၀၀ ကျပ်၊ အမေရိကန်ဒေါ်လာ ၇၇၀,၁၆၅ ဒေါ်လာ ရရှိခဲ့ကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာငွေ ၄၃,၈၅၈,၇၀၀ ကျပ် ရရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၁,၀၅၁,၈၁၀ ဒေါ်လာ ရရှိခဲ့ကာ ယခင်နှစ်ထက် ဇုန်ဝင်ကြေး ပိုမိုရရှိခဲ့ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ ထပ်မံသိရှိရသည်။

မန္တလေးတိုင်းဒေသကြီးသို့ ယခင် နှစ်တစ်နှစ်ပတ်လုံး ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု ၁ ဒသမ ၀၆ သန်း ရှိခဲ့ပြီး ယခုနှစ်တစ်နှစ်ပတ်လုံး ကမ္ဘာလှည့် ခရီးသွား ဧည့်သည် နှစ်သန်းခန့် ဝင်ရောက်ရန် ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနထံမှ သိရှိရသည်။

ယခင်ထက် နိုင်ငံခြားသား ဝင်ရောက်လာမှု တိုးတက်လာသော ယခုလိုအချိန်တွင် ဒေသခံများ၏ ဘဝအဆင့်အတန်း တိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေးနှင့် နိုင်ငံ့ စီးပွားရေးတို့အတွက် အားသာချက် များစွာရှိသော ခရီးသွားလုပ်ငန်း ကဏ္ဍကို အစိုးရက အာရုံစိုက် လုပ်ဆောင်သင့်သည့် အချိန်ဟု ဆိုရပေမည်။
လုပ်ဆောင်နေသည်များ ရှိသော်လည်း လိုအပ်ချက် များစွာနှင့် စိန်ခေါ်မှုပေါင်းများစွာ ရှိနေသော ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရန် အင်းဝ မြို့သူမြို့သားတို့ စောင့်မျှော်လျက် ရှိသည်။

မယ်နု အုတ်ကျောင်း သမိုင်းကြောင်းကို ကျေလည်စွာ သိသမျှ ပြုံးရွှင် စိတ်ရှည်စွာ လိုက်ပြ ပြောပြနေသော ကိုထက်တစ်ယောက် ယနေ့အတွက် ဧည့်သည်များ ပေးသော မုန့်ဖိုးများကို လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း မယ်နု အုတ်ကျောင်းရှေ့သို့ ထပ်မံရောက်ရှိလာမည့် မြင်းလှည်းများကို မြင်နိုင်ရန် လမ်းမကြီးကို ငေးမောနေသည်။

မြနှင်းအေး

The Voice Weekly