Home » » အခြေခံဥပဒေ ပြင်ဆင်ရာတွင် အစွန်းမရောက်ရန် သမ္မတတိုက်တွန်း

အခြေခံဥပဒေ ပြင်ဆင်ရာတွင် အစွန်းမရောက်ရန် သမ္မတတိုက်တွန်း

Written By Unknown on Saturday, November 2, 2013 | 7:20 PM

ရန်ကုန်၊ နိုဝင်ဘာ ၁

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံရေးပါတီ အသီးသီးက စတင် လုပ်ဆောင်နေပြီဖြစ်သော အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အစွန်းရောက်ခြင်းကို ရှောင်သင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြောကြားသည့် ရေဒီယို မိန့်ခွန်းတွင် တိုက်တွန်း ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးတွင် မိမိဖြစ်လိုသော ဆန္ဒထက် မြန်မာနိုင်ငံ အတိတ်သမိုင်းကြောင်း၊ လက်ရှိနိုင်ငံရေး အခြေအနေနှင့် ဖြစ်ပေါ်လာနိုင်သည့် အနာဂတ် ကောင်းကျိုး ဆိုးကျိုးများကို စဉ်းစား တွက်ဆပြီး ဓမ္မဓိဋ္ဌာန်ကျကျ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း သမ္မတက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အစွန်းရောက် နည်းလမ်းများကို သုံးရန်မှာ လက်ရှိ နိုင်ငံရေး ဖြစ်စဉ်များနှင့် ကိုက်ညီမှုမရှိ ဖြစ်နေပြီး ဒီမိုကရေစီနိုင်ငံတွင် ပြည်သူများဆန္ဒ သည်သာ အဓိက ဖြစ်ကြောင်း NLD အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။
“အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ကွဲပြားတဲ့ အယူအဆတွေ ရှိနေပေမယ့် အစွန်းရောက်တဲ့ လုပ်ရပ်ကိုတော့ မလုပ်ပါဘူး” ဟု ၎င်းက ပြောကြားသည်။

NLD ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို စက်တင်ဘာလအတွင်း ဖွဲ့စည်းခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေး ပြည်သူ့ဆန္ဒ ကောက်ယူမည်ဖြစ်ကာ နိုဝင်ဘာလဒုတိယပတ်အတွင်း အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန်ထားသည်။

ရှမ်းတိုင်းရင်းသား တိုးတက်ရေးပါတီ SNDP အတွင်းရေးမှူး ဦးစိုင်းလှကျော်ကမူ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သောကြောင့် ပြင်ဆင်ချင်သောသူများ၊ အသစ်ရေးဆွဲလိုသူများအကြား သဘောထားကွဲလွဲမှုများ ရှိသော်လည်း အစွန်းရောက် နည်းလမ်းများကို ရှောင်ရှားပြီး ပြည်သူ့ဆန္ဒနှင့် ကိုက်ညီမှုများကို ဦးစားပေးသင့်ကြောင်း ပြောကြားသည်။
“လွတ်လပ်စွာ ပြင်ဆင်ခွင့်ရှိတယ်လို့ လမ်းဖွင့်ပေးထားတယ်ဆိုတော့ အစွန်းရောက် နည်းလမ်းဆိုတာကို ဘောင်နဲ့ ပြောသင့်တယ်” ဟု ၎င်းကပြောကြားသည်။

SNDP ပါတီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို စက်တင်ဘာလအတွင်းကပင် လုပ်ဆောင်ထားပြီးဖြစ်ကာ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီဝင်များမှတစ်ဆင့် လွှတ်တော်သို့ ပေးပို့မည် ဖြစ်ကြောင်း SNDP ထံမှ သိရသည်။

အလားတူ တိုင်းရင်းသားပါတီ ၁၅ ခုနှင့် ဖွဲ့စည်းထားသော NBF က အခြေခံဥပဒေ ပြင်ဆင်ချက်များကို နိုဝင်ဘာလဆန်းပိုင်းတွင် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်များကို အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ နိုဝင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ပြီး အဆိုပါကော်မတီ တွေ့ရှိချက်များကို ပြည်ထောင်စု လွှတ်တော်သို့ ဒီဇင်ဘာလအတွင်း ပေးပို့မည်ဟု သတ်မှတ်ထားသော်လည်း အချိန်တိုတောင်းမှုကြောင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပေးပို့မည် ဖြစ်ကြောင်း အဆိုပါ ကော်မတီက ထုတ်ပြန် ကြေညာထားသည်။

The Voice Weekly