Home » » တရုတ်မှ အသက် ၁၀ နှစ်အရွယ် ကျောင်းသား အတန်းဆရာ၏ ညွှန်ကြားချက်အရ အထပ် ၃၀ မြင့်သော တိုက်ပေါ်မှ ခုန်ချ သေဆုံး

တရုတ်မှ အသက် ၁၀ နှစ်အရွယ် ကျောင်းသား အတန်းဆရာ၏ ညွှန်ကြားချက်အရ အထပ် ၃၀ မြင့်သော တိုက်ပေါ်မှ ခုန်ချ သေဆုံး

Written By Unknown on Saturday, November 2, 2013 | 7:22 PM

တရုတ်နိုင်ငံမှ အသက် ၁၀ နှစ် အရွယ် ကျောင်းသား တစ်ဦးသည် အတန်းဆရာ၏ ညွှန်ကြားချက်အရ အထပ် ၃၀ တိုက် အမြင့်မှ ခုန်ချသေဆုံးသွားကြောင်း အစိုးရ သတင်းမီဒီယာကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတွင် ဖေါ်ပြသည်။

၎င်းသတင်းအား အစိုးရပိုင် သတင်းမီဒီယာတွင် အောက်တိုဘာလ ၃၁ ရက်နေ့က ဖေါ်ပြထားကြောင်း အေအက်ဖ်ပီ သတင်းက ဆိုသည်။

တိုက်ပေါ်မှ ခုန်ချ သေဆုံးသူ (၅) တန်း ကျောင်းသားငယ်အား ၎င်း၏ ဆရာမှ မိမိကိုယ်ကို ဝေဖန်ထားသော စာတစ်စောင်ရေးသားရန် အတန်းထဲတွင် ညွှန်ကြားခဲ့ကြောင်း၊ မရေးနိုင်ပါက တိုက်ပေါ်မှ ခုန်ချရန် ညွှန်ကြားခဲ့ကြောင်း သူ၏ ဆွေမျိုးများနှင့် အိမ်နီးချင်းများကို ကိုးကားပြီး တရုတ် အမျိုးသား ရေဒီယို၏ သတင်း ၀က်ဆိုက်တွင် ဖေါ်ပြထားဟု သိရသည်။

၎င်းကျောင်းသားငယ်သည် ဆရာ၏ ညွှန်ကြားချက်အတိုင်း မိမိကိုယ်ကို ဝေဖန်ထားသော စာလုံးရေ (၁၀၀၀) ပါ ဆရာအားတောင်းပန်စာအား မရေးသားနိုင်သဖြင့် နောက်ပိုင်းတွင် အထပ် (၃၀) အမြင့် တိုက်ပေါ်မှ ခုန်ချ သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

အေအက်ဖ်ပီ သတင်းတွင် အဆိုပါ ကျောင်းသားငယ် သေဆုံးသည့် နေ့ရက်နှင့် နေရပ်လိပ်စာများကိုမူ ဖေါ်ပြထားခြင်း မရှိပါ။

(နိရဉ္စရာ- ၂ နိုဝင်္ဘာ ၂၀၁၃)