Home » » ကြာညိုပြင်ရွာမှ ၆ နှစ် အရွယ် ကလေးမ သတ်ဖြတ်မူ သံသယ ဖြစ်ခံရသူ ၇ ဦးအား ဖမ်းဆီး စစ်ဆေး

ကြာညိုပြင်ရွာမှ ၆ နှစ် အရွယ် ကလေးမ သတ်ဖြတ်မူ သံသယ ဖြစ်ခံရသူ ၇ ဦးအား ဖမ်းဆီး စစ်ဆေး

Written By Unknown on Thursday, November 21, 2013 | 4:31 PM

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာမှ အသက် (၆) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား မဖွယ်မရာ ပြုလုပ် သတ်ဖြတ်မူနှင့် ပတ်သက်ပြီး သံသယ ဖြစ်ခံရသူ (၇) ဦးခန့်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး စစ်ဆေးမူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

သံသယဖြင့် ဖမ်းဆီးခံသူများမှာ ရခိုင် လူမျိုး (၄) ဦးနှင့် မွတ်ဆလင် (၃) ဦးတို့ ဖြစ်ကြောင်း ကျောက်တော် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။

“ သဲလွန်စတွေတော့ ပေါ်လာပါပြီ။ မကြာမီ ဖေါ်ထုတ်နိုင်ပါလိမ့်မယ်။ အခုတော့ စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် ဘာမှ အတိအကျ မပြောနိုင်သေးပါဘူး” ဟု ဆိုသည်။

ဖမ်းဆီးခံထားရသူ ရခိုင် (၄) ဦးမှာ အခင်းဖြစ်ပွားရာ ကြာညိုပြင် ကျေးရွာမှ ဖြစ်ကြောင်းနှင့် တခြား မွတ်ဆလင် (၃) ဦးမှာ အနီးအနားရွာက ဖြစ်ကြောင်း ရဲတာဝန်ရှိသူမှ ပြောကြားသည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး သိရသည်မှာ တန်ဆောင်မုန်း လပြည့်ကျော် (၁) ရက် နိုဝင်္ဘာလ ၁၈ ရက်နေ့ ညနေတွင်  ကျောက်တော်မြို့နယ် ကြာညိုပြင် ကျေးရွာတွင် ရွာသားများ အုပ်စုဖွဲ့ပြီး ကိုယ့်အဖွဲ့နှင့်ကိုယ် ထမင်းချက်စားကြကြောင်း၊ ​ဆောင်း​ဘောက်​နှင့် ​သီ​ချင်း​များ ​ဖွင့်​ပြီး ​ထမင်း ​ချက်​စား​ကြ​သဖြင့် ၁၂ ​နာ​ရီ​ကျော်​လောက်​အ​ထိ ​ရွာထဲတွင် ​လူ​သွား​လူ​လာ​များ ရှိခဲ့ကြောင်း၊ ​သေ​ဆုံး​သွား​သူ ဦးရွှေအောင်နှင့် ဒေါ်မိုးမိုးစံတို့ သမီး မိမိငယ် (၆) နှစ်မှာ ည ၁၀ ​နာ​ရီ​ ကျော်​လောက်​အ​ထိ ​အိမ်​တွင် ရှိနေခဲ့ကြောင်း၊ ၎င်း​နောက်​ပိုင်း ည ၁၁ ​နာ​ရီ​လောက်​တွင် ပျောက်သွားခဲ့ကြောင်း၊ ၎င်းကလေးမလေးအား နောက်တစ်နေ့  ၁၉ ​ရက်​နေ့ နံနက် စောစောပိုင်း ညဥ့် ၂ နာရီခန့်တွင် ​ရွာ​ အ​နောက်​ဖက် ​ကိုက် ၁၅၀ ​အ​ကွာ ​လယ်​ကွင်း​တွင် သေဆုံး၍ တွေ့ရှိခဲ့ရသည်ဟု သိရသည်။

မမိမိငယ်၏  ​အလောင်းအား အပေါက်ဝ တိုက်နယ် ဆေးရုံတွင် ဆေးစစ်ခဲ့ရာ သူမ၏ ဦး​ခေါင်း​တွင် ပေါက်​ပြဲ ​ဒဏ်​ရာ ၁ ​ချက်၊ မျက်​လုံး​ညို​မဲ ​ဒဏ်​ရာ ၁ ​ချက်နှင့် မိန်း​မ ​အ​င်္ဂါ​စပ်​တွင် သွေး​ယို​စီး​နေသည်ကို ​ဆေး​စစ်​ချက်​မှာ ​ရေးထားကြောင်း ဆေးရုံ ၀န်ထမ်း တစ်ဦးက ပြောသည်။

(နိရဉ္စရာ- ၂၁ နိုဝင်္ဘာ ၂၀၁၃)