Home » » ဂျပန် အထည်ချုပ်လုပ်ငန်းနှစ်ခု ရန်ကုန်တွင် လုပ်ကိုင်မည်

ဂျပန် အထည်ချုပ်လုပ်ငန်းနှစ်ခု ရန်ကုန်တွင် လုပ်ကိုင်မည်

Written By Unknown on Thursday, November 7, 2013 | 4:07 PM

ရန်ကုန်၊ နိုဝင်ဘာ ၆

ပြည်ပ အထည်ချုပ်လုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံမှု ယခုနှစ်အတွင်း သိသိသာသာ မြင့်တက်လာသော မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ အခြေစိုက် အထည်ချုပ် လုပ်ငန်းနှစ်ခုကို စက်ရုံတည်ဆောက် လုပ်ကိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည့် အဆိုပါ အထည်ချုပ်လုပ်ငန်း နှစ်ခုတွင် Flex Japan ၏ ကုမ္ပဏီခွဲ White Owl Fashion Co., Ltd. က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ Honeys Garment Industry Ltd. ကိုလည်း အောက်တိုဘာလ နောက်ဆုံးပတ် အတွင်းက ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် CMP အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ခွင့် ချထားပေးပြီး ဖြစ်ကြောင်း အဆိုပါ ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

CMP စနစ် လုပ်ငန်းများသည် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်သည်မှာ မှန်သော်လည်း ပြည်တွင်းရှိ လုပ်သားအများစုမှာ လုပ်ငန်းများနှင့် အလှမ်းဝေး၍ ကျွမ်းကျင်မှု မရှိသူများသောကြောင့် အချိန်ယူရကြောင်း ပဲခူးတိုင်းဒေသကြီးအတွင်း Coach၊ Gucci၊ DKNY အစရှိသော ပိုက်ဆံအိတ်များကို CMP စနစ်ဖြင့် ထုတ်လုပ်ရန် ပြင်ဆင်နေသော MGS ကုမ္ပဏီမှ တာဝန်ရှိသူ ဦးသန့်ဇင်ကြိုင်က ပြောဆိုသည်။

လက်ရှိတွင် CMP ဖြင့် လုပ်ကိုင် ဆောင်ရွက်မည့် လုပ်ငန်းအသီးသီး ဆက်တိုက် ဝင်ရောက် နေသော်လည်း လျှပ်စစ်ဓာတ်အား၊ လုပ်အားခ၊ ကျွမ်းကျင်လုပ်သား ပြဿနာ များကြောင့် လုပ်ငန်း လုပ်ကိုင်ရာတွင် အခက်အခဲများ ရှိနေသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ CMP စနစ်ဖြင့် လုပ်ကိုင်မည့် အထည်ချုပ်နှင့် အခြားဆက်စပ် လုပ်ငန်းပေါင်း ၅၀ ကျော်ကို လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ဖြစ်သည်။

The Voice Weekly