Home » » ဆင်းမ်ကတ်မဲဖောက်မှုမကျေနပ်ရာမှ လူစုလူဝေးဖြစ်လာ၍ ရဲတပ်ဖွဲ့ ၀င်ရောက်ဖြေရှင်းပေးရ

ဆင်းမ်ကတ်မဲဖောက်မှုမကျေနပ်ရာမှ လူစုလူဝေးဖြစ်လာ၍ ရဲတပ်ဖွဲ့ ၀င်ရောက်ဖြေရှင်းပေးရ

Written By Unknown on Tuesday, November 5, 2013 | 4:30 PM

ရန်ကုန်- တောင်ဥက္ကလာပမြို့နယ် (၄) ရပ်ကွက်တွင် ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ် မဲဖောက်ရောင်းချရာ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အလွဲသုံးစားလုပ်သည်ဟုဆိုကာ ရပ်ကွက်နေသူများ မကျေနပ်၍ လူစုလူဝေးဖြင့် ကန့်ကွက်သောကြောင့် ရဲတပ်ဖွဲ့အင်အား နှစ်ဆယ်ကျော်ဖြင့် လုံခြုံရေးချထားကြောင်း သတင်းရရှိသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်း ဆင်းမ်ကတ်များကို နိုဝင်ဘာ ၄ ရက်က (၄)ရပ်ကွက်၊ ဗဟိုဓမ္မာရုံတွင် မဲနှိုက်ရာ ယခင်လများက ဆင်းမ်ကတ်ပေါက်ပြီးသူများသာ ထပ်မံပေါက်သည်ဟုဆိုကာ ရပ်ကွက်နေပြည်သူများက အုပ်ချုပ်ရေးမှူးကို ရုံးရှေ့တွင် ပြန်လည်ဖြေရှင်းခိုင်းသည်။ သို့သော် မပြေလည်သောကြောင့် ပြည်သူအချို့ က ဆဲဆိုကန့်ကွက်ပြီးလူစုလူဝေးဖြစ်လာရာ တောင်ဥက္ကလာပမြို့နယ်ရဲစခန်းက အခြေအနေတင်းမာမှု မဖြစ်ပေါ်စေရေးအတွက် လာရောက်ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

“ရပ်ကွက်မှာမနေတဲ့လူတွေပဲ ပေါက်တယ်။ ပေါက်ပြီးသားအိမ်ကလူတွေပဲ ထပ်ပေါက်တယ်။ ဘာကြောင့် မပေါက်ရတာလဲဆိုတာ သိချင်လို့မဲပုံးထဲမှာ နာမည်ပါ၊ မပါကြည့်ချင်တယ်”ဟု ရပ်ကွက်နေအမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့ရပ်ကွက်ထဲမှာ မနေဘဲနဲ့ ထပ်ပြီးတော့မဲပေါက်တဲ့လူတွေရှိတယ်။ ကျွန်မတို့ အဲဒီအိမ်နံပါတ်တွေ၊ နာမည်တွေတောင် ပြောလို့ရတယ်”ဟု ရပ်ကွက်နေ အခြားအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ရပ်ကွက်အတွက် ဆင်းမ်ကတ်အရေအတွက် ၁၈၅ ကတ် ခွဲတမ်းရရှိပြီး အဆိုပါဆင်းမ်ကတ်များကို ရပ်ကွက်ဓမ္မာရုံတွင် လူအများရှေ့မှောက်၌ ပွင့်လင်းမြင်သာစွာ မဲနှိုက်ပေးခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆိုသည်။

“ရပ်ကွက်ဓမ္မာရုံမှာ အများရှေ့မှာပဲ မဲနှိုက်ပေးခဲ့တာပါ။ ပေါက်ပြီးသားလူတွေ ထပ်ပေါက်ရင်လည်းမပေးပါဘူး။ ဒီလအတွက် ခွဲတမ်းက ၁၈၅ လုံးပဲရတယ်။ မကျေနပ်လို့ ကိုယ့်နာမည် ပါ၊ မပါသိချင်တဲ့သူတွေကို ဒီနေ့ ည ၉နာရီမှာလာကြည့်ခိုင်းမှာပါ” ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရွှေအေးကပြောသည်။

နိုဝင်ဘာလ ဆင်းမ်ကတ် လျှောက်ထားသူ ၆၆ ဦး ရှိပြီး ယခင်လများတွင် ကျန်ရှိသော လျှောက်လွှာများအပါအ၀င် လျှောက်ထား သူ ၂၄၀၀ကျော်ရှိကာ ဆင်းမ်ကတ်ရရှိမှုမှာ GSM ၈၀ နှင့် WCDMA ၁၀၅ လုံးဖြစ်ကြောင်း သတင်းရရှိသည်။

“မဲမနှိုက်ခင်ကတည်းက ကြေညာပြီးသားပါ။ ပေါက်ပြီးသားလူတွေကို ထပ်လျှောက်ခွင့် မပေးဘူးလို့ ကြေညာထားပါတယ်။ လျှောက်လွှာတွေကိုလည်း လတိုင်းသေချာစစ်ဆေးပါတယ်။ ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေက မသမာမှုလုပ်တာကိုတွေ့ရင် ထိရောက်စွာ အရေးယူသွားမှာပါ”ဟု ဦးရွှေအေးက ဆက်လက်ပြောသည်။
မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်အောင် အချိန်မီထိန်းထားနိုင်ပါတယ်။ အဓိကကတော့ ဆင်းမ်ကတ်မပေါက်လို့ လာဖြေရှင်းခိုင်းတာပါ။ ဘာမှမဟုတ်ပါဘူး။ ပြီးသွားပါပြီ” ဟု တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။
ဆင်းမ်ကတ် မဲနှိုက်ရာတွင် နာမည် ပါ၊ မပါ သိလိုသူများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ည ၉ နာရီအချိန်ခန့်က မဲလိပ်များကို အများပြည်သူများရှေ့တွင် ပြန်လည်ဖွင့်ကြည့်စေခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် နိုဝင်ဘာ ၃ရက်က လည်း ဒဂုံမြို့သစ်မြို့နယ် ၁၀၆ ရပ်ကွက်တွင် ဖုန်းကတ်မဲဖောက်သည်ကို မကျေနပ်၍ မိသားစုဝင် ငါးဦးက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသွားရောက်၍ ဆဲဆိုဝေဖန်ခဲ့သည်။ ထို့နောက် အုပ်ချုပ်ရေးမှူးက ဆဲဆိုသူများကို ၀တ္တရားနှောင့်ယှက်မှုဖြင့် အမှုဖွင့်ထားသော ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။

ဧပြီလမှ စတင်၍ နိုင်ငံတစ်ဝန်း တစ်လလျှင်တစ်ကြိမ် မဲဖောက်၍ ရောင်းချပေးနေသော ကျပ် ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ်များကို သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက်/ မြို့နယ်/ခရိုင်အုပ်ချုပ်ရေးမှူးများက ပွင့်လင်းမြင်သာစွာ ရောင်းချပေးသည်ဟုဆိုသော်လည်း လစဉ်မဲဖောက်မှုများနှင့်ပတ်သက်၍ မသမာမှုရှိသည်ဟု နိုင်ငံတစ်ဝန်း တိုင်ကြားမှုများရှိနေသည်။ ထို့အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့မှာ ဖုန်းကတ်မဲဖောက်ရာတွင် မသမာမှုပြုလုပ်၍ သက်ဆိုင်ရာက အရေးယူခဲ့ရသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ဖူးသည်။

7Day News Journal