Home » » လက်ကျန်အမည်ပျက်စာရင်းဝင် ၃၀၀၀ မှာ နိုင်ငံတကာရဲတပ်ဖွဲ့၏ အမည်ပျက်စာရင်းဝင်များ ဖြစ်သောကြောင့် ပယ်ဖျက်ပေး၍ မရတော့

လက်ကျန်အမည်ပျက်စာရင်းဝင် ၃၀၀၀ မှာ နိုင်ငံတကာရဲတပ်ဖွဲ့၏ အမည်ပျက်စာရင်းဝင်များ ဖြစ်သောကြောင့် ပယ်ဖျက်ပေး၍ မရတော့

Written By Unknown on Monday, November 25, 2013 | 2:36 PM

မြန်မာ့အစိုးရ၏ အမည်ပျက်စာရင်း (Black List)တွင် ကျန်ရှိနေသူ သုံးထောင်မှာ နိုင်ငံတကာအဖွဲ့အစည်းများ၏ အမည်ပျက်စာရင်းတွင် ပါရှိနေသည့်အတွက် မြန်မာအစိုးရအနေဖြင့် အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေး၍ မရတော့ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကပြောသည်။

““သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရတက်တော့ Black List (အမည်ပျက်စာရင်း) ၂၈ ၀၀၀ ရှိတယ်။ ကျွန်တော်တစ်ဦးတည်း ၂၂၀၀၀ ဖြုတ်ပေးလိုက်တယ်။ ၆၀၀၀ ကျန်တယ်။ သမ္မတကြီးကို တင်ပြပြီး ၃၀၀၀ ဖြုတ်ပေးလိုက်တယ်။ ကျန်တဲ့ ၃၀၀၀ ကတော့ အင်တာပိုနဲ့ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေက Black List လုပ်ထားတာဖြစ်တဲ့အတွက် ဖြုတ်လို့မရဘူး””ဟု ၀န်ကြီး ဦးအောင်မင်းကပြောသည်။မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ ခေါင်းဆောင်သုံးဦးနှင့် နိုဝင်ဘာ ၂၄ ရက်တွင် မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန၌ တွေ့ဆုံစဉ် ၀န်ကြီးဦးအောင်မင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် နိုင်ငံတကာ ရဲတပ်ဖွဲ့(အင်တာပို)တို့ သတင်းအချက်အလက် ဖလှယ်ရေးနှင့် တရားခံဖလှယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက် လက်မှတ်ရေးထိုးသဖြင့် အင်တာပိုမှ ခွင့်မပြုပါက အမည်ပျက်စာရင်းမှ ပယ်ဖျက်၍မရကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် ပြည်ပနိုင်ငံတစ်ခုခုတွင် ပြစ်မှုကျူးလွန်ခဲ့ပြီး ဖမ်းဆီးမခံရသေးသော မြန်မာနိုင်ငံသားများအား အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့အနေဖြင့် အမည်ပျက်စာရင်းတွင် ထည့်သွင်းထားလေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် အမည်ပျက်စာရင်းမှ ပယ်ဖျက်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦး အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်အချို့နှင့် ၈၈ အရေးတော်ပုံကာလအတွင်း ပြည်ပရောက်သွားခဲ့သော မြန်မာနိုင်ငံသားအမြောက်အမြား ပါရှိလာခဲ့သည်။

7day Daily