Home » » လယ်သမား အကျိုးစီးပွား ကာကွယ်ရေးဥပဒေ ဘယ်လိုလဲ

လယ်သမား အကျိုးစီးပွား ကာကွယ်ရေးဥပဒေ ဘယ်လိုလဲ

Written By Unknown on Friday, November 22, 2013 | 4:00 PM

စီးပွားရေးပညာရှင်များ၊ စိုက်ပျိုးရေး သုတေသနပညာရှင်များနှင့် မြန်မာလယ်သမားများ
ကိုယ်တိုင်ပင် လပေါင်းများစွာ ဝေဖန်ဆွေးနွေးခဲ့ကြပြီးနောက် 'လယ်သမားအခွင့်အရေး
ကာကွယ်ရေး နှင့် စီးပွားရေးသက်သာချောင်ချိရေး ဥပဒေ'ကို အောက်တိုဘာလ ၃ ရက် နေ့တွင်
ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သောအခါ နိုင်ငံတွင်းရှိ သတင်းမီဒီယာများတွင်
ဖော်ပြသည် ဆိုရုံမျှသာ ဖော်ပြခဲ့ကြသည်။

ထိုင်းနိုင်ငံ၏ စပါးဝယ်ယူရေးအစီ အစဉ်ကဲ့သို့ပင် ပျက်ကိန်းကြုံနိုင်ဖွယ်ရှိပြီး စိုက်ပျိုးရေးအပေါ်
အမှီပြုနေကြသော နိုင်ငံ့လူဦးရေ သုံးပုံနှစ်ပုံ၏ ဘ၀ တိုးတက်မှုအတွက် မည်မည်ရရ အထောက်
အကူပြုလိမ့်မည်မဟုတ်ဟု ပညာရှင်များ သုံးသပ်နေကြသော ဥပဒေမူကြမ်းကြီး ဘာဖြစ်သွားပြီလဲ။

လွန်ခဲ့သောလအတွင်း အတည်ပြုခဲ့သော ဥပဒေသည် ဇူလိုင်လအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ရေလုပ်ငန်း ကော်မတီက ထုတ်ပြန်ခဲ့သော မူလ မူကြမ်းနှင့် သိသိသာသာ ခြားနားသည်။

လယ်သမားအဖွဲ့အစည်းများ၏ အဓိက တောင်းဆိုချက်ဖြစ်သော လယ်သမားအခွင့်အရေး
ကာကွယ်ရေးကိုပိုထင်ဟပ် စေရန် အမည်ကိုပင် ပြောင်းလဲခဲ့သည်။

စိုက်ပျိုးရေး ရောင်းဝယ်ဖောက်ကား ရေးကော်မတီကို စိုက်ပျိုးရေးထုတ်ကုန် စီမံခန့်ခွဲမှုကော်မတီ
(APMC)ဟု အမည်ပြောင်းလိုက်ပြီး ၎င်း၏အခန်းကဏ္ဍကိုလည်း လျှော့ချလိုက်သည်။

ယခင်က ၎င်းကော်မတီသည် စိုက်ပျိုးရေးထုတ် ကုန်များ၏ အနိမ့်ဆုံးဈေးသတ်မှတ်ရာတွင် အဓိက
ကဏ္ဍမှ ပါဝင်ခဲ့ပြီး ထုတ်ကုန်ပစ္စည်းများကို အနိမ့်ဆုံးဈေးဖြင့် ၀ယ်ယူရာတွင်လည်း အဓိက
လုပ်ဆောင်ခဲ့သည်။

ယခုအခါ လိုအပ်မှသာ သတ်မှတ်ရန်ဖြစ်သည်။

ကုန်ပစ္စည်းဝယ်ယူရန် အစီအစဉ် အတည်ပြုရေးအပါအ၀င် ကော်မတီ၏ လုပ်ဆောင်မှုအပေါ်
ကြီးကြပ်ရေးကို ဥပဒေပြုလက်မှ အစိုးရလက်သို့ လွှဲပြောင်းလိုက်သည်။

ကော်မတီ၏ လုပ်ဆောင်မှုများသည် နိုင်ငံရေးအရ လုပ်ဆောင်ခြင်းဖြစ်သည်ဟူသော စွပ်စွဲမှုများကို
ရှောင်ရှားနိုင်ရန် ဖြစ်ပုံရသည်။

မူလမူကြမ်းတွင် ကော်မတီ၏ အခန်းကဏ္ဍသည် စိုက်ပျိုးရေး ထုတ်ကုန်ဝယ်ယူရေးတွင် ပိုမိုအဓိက
ထားသည်။

ဤသည်မှာ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ က ထိုင်းနိုင်ငံအစိုးရ၏ စပါးဝယ်ယူရေး အစီအစဉ်နှင့်
ဆင်တူနေသည်ဟု ဆန်းစစ်သူတို့က ထောက်ပြသည်။

ဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်အစိုးရက ကျေးလက်လူထု၏ ထောက်ခံမှု ရအောင် လုပ်ခဲ့ခြင်း
ဖြစ်သည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က ထိုင်းအစိုးရသည် စပါးတန် ၁၈ သန်းခန့်ကို နိုင်ငံတကာ ဈေးထက်
၅၀ ရာခိုင်နှုန်း ပိုပေးပြီး ၀ယ်ယူစုဆောင်းထားခဲ့သည်။

နောက်ပိုင်း ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုမှာ ၂၀၁၁ တွင် တန်သန်းပေါင်း ၁၁ ဒသမ ၇ ရှိခဲ့ရာမှ မနှစ်က
ခုနစ်သန်းသာ ရှိခဲ့သည်။

ဩဂုတ်လအတွင်းက မြန်မာဖွံ့ဖြိုးရေး သုတေသနဌာန စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးရေးဌာန
အမှုဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဦးက မြန်မာတိုင်း(မ်)ကို ပြောပြရာတွင် ဆန်ဈေးနှုန်း ထောက်ပံ့
ပေးရေး အစီအစဉ်သည် မြန်မာ့ဘဏ္ဍာရေးအခြေအနေကို အကြီးအကျယ် ထိခိုက်စရာရှိသည်ဟု
ဆိုသည်။

အစိုးရအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်း ဆန်များ လိုက်လံစုဆောင်းသိမ်းဆည်းရေး၊ သယ်ယူ
ပို့ဆောင်ရေးနှင့် သိုလှောင်ရေးများကို လုပ်ဆောင်ရမည်ဖြစ်ရာ အစကပင် ဒေါ်လာသန်းရာပေါင်း
များစွာ ကုန်ကျနိုင်သည်ဟု ပြောဆိုခဲ့သည်။

APMC မှတစ်ပါး ဦးဆောင်ကော်မ တီတစ်ခု ဖွဲ့စည်းရန် ဥပဒေက ဆိုထားသည်။

ထိုကော်မတီတွင် ပြည်ထောင်စု အစိုးရ၀န်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ လယ်သမားအသင်း
အဖွဲ့ များမှ ကိုယ်စားလှယ်များနှင့် အခြား သင့်တော်သော အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ
ပါဝင်ဖွဲ့စည်းထားသည်။

လယ်သမားများအနေဖြင့် မိမိတို့နှစ်သက်ရာ သီးနှံကို လွတ်လပ်စွာ ရွေးချယ်စိုက်ပျိုးခွင့်၊ သင့်လျော်
သော ချေးငွေများ ရရှိရေးနှင့် လယ်ယာထုတ်ကုန်များအတွက် အာမခံများထားရှိရေးတို့ ပါဝင်သော
ဥပဒေကို အကာအကွယ်ပေးရန် ဤကော်မတီတွင် တာဝန်ရှိသည်။

လယ်သမားများ ၎င်းတို့၏ ထုတ်ကုန်များအတွက် ဈေးကွက်ရရှိရေးနှင့် သင့်တင့်မျှတသော ဈေးနှုန်း
ရရှိရေး၊ ၎င်းတို့၏လယ်မြေများကို မတရားသိမ်းယူမခံရရေး၊ စက်မှုစိုက်ပျိုးရေး ထူထောင်နိုင်အောင်
လိုအပ်သော နည်းပညာ၊ အရင်းအနှီး၊ စက်ကိရိယာ နှင့် ကုန်ကြမ်းပစ္စည်းရရှိရေးတို့လည်း ပါဝင်
ရမည်။

အစဦး ဥပဒေမူကြမ်းကို ဝေဖန်သူများအနက် အထင်ရှားဆုံး ပုဂ္ဂိုလ်ဖြစ်သည့် စီးပွားရေးပညာရှင်
ဦးမြင့်က အပြောင်းအလဲအတော်များများသည် အပြုသဘောဆောင်ကြောင်း၊ အထူးသဖြင့်
လယ်သမားအခွင့်အရေး ကာ ကွယ်ခြင်းနှင့်ဆိုင်သည့် ဥပဒေများဖြစ်ကြောင်း ပြောပြသည်။

စက်တင်ဘာ ၁၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော ဆန်းစစ်ချက်တွင် APMC အတွက် ကြီးကြပ်မှုကို
အမှုဆောင်အဖွဲ့သို့ ပြောင်းရွှေ့ခြင်းနှင့် လယ်သမားကို အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် မြေမဲ့ယာမဲ့
လယ်လုပ်သားများပါ သွယ်ဝိုက်သော နည်းအားဖြင့် ပါဝင်အောင် ကျယ်ကျယ် ပြန့်ပြန့် အဓိပ္ပာယ်
ဖွင့်ဆိုထားခြင်းအတွက် ချီးကျူးပြောကြားလိုက်သည်။

"အသေးစားလယ်သမားလေးများ အရေးနဲ့ မြေယာပိုင်ဆိုင်ခွင့်ပြဿနာများအရေးကိုလည်း
ထည့်သွင်းထားပါတယ်။ ဒါတွေကတော့ စောစောပိုင်း မူကြမ်းထက် အပြုသဘောဆောင်တဲ့
ဖြည့်စွက်ချက်တွေပါပဲ"ဟု သမ္မတ ဦးသိန်းစိန်၏ အကြံပေးဖြစ်သူ ဦမြင့် က ပြောကြားသည်။

"တစ်ခုလုံး ခြုံကြည့်ရင် စောစောပိုင်းက မူကြမ်းကို ပြန်လည်သုံးသပ်ဖြည့် စွက်ထားတဲ့ ဒီမူကြမ်း
ဟာ လယ်သမားတွေရဲ့ အကျိုးစီးပွားနဲ့ လိုအပ်ချက်တွေ၊ သူတို့ရဲ့ရပိုင်ခွင့်တွေ၊ လူမှုဖူလုံရေးတွေကို
ထည့်သွင်းစဉ်းစားတတ်တဲ့အတွက် တိုးတက်မှုလို့ ဆိုနိုင်ပါတယ်"ဟု ဦးမြင့် က ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်များ မဆောင်ရွက်ခဲ့သော အပြောင်းအလဲ အချို့ကို ထောက်ပြသည်။

ဥပဒေအရ မည်သူတွေ ခံစားခွင့်ရှိသည်ဆိုသည်ကို တိတိကျကျ ဖော်ပြမထားသဖြင့် ကြားပွဲစား
များ၊ စီးပွားရေးသမားများနှင့် ချမ်းသာသူများ ပါဝင်လာနိုင်ကြောင်း၊ လယ်သမားဟူသော အဓိပ္ပာယ်
ဖွင့်ဆိုချက်တွင် ဤသို့ချမ်းသာသူများ မပါဝင်သင့်ကြောင်း ထောက်ပြခဲ့သည်။

ဥပဒေပြုရေးတွင် အဓိကသက်ဆိုင်သူများ၊ တရားစီရင်ရေးနှင့် စီးပွားရေး အသိုင်းအ၀ိုင်းအပါအ၀င်
အားလုံးအနေဖြင့် အပေးအယူ ပြုလုပ်ပြီး အားလုံး လက်ခံသဘောတူနိုင်မည့် အချက်ကို ရှာဖွေ
သင့်ပါသည်။

အများပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတွင် အဓိကနေရာကို ရယူပိုင်ဆိုင်ထားသော အင်အားကြီး
လူတစ်စုအနေဖြင့် ပြည်သူလူထုနှင့် နိုင်ငံ့အကျိုးစီးပွားကို မထင်ဟပ်သော ဥပဒေနှင့် နည်းဥပဒေ
များကို ပြဋ္ဌာန်းရန် ကြိုးပမ်းလာသည်ကို ဟန့်တားရန် ခက်ခဲသည့်အခြေအနေများ ရှိနေကြောင်း
ထောက်ပြသည်။

အငြင်းပွားဖွယ်အဖြစ်ဆုံး အခြေခံအချက်မှာ လယ်သမားကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုမည်ဆိုသည့်
အချက်ပင် ဖြစ်ကြောင်း မြန်မာလယ်သမားများကွန်ရက်မှ ဦးတင်လင်းအောင်ကို လယ်ယာ
ထွက်ကုန်စီးပွားရေး လုပ်ကိုင်နေသူများအား လယ်သမားစာရင်းထဲ ထည့်သွင်းထားမှုနှင့်
ပတ်သက်၍ မေးမြန်းသောအခါ ၎င်းက ဤသို့ပစ်ပစ် ခါခါပင် ပြန်ပြောပြသည်။

"ဒီစီးပွားရေးသမားတွေအတွက် ဥပဒေလုပ်ချင်ရင် သတ်သတ်လုပ်ပေါ့။ ဘာကြောင့် လယ်သမားနဲ့
ဒီလူတွေကို မလိမ့်တပတ်နဲ့ ရောမွှေရမှာလဲ။ နောက်ပြီး ဥပဒေက တောင်တန်းဒေသတွေနဲ့ မဆိုင်
ဘူး။ ဒီလိုဆို မြေပြန့်မှာ စိုက်ပျိုး တဲ့လူတွေကမှ လယ်သမားစစ်စစ်၊ တောင်တန်းဒေသကလူတွေ
က လယ်သမား မဟုတ်ဘူးလို့ ဆိုချင်တာလား"ဟု ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားဟောင်း အဖွဲ့ လယ်သမားရေးရာကော်မတီ အဖွဲ့ဝင် မနုနုအောင်က
"ဥပဒေ၏ အဓိက အပြောင်းအလဲနှစ်ခုမှာ လယ်သမားများကို အကာအကွယ်ပေးရေး နှင့်
ဦးဆောင်ကော်မတီဖွဲ့စည်းရေးပင် ဖြစ်ကြောင်း၊ ဤကော်မတီတွင် လယ် သမားကိုယ်စားလှယ်များ
ပါဝင်သင့်ကြောင်း" ထောက်ပြပြောဆိုသည်။

ဥပဒေတွင် အပြောင်းအလဲများ သိသိသာသာ ပြုလုပ်ထားသော်လည်း ရည်ရွယ်ချက်များ ပါဝင်ပြီ
ဟု ရှင်းရှင်းလင်းလင်း မရှိသေးချေ။

ဒေသဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ ပြဋ္ဌာန်းရန် သုံးလခန့် အချိန်ယူရဦးမည်။

ဤဥပဒေသည် လယ်သမားများကို တကယ်တမ်း အကျိုးမပြုလျှင် ဖြည့်စွက်နိုင်သည်၊ ပြင်ဆင်နိုင်
သည်ဟူသည့် အပိုဒ် တစ်ခု ထည့်သွင်းထားသည်။

မူကြမ်းပူးတွဲကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက "ဒီဥပဒေရဲ့ အရေး ကြီးဆုံးအချက်က
လယ်သမားတွေဟာ သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေအတွက် မျှတတဲ့ ဈေးရဖို့၊ ကြားပွဲစားတွေရဲ့
ခေါင်းပုံဖြတ်မခံရဖို့နဲ့ သူတို့ပစ္စည်း သူတို့စိတ်ကြိုက် လွတ်လွတ်လပ်လပ် ရောင်းချနိုင်ဖို့ပါပဲ"ဟု
ပြောသည်။

"နိုင်ငံတော်က လယ်သမားတွေ သူတို့ ထုတ်ကုန်ပစ္စည်းအတွက် ဈေးကွက်တွေကို သင့်တော်တဲ့
ဈေးနှုန်းနဲ့ ရရှိအောင် တင်ဒါဈေးပြိုင်စနစ်လို နည်းလမ်းတွေ အသုံးပြု ထောက်ပံ့ကူညီသွားမယ်လို့
ပါရှိပါတယ်။ လယ်သမားတွေဟာ သူတို့ရဲ့စပါးကို လွတ်လပ်စွာ သယ်ယူခွင့်၊ ရောင်းချခွင့် ရှိရပါ
မယ်။ ဒီအချက်တွေဟာ သူတို့အတွက် အရေး ကြီးပါတယ်"ဟု ၎င်းက ပြောသည်။

လိုအပ်ချက်များ ရှိနေသေးသော်လည်း ဤဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းပြီး အမြန်ဆုံး အကျိုး
သက်ရောက်မှု ရှိအောင်လုပ်ရန် လိုသည်ဟု လယ်သမားများနှင့် အနီးကပ်ပူးတွဲ လုပ်ဆောင်နေကြ
သော အရပ်ဘက်အဖွဲ့အစည်း လှုပ်ရှားသူများက ပြောကြသည်။

"ဒီဥပဒေက ပြီးပြည့်စုံပြီလို့တော့ မဆိုနိုင်ပါဘူး။ အရေးပေါ်အခြေအနေမှာ အမြန်ရေးဆွဲရတာဖြစ်လို့
ကွာဟချက်တွေ ရှိနေမှာပါပဲ။ ဒါပေမဲ့ကနေ့ လယ်သမားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာအများစု
ကိုတော့ ကိုင်တွယ်နိုင်မှာပါ"ဟု မေလအတွင်းက ဖွဲ့စည်းခဲ့သော Freedom of Burma Lead မှ
ဦးသိန်းအောင်က ပြောသည်။

သောမတ်စ်ကင်းနှင့် စုဖြိုးဝင်း

မြန်မာတိုင်း(မ်)