Home » » ယနေ့လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် မန္တလေးအိုးဘိုထောင်မှ မြို့ကြီးသုံးမြို့တွင် ဗုံးခွဲခဲ့သူ ငါးဦး ပြန်လည်လွှတ်မြောက်လာ

ယနေ့လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် မန္တလေးအိုးဘိုထောင်မှ မြို့ကြီးသုံးမြို့တွင် ဗုံးခွဲခဲ့သူ ငါးဦး ပြန်လည်လွှတ်မြောက်လာ

Written By Unknown on Friday, November 15, 2013 | 3:58 PM

မန္တလေး - နိုဝင်ဘာ ၁၅

ယနေ့လွှတ်ငြိမ်းချမ်းသာခွင့်တွင် မန္တလေးအိုးဘိုထောင်မှ ၁၀ ဦးပြန်လည်လွတ်မြောက်လာရာ
နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်မြို့များတွင် လွန်ခဲ့သည့် နှစ်နှစ်ကျော်မှ တစ်နေ့ထဲ ဗုံးသုံးနေရာပေါက်ကွဲရာတွင် ပါဝင်သည့်တရားခံများသည် အမိန့်ချပြီး လေးလအတွင်း ပြန်လည် လွတ်မြောက်လာကြောင်းသိရသည်။

၎င်းတို့ငါးဦးတွင် အနည်းဆုံး ၁၀နှစ်နှင့် အများဆုံး ၁၂ခွဲအထိ တရားရုံးမှ အမိန့်များချမှတ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ ၂၄ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်တရားရုံးမှ ချမှတ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ငါးဦးမှာ စိုင်းမိုးဟိန်း(ခ)အိုက်လျှန်၊ ပြစ်ဒဏ် ၁၂နှစ်၊ မန္တလေး၊ စိုင်းကျော်သန်း(ခ)ကိုစိုင်း၊ ပြစ်ဒဏ် ၁၂နှစ်ခွဲ၊ တာမွေမြို့နယ်၊ ရန်ကုန်၊ စိုင်းသိန်းနိုင် ပြစ်ဒဏ် ၁၂နှစ်၊ မူဆယ်မြို့၊ မျိုးခင်(ခ)အောင်ခမ်း၊ ၁၀နှစ်၊ ကချင်ရွာ၊ တာချီလိတ်မြို့၊ စိုင်းလှအောင်(ခ)အာဝေး ပြစ်ဒဏ် ၁၀နှစ်၊ မန္တလေးမြို့တို့ အသီးသီး အိုးဘိုအကျဉ်းထောင်မှ ယနေ့လွတ်မြောက်လာကြသည်။ အပြစ်မရှိဘဲ ထောင်ထဲမှာ ၂နှစ်နဲ့ ၄လနေခဲ့ရတယ်။ ကျွန်တော်ဘာသာ ကျွန်တော် တာချီလိတ်မှာ ဆိုင်ကယ်ကယ်ရီမောင်းပြီး မိသားစုကို ရိုးရိုးသားသားလုပ်ကြွေးနေတာပါ။ အပြစ်မရှိဘဲ အဖမ်းခံလိုက်ရတယ်ဟု ထောင်ဒဏ် ၁၀နှစ်ကျခံခဲ့ရသူ ဦးမျိုးခင်(ခ) အောင်ခမ်းက ပြောသည်။

နောင်လာနောင်သားတွေ အပြစ်မရှိဘဲကျွန်တော်လိုမဖြစ်စေချင်ဘူး။ ကျောင်းတက်ရင်းအဖမ်းခဲ့ရတယ်ဟု ထောင်ဒဏ် ၁၂နှစ်ကျခံခဲ့ရသည့် ရတနာပုံတက္ကသိုလ်တွင် ဒုတိယနှစ်တက်ရင်း အဖမ်းခံခဲ့ရသည့် ကိုစိုင်းမိုးဟိန်း(ခ)အိုက်လျှန်က ပြောသည်။ ၄င်းတို့ငါးဦးအပါအ၀င် လဘမ်းလီ(ခ)လဘမ်ရိဒ်ပြစ်ဒဏ်(၂၂)နှစ်၊ KIA တပ်ရင်း(၂၇)မန်ကန်ကျေးရွာ၊ နမ့်ခမ်းမြို့နယ်၊ ရွက်ငင်း၊ ပြစ်ဒဏ်(၃၅)နှစ်၊ SSNA တပ်မဟာ(၃)၊ တကက၊ နားအိုင်ခမ်းကျေး ရွာ၊ ကျောက်မဲမြို့၊ ဦးစိန်အောင်၊ ပြစ်ဒဏ် ၁နှစ် ၃လ၊ မန္တလေး၊ ဦးဝင်းဆွေမြင့်၊ ပြစ်ဒဏ်(၁နှစ် ၃လ)၊ မန္တလေး၊ ဒေါ်နော်အုန်းလှ တို့ပါဝင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားလူမှုကူညီရေးအသင်း(မန္တ လေး)၏ စာရင်းများအရ သိရသည်။

ဖိုးလပြည့်

Popular Myanmar News Journal