Home » » ဒဏ်ရာရရှိသည့် လက်ပံတောင်းဒေသခံများ မန္တလေးဆေးရုံသို့ ထွက်ခွာ

ဒဏ်ရာရရှိသည့် လက်ပံတောင်းဒေသခံများ မန္တလေးဆေးရုံသို့ ထွက်ခွာ

Written By Unknown on Friday, November 15, 2013 | 3:43 PM

တိုးကြီး(မုံရွာ)| သောကြာနေ့၊ နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၃ ခုနှစ်

လက်ပံတောင်းတောင်ဒေသတွင် နိုဝင်ဘာလ ၁၅ရက်က ဒေသခံများနှင့် ရဲများ ပဋိပက္ခဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိခဲ့သော ဒေသခံခုနှစ်ဦးကို လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုက ဆေးကုသရန် မန္တလေးမြို့ဆေးရုံသို့ နိုဝင်ဘာလ ၁၆ရက် နေ့လည် ၁နာရီခွဲခန့်တွင် ခေါ်ဆောင်သွားပြီဖြစ်သည်။

နှစ်ဖက် ပဋိပက္ခကြောင့် ဒေသခံရွာသားများလည်း ထိခိုက်ဒဏ်ရာရရှိပြီး ရွာသား ၇ ဦး ဒဏ်ရာရရှိပြီး ၂ဦးမှာ စိုးရိမ်ရကြောင်း ပဋိပက္ခများ ဖြစ်ပွားရာနေရာတွင် ရောက်ရှိနေသော လက်ပံတောင်းတောင်အရေး ဦးဆောင်လုပ်ရှားသည့် ဆရာတော် ဦးဝိမလက မဇ္ဈိမသို့ မိန့်ကြားသည်။

ဒဏ်ရာရသူများဖြစ်သည့် ကိုစိုးပြည့်အောင်သည် ဘယ်ဘက်ရင်အုံသို့ သေနတ်ထိမှန်ပြီး ကိုဖိုးစီမှာ ညာဘက်ရင်အုံသို့ သေနတ်မှန်သည်ဟု မိုးကြိုးပြင်အလယ်ရွာမှ ကိုဖိုးလပြည့်က မဇ္ဈိမ၏ တယ်လီဖုန်းဖြင့် မေးမြန်းမှုကို ပြန်ဖြေကြားခဲ့သည်။ ထို့အပြင် မအေးစန်းမှာ လက်မောင်းတွင် သေနတ်မှန်ပြီး ကိုငမျိုး၊ ကိုထွန်းအေး၊ ဦးမှိုင်းနှင့် ကိုဘိုနီတို့မှာ ခြေသလုံးနှင့် ပေါင်တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။

သေနတ်ဒဏ်ရာရရှိသူများကို အချိန်မီဆေးဝါးကုသမှုရရှိနိုင်ရန်အတွက် မုံရွာဆေးရုံသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ ထိုဒေသ အခြေစိုက် လူမှုကူညီရေးအသင်းဖြစ်သည့် ဒေ၀ဂတိ လူမှုကူညီရေးအသင်းမှ သွားရောက်ခေါ်ဆောင်သော်လည်း လူနာများမှ လိုက်ပါလာခဲ့ခြင်းမရှိဟု
မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းမှ ပြောသည်။

အင်ကြင်းတောင်သပိတ်စခန်းမှ ဆန္ဒပြသူတစ်ဦးကမူ “အဖမ်းခံရမှာကြောက်လို့ ဒဏ်ရာရတဲ့သူတွေက ဆေးရုံကိုမသွားရဲကျဘူး။ အခု ရွာမှာတင် ဆေးကုသနေပါတယ် ”ဟု ပြောသည်။

နိုဝင်ဘာလ ၁၅ရက်ညက ရဲများနှင့် ဒေသခံများအကြား အပြန်အလှန် ပစ်ခတ်မှုများကြောင့် ရဲဝန်ထမ်း ကိုးဦးနှင့် ဒေသခံ ခုနှစ်ဦး ဒဏ်ရာများရရှိခဲ့သည်။

၂၀၁၂ခုနှစ် နိုဝင်ဘာလ ၂၉ရက်ကလည်း လက်ပံတောင်းတောင်စီမံကိန်းအား ရပ်တန့်ပေးရန် သံဃာများနှင့် ဒေသခံများက သပိတ်စခန်းများဖွင့်ကာ ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် ဆန္ဒထုတ်ဖော်နေမှုကို နံနက်သုံးနာရီခန့်တွင် မီးလောင်ဗုံးများဖြင့် သပိတ်စခန်းကို ဖြိုခွင်းခြင်းများ ပြုလုပ်ခဲ့ဖူးသည်။

မဇ္ဈိမသတင်းဌာန