Home » » ပဲခူးမြို့ ဟင်္သာကုန်းက မွန်ရိုးရာပဒေသာပင်ပွဲအား အုပ်စုလိုက် ဖျက်ဆီးသူများကို လိုက်လံဖမ်းဆီးနေ

ပဲခူးမြို့ ဟင်္သာကုန်းက မွန်ရိုးရာပဒေသာပင်ပွဲအား အုပ်စုလိုက် ဖျက်ဆီးသူများကို လိုက်လံဖမ်းဆီးနေ

Written By Unknown on Friday, November 8, 2013 | 11:37 AM

ပဲခူးမြို့၊ ဟင်္သာကုန်း (၁၉) ရပ်ကွက်ရှိ မွန်ရိုးရာပဒေသာပင်ပွဲကို အောက်တိုဘာ ၁၉ ရက်က အုပ်စုလိုက် ဖျက်ဆီးခဲ့သည့်သူများမှ ပါဝင်ပတ်သက်သူဟု ယူဆထားသူရှစ်ဦးကို ဖမ်းဆီးလိုက်ပြီဖြစ်ပြီး ကျန်ရှိနေသူ များကိုလည်း လိုက်လံဖမ်းဆီးလျက်ရှိကြောင်း ယင်းအမှုကို ကိုင်တွယ်နေသည့် ဒု-ရဲအုပ် သောင်းမင်း ထွန်းက နိုင်ဝင်ဘာ ၇ ရက်တွင် မဇ္ဈိမကို ပြောကြားလိုက်သည်။

အမှုကို အောက်တိုဘာ ၂၂ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက်ပိုင်းတွင် ရဲတပ်ဖွဲ့ဘက်မှ တရားခံများ ကို ဖမ်းဆီးခြင်းမရှိကြောင်းနှင့် ငွေကြေးယူပြီး ပြန်လွှတ်ထားကြောင်း စွပ်စွဲဝေဖန်မှုများ ရှိပြီးနောက် ရက်သတ္တပတ် နှစ်ပတ်အတွင်းတွင် ယခုကဲ့သို့ ဖမ်းဆီးလိုက်ခြင်းလည်း ဖြစ်သည်။

“ဆက်ပြီး ဖော်ထုတ်ဖို့ရှိပါသေးတယ်။ နောက်ထပ် ငါးယောက်လောက်ရှိပါသေးတယ်။ သူတို့တွေက ရှောင်နေသေးတဲ့အတွက် ဖမ်းဆီးရဦးမှာပါ၊ လောလောဆယ်တော့ ဖမ်းဆီးထားတဲ့ ရှစ်ယောက်ကို စစ်ဆေးနေပါတယ်” ဟု ဒု-ရဲအုပ်သောင်းမင်းထွန်းက ဆိုသည်။

အမှုမှာ ယင်းနေ့ည ၁၀ နာရီအချိန်က မွန်းရိုးရာ ပဒေသာပင်ပြုလုပ်နေသော ပွဲတော်လမ်းအတွင်းသို့ လူငယ် ၁၅ ဦးခန့်က အိတ်ဇောဖြုတ်ထားသော ဆိုင်ကယ်များအား မြွေလိမ်မြွေကောက် မောင်းနှင်ခြင်း များ၊ ပဒေသာပင်များရှိ ပိုက်ဆံများအား ဖြုတ်ယူမောင်းပြေးမှုများ ပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် လမ်းအတွင်းမှ လူများက လိုက်လံဖမ်းဆီးရာတွင် ဆိုင်ကယ်တစ်စီးကျန်ခဲ့ပြီး ည ၁ နာရီခွဲ အချိန်တွင် အဆိုပါဆိုင်ကယ်အား ပြန်လည်ယူဆောင်ရန် တုတ်ကိုယ်စီကိုင်ဆောင်ထားသော လူငယ် သုံးဆယ်ဦးခန့်ဖြင့် လမ်းအတွင်းသို့ လာရောက်ခဲ့ကာ ၀င်ရောက်ဟန့်တားခဲ့သူ ပွဲတော်စည်းကမ်းထိန်း သိမ်းရေးခေါင်းဆောင်အား တုတ်ဖြင့် ရိုက်၊ ဓားနှင့် ထိုးခံရမှုလည်း ဖြစ်ပွားခဲ့သည်။

“ဒီအမှုကို စခန်းမှူးကိုယ်တိုင် လိုက်လံဖမ်းဆီးပေးနေတဲ့အတွက် ကျွန်တော်တို့ဘက်က ကျေနပ်ပါ တယ်။ ကျွန်တော့်ကို ဓားနဲ့ထိုးသွားတဲ့ ချာတိတ်ကတော့ ထွက်ပြေးနေသေးတယ်။ ဖမ်းမမိသေးဘူး” ဟု ကာယကံရှင်ဖြစ်သူ ကိုဖြိုးဝေမြင့်က ဆိုသည်။

အဆိုပါ အမှုကို အောက်တိုဘာလ ၂၂ ရက်က အမှုဖွင့်တိုင်ကြားခဲ့ရာတွင် ပဲခူးမြို့မရဲစခန်းက အမှုဖွင့်ပြီး ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်က ပြစ်မှုကျူးလွန်သူများအား အာမခံဖြင့် လွှတ်ပေးထားရာ တွင် ကာယကံရှင်ဘက်က ထိရောက်စွာ အရေးယူမှုမရှိဟု မဇ္ဈိမမှတစ်ဆင့် စွပ်စွဲပြောဆိုပြီးသည့် နောက်ပိုင်း ယခုကဲ့သို့ ဖိဖိစီးစီးဖြင့် လိုက်လံဖမ်းဆီး အရေးယူခြင်းဖြစ်ကြောင်း ကိုဖြိုးဝေမြင့်က ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသူများအား အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၆၊ တုတ်ဖြင့်ရိုက်၍ နာကျင် စေမှု ၃၂၅ နှင့် လူအုပ်စုလိုက် ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြခြင်းတို့ကြောင့် ပုဒ်မ ၁၁၄ တို့ဖြင့် အရေးယူရန် စစ်ဆေးလျက်ရှိသည်။

Written by  ဇော်ဇော်ထွေး

Mizzima - News in Burmese