Home » » ဆဋ္ဌမတန်းကျောင်းသားတစ်ဦးကို အစိုးရစစ်တပ်ပစ်ခတ်ဟု မိသားစုဝင်ပြောကြား၊ တပ်ဘက်က ငြင်းဆို

ဆဋ္ဌမတန်းကျောင်းသားတစ်ဦးကို အစိုးရစစ်တပ်ပစ်ခတ်ဟု မိသားစုဝင်ပြောကြား၊ တပ်ဘက်က ငြင်းဆို

Written By Unknown on Thursday, November 14, 2013 | 4:37 PM

မန်စီမြို့၊ မုန်းဒိန်ပါ ကျေးရွာအနီးရှိ မခေါယန်ကျေးရွာတွင် တပ်မတော်သားများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဆဋ္ဌမတန်းကျောင်းသားတစ်ဦး ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ နိုဝင်ဘာ ၁၂ ရက် ညတွင် ရောက်ရှိကာ ဆေးကုသမှုခံယူလျက်ရှိနေကြောင်း သတင်းရရှိသည်။

““ဒဏ်ရာကတော့ ခေါင်းမှာရော၊ လက်မောင်းမှာရော။ လက်မောင်းကဒဏ်ရာက ဆရာဝန်ပြောတော့ ခွဲစိတ်ရမယ်လို့ ပြောတယ်”” ဟု ကျောင်းသားမိခင်က ဆိုသည်။

၎င်းသည် မုန်းဒိန်ပါ မူလွန်ကျောင်းတွင် ကျောင်းတက်နေသည့် ကျောင်းသားတစ်ဦးဖြစ်ပြီး ၂၀၁၃ နိုဝင်ဘာ ၇ ရက်တွင် မုန်ခေါင်းကျေးရွာမှ မခေါယန်ကျေးရွာသို့ ဆိုင်ကယ်နှင့်အသွား လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တပ်မတော်စစ်ကြောင်းနှင့်တွေ့ကာ လမ်းဘေး၌ ခေတ္တစစ်ဆေးမှုများ ခံယူနေစဉ် လမ်းဘေးမှ ဗုံးတစ်လုံးပေါက်ကွဲလာသဖြင့် ဗုံးကျည်ဆံထိကာ ဒဏ်ရာရရှိသွားသဖြင့် ကြောက်လန့်ပြီး ထွက်ပြေးသွားရာ တပ်မတော်သားများက သေနတ်ဖြင့် လိုက်ပစ်ခဲ့ကြကြောင်း ဆဋ္ဌမတန်းကျောင်းသား မောင်ဇော်မိုင်က ဆိုသည်။

““ထွက်ပြေးပြီးနောက်  သူက ဒဏ်ရာနဲ့ပဲ လယ်တောကို ရောက်လာတယ်တဲ့။ ကျန်နှစ်ယောက်ကတော့ အခုထိ ပျောက်နေဆဲပဲ။ ဒါပေမဲ့ အသက်ကြီးတဲ့တစ်ယောက်ကတော့ အဲဒီနေရာမှာပဲ ပွဲချင်းပြီးဆုံးသွားပြီလို့ သိရတယ်”” ဟု ကျောင်းသား၏အဒေါ် ဒေါ်လွမ်းယန်းက ဆိုသည်။

အဆိုပါ ကျောင်းသားသည် ဒဏ်ရာရရချင်း တပ်မတော်သားများ စစ်ဆေးနေသည့်ကြားမှ ၎င်းစီးခဲ့သည့်ဆိုင်ကယ်ကို ထားခဲ့ကာ ကျေးရွာအနီးရှိ လယ်တောသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင် ကျောင်းသားက ဆိုသည်။ ၎င်းသည် ဒဏ်ရာရသော်လည်း လမ်းခရီးတွင် တပ်စခန်းများတည်ရှိနေသည့်အတွက် ငါးရက်ကြာမှ ဗန်းမော် ကချင်နှစ်ခြင်းအသင်းတော်၏ သွားရောက်ခေါ်ယူမှုဖြင့် ဗန်းမော်မြို့ဆေးရုံသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ထို့နောက် ဗန်းမော် ကချင် နှစ်ခြင်းအသင်းတော်မှပင် ကျောင်းသားအတွက် လိုအပ်သည့် အကူအညီများ ကူညီထောက်ပံ့လျက်ရှိသည်။

မုန်းဒိန်ပါကျေးရွာတွင် လွန်ခဲ့သည့် အောက်တိုဘာ ၂၂ ရက်မှ စတင်ပြီး အစိုးရတပ်များ ရွာထဲသို့ ၀င်ရောက်လာကာ မခေါယန်တွင် ကေအိုင်အေနှင့် တိုက်ပွဲဖြစ်၍ မုန်းဒိန်ပါနှင့် မခေါယန်ကျေးရွာရှိ ဒေသခံများ ဗန်းမော်သို့ ထွက်ပြေးတိမ်းရှောင်လာရာ စုစုပေါင်း ၇၂၈ ဦး ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

““နိုဝင်ဘာ ၇ ရက်က ကောင်းလွင်ရွာကို ကျွန်တော်တို့တပ်တွေဝင်တော့ ရွာရောက်ခါနီးမှာ သောင်းကျန်းသူက ရွာထဲက ကျင်းတူးပြီး စောင့်ကြိုတိုက်ခိုက်တယ်။  တိုက်ပွဲရဲ့ သဘောသဘာဝအရ ပြန်မပစ်လို့ မရတော့ဘူး။ အဲဒီမှာ ကလေးတစ်ယောက် ဗုံးစထိသေတာပဲရှိတယ်။ အဲဒီနောက်ပိုင်း အရပ်သားထိခိုက်သေဆုံးမှု လုံးဝမရှိတော့ဘူး။ ဒါကလည်း လိမ်ညာလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ အောက်ခြေတပ်တွေက ထိန်ချန်ထားလို့မရပါဘူး”” ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထိပ်တန်းအရာရှိတစ်ဦးက တုံ့ပြန်ပြောဆိုသည်။

7DAY DAILY