Home » » ဖက်ဒရယ်ပြည်ထောင်စုပါတီတစ်နိုင်ငံလုံးရွေးကောက်ပွဲဝင်မည်

ဖက်ဒရယ်ပြည်ထောင်စုပါတီတစ်နိုင်ငံလုံးရွေးကောက်ပွဲဝင်မည်

Written By Unknown on Thursday, November 7, 2013 | 7:18 PM

ရန်ကုန်၊ နိုဝင်ဘာ ၆

တိုင်းရင်းသား ၁၆ပါတီဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ်ပြည်ထောင်စုပါတီသည် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီတာဝန် ရှိသူများကပြောသည်။

ယနေ့ပြုလုပ်သော ဖက်ဒရယ်ပြည်ထောင်စုပါတီဖွဲ့စည်းပုံအစည်းအဝေးတွင် အထက်ပါ အကြောင်းအရာကို ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ပြီး ပါတီ၏ ပထမ၊ ဒုတိယယာယီခေါင်းဆောင်များ ရွေးချယ်ခြင်း၊ ပါတီမူဝါဒသဘောထားဖြည့်စွက်ခြင်း၊ ရန်ပုံငွေရှာဖွေခြင်းလုပ်ငန်းများ၊ ပါတီအလံ အမှတ်တံဆိပ်နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကိုဆုံးဖြတ်ခဲ့ကြောင်း ယာယီဒုတိယဥက္ကဋ္ဌ ဦးစော သန်းမြင့်က ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။

''ကျွန်တော်တို့ပါတီကို တိုင်းရင်းသားပါတီကအဖွဲ့ဝင်တွေနဲ့ဖွဲ့စည်းထားတာဆိုတော့ တိုင်းရင်းသားပြည်နယ်တွေအပြင် မြန်မာတစ်နိုင်ငံလုံးက မြို့နယ်အားလုံးနီးပါးကို ဝင်ရောက် ယှဉ်ပြိုင်မယ်''ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

ဖက်ဒရယ်ပြည်ထောင်စုပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အရေအတွက်ကို ၂၅ ဦးနှင့် ၃၅ဦးအကြားခန့်အပ်ရန်လျာထားကြောင်း၊ ယခုလအတွင်းပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၌ မှတ်ပုံတင်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
ပါတီ၏ယာယီပထမခေါင်းဆောင် ဒေါက်တာကကျော်ဒါလ်းက ''ဖက်ဒရယ်ဖွဲ့စည်းပုံဖြစ် လို့ တစ်နိုင်ငံလုံးကိုဝင်ပြိုင်သွားမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ပါတီက တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတာလေ''ဟုပြောသည်။

ဖက်ဒရယ်ပြည်ထောင်စုပါတီကို ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ချင်းအမျိုးသား ပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ကယန်း အမျိုးသားပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ အရှို-ချင်းအမျိုးသားပါတီ၊ တအာင်း(ပလောင်)အမျိုးသားတိုးတက်ရေးပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ တိုင်းလိုင်(ရှမ်းပြည်)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ 'ဝ'ဒီမိုကရက်တစ်ပါတီ၊ 'ဝ' အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကယားလူမျိုးစုံ ဒီမိုကရေစီပါတီ ဟူသည့်ပါတီများဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။

ရဲထွဋ်
The Union Daily