Home » » ဘင်္ဂလာဒေခ်ျ့က နယ်စပ်ကို ပိတ်မည်ဆိုသော်လည်း ၀င်ထွက်သွားလာမူ ဆက်ရှိနေဆဲ

ဘင်္ဂလာဒေခ်ျ့က နယ်စပ်ကို ပိတ်မည်ဆိုသော်လည်း ၀င်ထွက်သွားလာမူ ဆက်ရှိနေဆဲ

Written By Unknown on Monday, November 11, 2013 | 11:16 AM

ဘင်္ဂလာဒေခ်ျ့  နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီမှ မြန်မာနှင့် ဆက်စပ်နေသော နယ်စပ်ကို ပိတ်မည်ဟု သူ့နိုင်ငံ၏ ပါလီမန်တွင် လွန်ခဲ့သော ကြာသပတေးနေ့က ထုတ်ဖေါ် ပြောဆိုသော်လည်း နယ်စပ်တွင် တရားမ၀င် ၀င်ထွက်သွားလာမူများ ဆက်လက် ရှိနေဆဲဟု သိရသည်။

“ ပိတ်တာကို မတွေ့ရသေးဘူး။ ဟိုဘက် ဒီဘက် လှေတွေနဲ့ နတ်မြစ်ကို ဖြတ်ကူးပီး သွားလာနေကြတုန်း ဖြစ်ပါတယ်” ဟု မြစ်နားရွာ ဒေသခံ တစ်ဦးက ဆိုသည်။

လွန်ခဲ့သော ကြာသပတေးနေ့က ဘင်္ဂလာဒေခ်ျ့ ပါလီမန်တွင် လွှတ်တော် အမတ် တစ်ဦးက မြန်မာနိုင်ငံက ၀င်ရောက်နေသော မွတ်ဆလင် ဒုက္ခသည်များ ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံခြားရေး ၀န်ကြီးအား မေးမြန်းရာ ဒီပူရ်မူနီက မြန်မာနယ်စပ်ကို ပိတ်ရန် အစိုးရက စီစဉ် ဆုံးဖြတ်ထားသည်ဟု ဆိုသည်။

၎င်းပြင်သူမက ဌာနပေါင်းစုံ ပါဝင်သော အဖွဲ့မှ  မြန်မာနိုင်ငံက တရားမ၀င် ၀င်ရောက်လာသူများအား စစ်ဆေးသွားမည် ဖြစ်သလို သူတို့အား အိမ်ဌားရမ်းသူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများအားလည်း ထိရောက်စွာ အရေးယူသွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ဘာသာရေး လူမျိုးရေး ပဋိပက္ခကြောင့် ဘင်္ဂလာဒေခ်ျ့သို့ မြန်မာဘက်က ထွက်ပြေး ၀င်ရောက်လာသူများလာသဖြင့် နယ်စပ်ကို ပိတ်မည်ဟု သူမက ဆက်ပြောဆိုသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့် ၎င်းတို့ ကိစ္စနှင့် ပတ်သက်ပြီး ဆော်ဒီအရေဗီးယား အပါအ၀င် အစ္စလာမ်မစ် နိုင်ငံများ၏  ဖိအားပေးမူများကိုလည်း ခံနေရသည်ဟု ဆိုသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ရေမိုင်နယ်နမိတ်မှ မိုင် ၄၀ ခန့်ရှိပြီး ကုန်တွင်းမိုင် နယ်နမိတ်မှာ ၁၃၁ မိုင်ရှိကြောင်း၊ သို့အတွက် နယ်စပ်ကို ပိတ်မည်ဟု ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးက ပြောသော်လည်း လက်တွေ့တွင် လွယ်ကူနိုင်မည် မဟုတ်ဟု နယ်စပ်လေ့လာ အကဲခတ်သူ တစ်ဦးက ပြောသည်။

မြန်မာဘက်မှလည်း နယ်စပ်တွင် တရားမ၀င် ၀င်ထွက်သွားလာမူနှင့် မှောင်ခို လုပ်ငန်းများကို တားဆီးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နယ်စပ် တလျှောက် သံဆူးကြိုး ခြံစည်းရိုးများ ကာရံနေရာ အခုအခါ မိုင်ပေါင်း (၅၃) ခန့်သာ ကာရံရန် ကျန်ရှိတော့သည်ဟု သိရသည်။

မြန်မာဘက်မှ ခြံစည်းရိုးကာရံထားသော်လည်း တရားမ၀င် ၀င်ထွက်သွားလာသူများကို ထိရောက်စွာ ဟန့်တားနိုင်ခြင်း မရှိသေးဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာ အကြား မောင်တော နယ်စပ်မှ တဆင့် ဖြတ်ကျော် ၀င်ရောက် သွားလာနိုင်သလို ပင်လယ်ကြောင်းမှလည်း လှေ၊ သဗာန်၊ မော်တော်ဘုတ်၊ သဘောင်္များဖြင့် ၀င်ရောက်သွားလာနိုင်သည်။

(နိရဉ္စရာ- ၁၁ နိုဝင်္ဘာ ၂၀၁၃)