Home » » စီတန်းလှည့်လည်ဥပဒေကို ပြောထားသည့် အတိုင်းပြင်ဆင်နိုင်ပါက ပုဒ်မ ၁၈ဖြင့် ဖမ်းခံထားရသူများ ပြန်လွှတ်ဖွယ်ရှိ

စီတန်းလှည့်လည်ဥပဒေကို ပြောထားသည့် အတိုင်းပြင်ဆင်နိုင်ပါက ပုဒ်မ ၁၈ဖြင့် ဖမ်းခံထားရသူများ ပြန်လွှတ်ဖွယ်ရှိ

Written By Unknown on Wednesday, November 6, 2013 | 4:53 PM

နေမျိုး| အင်္ဂါနေ့၊ နိုဝင်ဘာလ ၅ ရက် ၂၀၁၃ ခုနှစ်

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် တရားစီရင်ရေးကော်မတီက လွှတ်တော်သို့ တင်သွင်းရန် စီစဉ်နေသည့် ငြိမ်ချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ထားသည့် ဥပဒေကြမ်း အတိုင်းသာအတည်ပြုနိုင်ပါက မူလဥပဒေပါ ပုဒ်မ ၁၈ဖြင့် ဖမ်းဆီးခံထားရသူများပြန်လွှတ်ရန် မျှော်လင့်ချက် ရှိကြောင်း ဥပဒေပညာရှင်များက ဆိုသည်။

မူလဥပဒေတွင် ဆန္ဒပြလိုသူများသည် ကြိုတင်ခွင့်ပြုချက် တောင်းရန်လိုပြီး ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်ပါက အနည်းဆုံး ထောင်ဒဏ်တစ်နှစ်နှင့် ဒဏ်ငွေကျပ်သုံးသောင်း သော်လည်းကောင်း ပြစ်ဒဏ်၂ရပ်လုံးသော် လည်းကောင်း ကျခံရမည်ဟူသည့် ပြဋ္ဌာန်းချက်ကို ပြည်သူ့လွှတ်တော်ကော်မတီက ဖြုတ်ပယ်၍ ဥပဒေအသစ်ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

ထို့ကြောင့် အဆိုပါဥပဒေသစ်ကို ပြင်ဆင်ထားသည့် အတိုင်းပြဋ္ဌာန်းနိုင်ပါက မူလပြဋ္ဌာန်းထားသည့် ဥပဒေ ပုဒ် မ ၁၈ဖြင့် ဖမ်းဆီးခံထားရသူများပြန်လွတ်ရန် မျော်လင့်နေကြခြင်းဖြစ်သည်။ ယင်းသို့ အတည်ပြုပြဋ္ဌာန်းနိုင်ပါက ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရှေ့နေချုပ်နှင့် တရားလွှတ်တော်တို့က အမိန့်ညွှန်ကြားချက် တစ်စုံတရာထပ်ဆင့်ထုတ်ပြန်၍ လွှတ်ပေးရန် နည်းလမ်း ရှိကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦး ဖြစ်သူ ဦးကိုနီကသုံးသပ်သည်။

“ ဥပမာ ရုပ်သိမ်းရမယ်ဆိုတာကို ရှေ့နေချုပ်ရုံးကနေ ညွှန်ကြားချက် ထုတ်ပေးတာမျိုး၊ တရားလွှတ်တော်ချုပ်ကလည်း အဲဒီအမှုတွေ ဆိုင်းငံ့ထားတာမျိုး၊ ရုတ်သိမ်းခွင့် တင် လာတာမျိုးဆို ရုတ်သိမ်းခွင့်ပြုဖို့ လိုအပ်တဲ့ ဌာနဆိုင်ရာ အမိန့်တွေ ညွှန်ကြားချက်တွေ ထုတ်ရမယ်”ဟု ဦးကိုနီက ဆိုသည်။

သို့သော် အတည်ပြုပြဋ္ဌာန်းရန်စီစဉ်နေသည့် မူလဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းပါ အချက် အချို့နှင့် ယခုဖမ်းဆီးခံထားရသူများ ဆက်လက်ငြိစွန်းနေလျှင်မူ လွတ်နိုင်ဖွယ်မရှိကြောင်း လက်ကျန် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်စီစစ်ရေးကော်မတီ အဖွဲ့ဝင်ဦးညိုထွန်းက သုံးသပ်သည်။

“ပုဒ်မ ၁၈ နဲ့ ငြိနေတဲ့သူတွေကို နောက်ထပ်အသစ်ပြဌာန်းတဲ့ ဥပဒေအသစ်မှာ ပါမယ့် အကြောင်းအရာ အချို့ နဲ့ ဆက်ငြိနေမယ်ဆိုရင် မလွှတ်နိုင်ဘူးဗျ။ မငြိရင်တော့ လွတ်နိုင်ပါတယ်။ ကျနော်ထင်ပါတယ်။ ဆန္ဒဖော်ထုတ်တဲ့ ကိစ္စနဲ့ ပါတ်သက်ပြီး အသစ် ရေးဆွဲမယ်ထင်ပါတယ်။ မူကြမ်းကို ပြည်သူလူထုကို ချပြသင့်တယ်။ အရင်ကတော့ အသင်းအပင်း ဆိုင်ရာဥပဒေတုန်းက ချပြတယ်။ အသစ်ရေးဆွဲတဲ့ ဥပဒေမှာတော့ ပြည်သူလူထု လိုက်နာနိုင်တာမျိုးဖြစ်သင့်တယ်။ မလိုက်နာနိုင်တဲ့အချက်မျိုး မပါသင့်ဘူး” ဟု ၄င်းက ဆိုသည်။

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် တရားစီရင်ရေးကော်မတီ ဥက္ကဋ္ဌကမူ ယင်းဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတက ကမ္ဘာသိ ထုတ်ဖော်ပြောဆိုထားသည့် ယခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးမည်ဟူသည့် ကတိက၀တ်ကို ပံ့ပိုးခြင်းပင်ဖြစ်ကြောင်း အောက်တိုဘာ ၄ရက်တွင် ပြောဆိုထားသည်။ ယင်းသည် ပုဒ်မ ၁၈ဖြင့် ပြစ်ဒဏ်ကျခံနေရသူများကို နိုင်ငံရေးအကျဉ်းသား အဖြစ် ထည့်သွင်းသတ်မှတ်သကဲ့သို့ပင်ဖြစ်သည်။

အထက်တန်း ရှေ့နေ ဦးအောင်သူရိန်ထွန်းကမူ အသစ်ပြဋ္ဌာန်းရန်စီစဉ်နေသည့် ဥပဒေတွင် မူလ ဥပဒေအရ ပြစ်မှုကျူးလွန်သည်ဟု သတ်မှတ်ထားချက်ကို ပယ်ပျက်ရမည်ဟူသည့် သဘောဆောင်သည့် ပြဋ္ဌာန်းချက်မျိုး ပါဝင်သင့်သည်ဟု အကြံပြုသည်။

“ဥပမာပေါ့ဗျာ အသစ်ထွက်လာမယ့် ဥပဒေသည် ဒီနေ့ကစပြီး အာဏာသက်ရောက်ရမယ်။ ဒါမှမဟုတ် အရှေ့က ကျူးလွန်ခဲ့တဲ့ ကိစ္စအတွက် ကြိုတင်အာဏာသက်ရောက်မှု ရှိရမယ်လို့ ပြဌာန်းထားတယ်ဆိုရင်တော့ တမျိုးပေါ့၊ အဲလိုမပြဌာန်းရင် မလွှတ်နိုင်ဘူး” ဟု ဦးအောင်သူရိန်ထွန်းက ပြောသည်။

လက်ကျန်အကျဉ်းသားစိစစ်ရေးကော်မတီ၏ စာရင်းအရ လက်ရှိအချိန်တွင် ပုဒ်မ ၁၈ဖြင့် ဖမ်းဆီးခံထားရသူ ၁၅ဦးရှိနေပြီး နိုင်ငံရေးအကျဉ်းသား ၁၄၇ ယောက်၊ စာရင်းပျောက်နေသူ ၂၁ ဦးရှိသည်ဟု ဦးညိုထွန်းက ပြောသည်။ ထို့ပြင် နိုင်ငံရေးပုဒ် မအပြင် အခြားပုဒ်မများဖြင့် ငြိစွန်းနေသူ ၄၈ ဦးလည်းရှိနေပြီး ၄င်းတို့ကိုမူ စိစစ်ရန် ကျန်ရှိနေသေးသည်ဟု ဆိုသည်။

Mizzima - News in Burmese