Home » » ဆင်ဖြူတော်ကြောင့် နာမည်တူသူတစ်ဦး သေဆုံး၍ သမ္မတဦးသိန်းစိန်အတွက် နိမိတ်ကောင်းဟု ဗေဒင်၊ နက္ခတ်ပညာရှင်များဆို

ဆင်ဖြူတော်ကြောင့် နာမည်တူသူတစ်ဦး သေဆုံး၍ သမ္မတဦးသိန်းစိန်အတွက် နိမိတ်ကောင်းဟု ဗေဒင်၊ နက္ခတ်ပညာရှင်များဆို

Written By Unknown on Monday, November 4, 2013 | 1:25 PM

ရန်ကုန်- ဆင်ဖြူတော်ကို စောင့်ရှောက်ရသူ ဆင်ဦးစီးဦးသိန်းစိန်သည် ၎င်းဦးစီးကိုင်တွယ်သော ဆင်ဖြူတော်၏ ဆင်စွယ်ဖြင့် ထိုးသတ်ခံရမှုသည် နိမိတ်အဖြစ် နိုင်ငံတော်သမ္မတဦးသိန်းစိန် အပေါ်ကျရောက်နေသော အ ခက်အခဲများလွတ်မြောက်ပြီး သေကိန်းက လွတ်မြောက်သွားသည်ဟု နိမိတ်ယူဆနိုင်ကြောင်း ဗေဒင်နှင့် နက္ခတ်သိပံ္ပပညာရှင်များက ပြောသည်။

အစိုးရအတွက် အထွတ်အမြတ်ထားရာ လောကီရတနာတစ်ပါးဖြစ်သော ဆင်ဖြူတော်၏ ဆင်စွယ်ဖြင့် ထိုးသတ်ခံရသော ဆင်ဦးစီးဦးသိန်းစိန်သေဆုံးမှုသည် ၁၃၇၅ ခုနှစ် သီတင်းကျွတ်လကွယ်နေ့တွင်ဖြစ်ခြင်း၊ သောကြာဂြိုဟ်သည် ဗြိစာရာသီမှဓနုရာသီသို့ ကူးပြောင်းချိန်ဖြစ်ပြီး နေကြတ်ရန် တစ်ရက်အလို၌ ဖြစ်သောကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အတွက် နိမိတ်ကောင်းဟု မှတ်ယူနိုင်ကြောင်း ဆရာစံဇာဏီဘိုကပြောသည်။

“ဆင်ဖြူတော်ကို စောင့်ရှောက်ရတဲ့သူ၊ ဦးစီးကိုင်တွယ်ရတဲ့သူကလည်း သမ္မတကြီးဦးသိန်းစိန်နဲ့ နာမည်ချင်းတူနေတယ်။ အဲဒါကြောင့် ဆင်ဖြူတော်ကို ဦးစီးတဲ့သူက သူနဲ့အတူ အဆင့်မြင့်တဲ့ သူသမ္မတကြီးဦးသိန်းစိန်အစားခံ သွားရတယ်လို့ပြောလို့ရပါတယ်” ဟု ဆရာစံဇာဏီဘိုက ဆိုသည်။

ဆင်ဦးစီး ဦးသိန်းစိန်အား ဆင်ဖြူတော်က မုန်ယိုပြီး စိတ်ရိုင်းဝင်ကာ အသတ်ခံရမှုသည် နိမိတ်အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နာမည်ချင်းတူသောသူ အသတ်ခံရသောကြောင့် သမ္မတဦးသိန်းစိန်အတွက် ယတြာကျေရာရောက်ပြီး အခု ဖြစ်စဉ်ဖြစ်ပွားချိန်တွင် သိဟ်ရာသီတွင်ကျရောက်နေသောကြောင့် နိုင်ငံရေး ကိစ္စများတွင်နိမိတ်မကောင်းနိုင် ကြောင်း မြန်မာနိုင်ငံနက္ခတ်သိပံ္ပအဖွဲ့မှ အမှုဆောင်အရာရှိ ဆရာဇေယျာကိုက ပြောသည်။

“သမ္မတကြီးနဲ့နာမည်ချင်း တူတဲ့သူကို ဆင်ဖြူတော်က မုန်ယိုပြီးသတ်လိုက်တာဆိုတော့ သမ္မတဦးသိန်းစိန် အတွက်တော့ ကောင်းသွားတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမှာ မကောင်းပါဘူး။ နိုင်ငံတော်လူကြီးတွေ ယတြာချေဖို့ လိုပါတယ်”ဟုဆရာဇေယျာကိုကပြောသည်။

ထို့အပြင် အိန္ဒိယနိုင်ငံမှ ဗေဒင်နှင့် လက္ခဏာ ဒေါက်တာဘွဲ့ ရယူလာသော ဒေါက်တာ ဦးကံမင်းကလည်း “ဆင်ဖြူတော်တွေက သစ္စာရှိကြတယ်။ ဒီလိုဆင်ဖြူတော်က လူသတ်တယ်ဆိုတော့ ကောင်းတဲ့ နိမိတ်တော့ မဟုတ် ဘူး။ နာမည်ချင်းတူတော့ကြ သမ္မတကြီး ဦးသိန်းစိန်အတွက်တော့ ယတြာကျေသွားတာပဲ။ ဂြိုဟ်တွေကြောင့် ဒီလိုဖြစ်တာပါ” ဟု ပြောသည်။

ဗေဒင်ပညာရှင် ဆရာမင်းသိမ်းခိုင်ကလည်း “ကျိန်းကြေသွားတဲ့ နိမိတ်ပါပဲ။ ဦးသိန်းစိန်အတွက်ကောင်းတဲ့အန္တရာယ်ကင်းတဲ့ နိမိတ်ပါပဲ။ သမ္မတကြုံရမယ့်အခိုက်ကို ဆင်ဦးစီးခံပေးလိုက်တဲ့သဘောယူဆလို့ရပါတယ်”ဟု ပြောသည်။

သို့သော် ဆင်များ၏ သဘော သဘာဝနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တစ်ဦးက “မုန်ယိုတဲ့ အချိန်မှာဆိုရင် ပိုသတိထားရမယ်။ ဆင်က မနာခံတော့ဘူးဆိုရင် ဆင်ဆိုးစာရင်းဝင်သွားပြီ။ မထင်ရင် မထင်သလို လုပ်တတ်တဲ့ ဉာဏ်လေးရှိပြီဆိုရင် တစ်သက်လုံးပါသွားလိမ့်မယ်။ သူ့ကို ဂရုစိုက်ဖို့ သီးခြားထားတာ လုပ်ရမယ်”ဟု ထူးဖောင်ဒေးရှင်းမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးသိန်းအောင်က အကြံပြုသည်။

“ဆင်တွေ မုန်ယိုတယ်ဆိုတာ တစ်ကောင်နဲ့ တစ်ကောင် မတူဘူး။ အေးတဲ့ရာသီမှာ ဖြစ်တတ်တယ်။ ဒီကိစ္စဖြစ်တာက လည်း အခန့်မသင့်လို့ဖြစ်တာပါ။ ဆင်က တအားကြီးဆိုးနေတာ မဟုတ်ပါဘူး”ဟု မင်းဓမ္မဆင်ဖြူဝင်းမှ ဦးစီးအရာရှိ ဦးတင်ဌေးဦးက ပြောကြားသည်။ ကွယ်လွန်သွားသော ဆင်ဦးစီး ဦးသိန်းစိန်၏ နာရေးကိစ္စအ၀၀ကိုဌာနကတာဝန်ယူ ဆောင်ရွက်ပေးနေပြီး ထောက်ပံ့ကြေးပေးအပ်ကြောင်းလည်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ၁၉၁၀ပြည့်နှစ် အင်္ဂလိပ်အစိုးရအုပ်စိုးစဉ်က မင်းတုန်းမင်းလက်ထက်၌ ပေါ်ထွန်းခဲ့သည့် ဆင်ဖြူတော်ကို မန္တလေးမှ ရန်ကုန်သို့ ပို့လိုက်ပြီး အခမဲ့ပြသရာ ဆင်ဖြူတော်ကမုန်ယိုပြီး ဆင်စွယ်ဖြင့် ထိုးသတ်ခံရမှု ဖြစ်ပွားခဲ့သည်။ ၎င်းဆင်ဖြူတော်အား ထိန်းသိမ်းရန် မနိုင်သောကြောင့် အင်္ဂလိပ်အစိုးရတပ်ကသေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ထိုဖြစ်စဉ် ဖြစ်ပွားပြီး ယင်းနှစ်မေလတွင် အင်္ဂလန်၌ မင်းအပြောင်းအလဲဖြစ်ပွားခဲ့ကြောင်း ဆရာဇေယျာကိုက ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဆင်ဖြူတော် ကောင်ရေ ရှစ်ကောင်ရှိပြီး နေပြည်တော်တွင် ငါးကောင်၊ ရန်ကုန်ရှိ မင်းဓမ္မ ကုန်းတွင် သုံးကောင်ရှိသည်။ အဆိုပါ မင်းဓမ္မဆင်ဖြူကွင်းမှ ဆင်ဖြူများကို လေ့ကျင့်သင်ကြားပေးမှုနှင့် ပတ်သက်၍ နေ့စဉ်တစ်နေ့လျှင် နှစ်ကြိမ်ပြုလုပ်ပေးပြီး အထီးတစ်ကောင်၊ အမနှစ်ကောင်ရှိသည်။ ယခုနှစ်အတွင်းမှာပင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှ ဆင်ဖြူတစ်ကောင်ကို ချင်းမိုင်မြို့တွင် ပြသရန် ငှားရမ်းရာ အစိုးရက ပယ်ချခဲ့သည်။

သို့သော် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက ရေဒီယို အင်တာဗျူးတစ်ခုတွင် ဆင်ဖြူတော်များနှင့် ပတ်သက်၍ “ဆင်ဆိုတာဖြူချင်ဖြူ၊ မည်းချင်မည်း တိရစ္ဆာန်ပဲ။ မယုံရင်ချင်ဗျားတို့ အနင်းခံကြည့်ပါလား”ဟု ဖြေဆိုခဲ့ဖူးသည်။

7Day News Journal