Home » » ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံက ဖိတ်ခေါ်လို

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံက ဖိတ်ခေါ်လို

Written By Unknown on Monday, November 4, 2013 | 1:20 PM

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးအဖွဲ့ကြီး CAIFC သည် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်လိုသည်ဟု ဒီချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးအဖွဲ့တို့ ဘေကျင်းမြို့၊ ပြည်သူ့လွှတ်တော် ကွန်ဂရက် အဆောက်အအုံအတွင်းရှိ တိဗက် ခန်းမတွင် အောက်တိုဘာ ၂၉ရက်က တွေ့ဆုံစဉ် CAIFC ဥက္ကဋ္ဌ (ယခင် တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဟောင်း)Li Zhaoxing (လီဇောက်ရှင်း)က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်က ဥရောပခရီးစဉ်တွေ သွားရောက်နေတဲ့အပေါ် တရုတ်နိုင်ငံက စိုးရိမ်မှုရှိနေ တယ်။ ဥရောပနိုင်ငံတွေအပေါ် ဒေါ်စုနဲ့ မြန်မာပြည်သူတွေ အာရုံစိုက်သွားမှာ သူတို့က စိုးရိမ်တယ်။ ဒေါ်စုကို တရုတ်ပြည်လာဖို့ သူတို့ဘက်က ကမ်းလှမ်းချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ် တော် ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ တင်ပြသွားဖို့ရှိတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး နောက်ပိုင်းမှာ ပြည်ပနိုင်ငံခရီးစဉ် ၁၀ ခု ထွက်ခဲ့ပြီး ၎င်းနိုင်ငံများထဲတွင် အမေရိကန်နိုင်ငံသို့ တစ်ကြိမ်၊ သြစတြေးလျ နိုင်ငံသို့ တစ်ကြိမ် နှင့် ဥရောပနိုင်ငံများသို့ နှစ်ကြိမ် သွားရောက်ခဲ့ပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်လိုသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတကာ ချစ်ကြည်ရင်းနှီး စွာဆက်ဆံရေးအဖွဲ့ကြီးအနေဖြင့် လာမည့် ၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးကို အချိန်မီပြင်ဆင် နိုင်ပါ့မလားဆိုသည့် အချက်ကိုလဲ စိုးရိမ်လျက်ရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် မေးခွန်း ထုတ်ခဲ့ကြောင်းလည်း ဒေါ်ခင်စန်းလှိုင်၏ ပြန်လည်ပြောကြားချက်အရ သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးအဖွဲ့ကြီးနှင့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် အောက်တိုဘာလ၂၇ ရက်မှ နိုဝင်ဘာ၂ ရက်ထိ တစ်ပတ်ကြာ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးရဲထွန်းခေါင်းဆောင်ကာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်တို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့သည် တရုတ် ပြည်အာရှရေးရာအထူးအရာရှိ (ယခင် တရုတ်ပြည်ဒုတိယ နိုင်ငံခြား ရေးဝန်ကြီးဟောင်း)မစ္စတာဝမ်ရင်ဖန်း၊ တရုတ်နိုင်ငံ ယူနန်တက္ကသိုလ်ဥက္ကဋ္ဌနှင့် ပါမောက္ခများ မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ရည်ရွယ်နေသော ShineshineKaidiကုမ္ပဏီတို့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးမြင့်စံ
Mizzima - News in Burmese