Home » » အလုပ်သမားအများစု အခွင့်အရေးများ ဆုံးရှုံးနေဆဲ

အလုပ်သမားအများစု အခွင့်အရေးများ ဆုံးရှုံးနေဆဲ

Written By Unknown on Thursday, November 14, 2013 | 7:17 PM

စက်ရုံလုပ်သားများနှင့် အလုပ်သမားသမဂ္ဂများ အနေဖြင့် လွန်ခဲ့သည့်နှစ်များထက်စာလျှင်
အလုပ်သမားအခွင့်အရေး အချို့ရရှိလာသော်လည်း အများစုမှာမူ ဖိအားပေးခံရခြင်း၊ ရပိုင်ခွင့်နှင့်
ခံစားခွင့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း အလုပ်သမားရေးရာ လှုပ်ရှားသူများက
ပြောသည်။

"အလုပ်သမားအဖွဲ့အစည်းတွေက ဖွဲ့စည်းခွင့် ရရှိထားတာကလွဲရင် ကျန်တဲ့ သမဂ္ဂရဲ့ တာဝန်တွေ
ဘာမှလုပ်ခွင့်မရဘူး" ဟုအလုပ်သမားအရေး လှုပ်ရှားသူ ဦးဌေးက ပြောသည်။

"သူတို့အနေနဲ့ စက်ရုံထဲမှာ အလုပ်သမားသမဂ္ဂအဖြစ် ပုံမှန်စည်းဝေးခွင့်မရဘူး။ အစည်းအဝေး
ထိုင်ခွင့်မရှိဘူး။ တချို့စက်ရုံတွေမှာဆို ဆွေးနွေးညှိနှိုင်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စက်ရုံ အုပ်ချုပ်
ရေးပိုင်းက လူတွေနဲ့ တွေ့ခွင့်မရှိဘူး" ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်း အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းရန် စက်ရုံတွင်း အင်တိုက်အားတိုက် လှုပ်ရှား
ခဲ့သည့် အလုပ်သမားခေါင်းဆောင်များ အလုပ်ထုတ်ခံရခြင်းများ ဖြစ်ပွားခဲ့ပြီး စက်ရုံတချို့တွင်
အလုပ်သမားများ ဖွဲ့စည်းထားသော အလုပ်သမားသမဂ္ဂအား အတိုက်အခံပြုမည့် အလုပ်သမား
အဖွဲ့တစ်ဖွဲ့ကို စက်ရုံအုပ်ချုပ်ရေးပိုင်းက ကြီးမှူး၍ ဖွဲ့စည်းထားလေ့ရှိကြောင်း လှုပ်ရှားသူများက
ပြောသည်။

အလုပ်သမားရေးရာ လှုပ်ရှားမှုများ ဆောင်ရွက်သူ Action Labour Right အဖွဲ့ဝင်ဟောင်း
ဦးကျော်မြင့်ကလည်း အလုပ်သမားသမဂ္ဂများ၊ အဖွဲ့အစည်းများအနေဖြင့် ယခင်ကထက်စာလျှင်
အခွင့်အရေးအချို့ ပိုမိုရရှိလာသည်မှာ မှန်သော်လည်း အများစုမှာမူ အဘက်ဘက်မှ အဆင်မပြေမှု
များဖြင့် ရုန်းကန်နေရဆဲဟု ပြောသည်။

"ကျွန်တော်တို့ အလုပ်သမားအဖွဲ့တွေကို ကူညီတဲ့အချိန်မှာ တွေ့ကြုံရတာက အလုပ်ရှင်တချို့
အနေနဲ့ စက်ရုံတွင်းလှုပ်ရှားမှုတွေ လုပ်တဲ့ လူတွေ၊ အလုပ်သမားခေါင်းဆောင်တွေရယ်ကို မလုပ်
ဖြစ်အောင် ဖိအားပေးတာ၊ အလုပ်ဖြုတ်တာတွေကို ကြုံရပါတယ်။ အလုပ်ရှင်တွေမှာ အလုပ်သမား
တစ်ယောက် ဒီလိုလုပ်ရှားမှုတွေကို မလုပ်နိုင်အောင် ဖိအားပေးတဲ့နည်းတွေ အများကြီးရှိတယ်။
အသိသာဆုံးကတော့ လစာ ဖြတ်တာပဲ။ အလုပ်သမားတွေက မှတ်ပုံတင်ဖို့စတဲ့ အဖွဲ့အစည်း
ဆိုင်ရာ ကိစ္စတွေအတွက် အပြင်ထွက်တော့မယ်ဆိုရင် လစာဖြတ်မယ်ဆိုတာနဲ့ တော်တန်ရုံလူက
မသွားနိုင်တော့ပါဘူး" ဟု ဦးကျော်မြင့်က ဆိုသည်။

'ခေတ်သစ်ကျွန်သဘောက်' အမည်ရှိ ရန်ကုန် စက်မှုဇုန်အတွင်းမှ အလုပ်သမားများ အခြေအနေ
အစီရင်ခံစာကို လုပ်သားနှင့် လုပ်ငန်းခွင်ရေးရာ အတိုင်ပင်ခံစင်တာ (Labour Right Clinic-LRC)
က အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီရင်ခံစာသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ အထူးသဖြင့်
လှိုင်သာယာစက်မှုဇုန်တို့ရှိ စက်ရုံပေါင်း ၄၅ ရုံ မှ အလုပ်သမား ၁,၄၀၀ ကျော်ကိုလေ့လာပြီး
ရေးသားပြုစုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုပ်သားနှင့် လုပ်ငန်းခွင်ရေးရာ အတိုင်ပင်ခံ စင်တာအနေဖြင့် အစီရင်ခံစာအတွက် လေ့လာမှုများ
ကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကာလတွင် အလုပ်သမား
ဥပဒေနှင့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေတို့ ထွက်ပေါ်ခဲ့ပြီး ဖြစ်သော်လည်း
တစ်နှစ်တာကာလအတွင်း အလုပ်သမားတို့၏ လုပ်ကိုင်ရမှုအခြေအနေများသည် သိသာစွာ
တိုးတက်ပြောင်းလဲခြင်း မရှိခဲ့ဟု ဆိုသည်။

"ရန်ကုန်ရှိ စက်မှုဇုန် ၁၃ ခုတွင် အလုပ် လုပ်ကိုင်နေရသော အလုပ်သမားများသည် အန္တရာယ်
မကင်းသော၊ ပူလှောင် အိုက်စပ်၍ လူများဖြင့် ပြွတ်သိပ်နေသည့် စက်ရုံများတွင် တစ်နေ့လျှင်
၁၁ နာရီ၊ တစ်ပတ်တွင်ခြောက်ရက် ပုံမှန်အလုပ်ဆင်းနေရပါသည်" ဟု အစီရင်ခံစာ က ဖော်ပြ
ထားသည်။

"အချိန်ပို အလုပ်ဆင်းရတာဟာလည်း ဖြေရှင်းဖို့ထက် ကိုင်တွယ်ရခက်ခဲတဲ့ ပြဿနာပါပဲ။ အချိန်ပို
ကြေးမရှိရင် အလုပ်သမားတွေ ၀င်ငွေဟာ လုံးဝမလောက်ငဘူး။ ဒီအတွက် ဆန္ဒပါသည်ဖြစ်စေ၊
မပါသည်ဖြစ်စေ သူတို့ အချိန်ပိုဆင်းနေရတယ်"ဟု အလုပ်သမားအရေး လှုပ်ရှားသူ ကိုရန်နိုင်ထွေး
က ပြောသည်။

ယမန်နှစ်က အလုပ်ရှင်၊ အလုပ်သမားညှိနှိုင်း ဖျန်ဖြေမှုများကို သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူ
များက ဦးဆောင် လုပ်ကိုင်ခဲ့ပြီး အလုပ်သမားများအား လစာပေးသည့်စနစ်ကို ပွင့်လင်းမြင်သာစွာ
တွက်ချက်ရှင်းပြပြီးမှပေးရန် ညွှန်ကြားချက်များ ပေးခဲ့သော်လည်း လက်ရှိအချိန်ထိ အလုပ်သမား
အများစုမှာ မိမိတို့၏ လစာပေးစနစ်အား လည်းကောင်း၊ မည်သည့် ပမာဏက မည်သည့်အတွက်
ဖြစ်သည်ကို ကွဲပြားစွာပြောနိုင်ခြင်းမရှိဟု ဆိုသည်။

၂၀၁၂ ခုနှစ်၊ နှစ်ဦးပိုင်းမှ အစပြုခဲ့သည့် အလုပ်သမားဆန္ဒထုတ်ဖော်မှုများ ရာနှင့်ချီ ဖြစ်ပွားခဲ့
ပြီးနောက် အဆိုပါဆန္ဒ္ဒထုတ်ဖော်မှုများ၏ ရလဒ်အဖြစ် အလုပ်သမားဥပဒေသစ်၊ အလုပ်သမားရေး
ရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေနှင့် နည်းဥပဒေများ၊ အလုပ်သမားအငြင်းပွားမှု ညှိနှိုင်းဖျန်ဖြေရေး
အဖွဲ့များ၊ ခုံသမာဓိကောင်စီ စသဖြင့်ပေါ်ထွက်လာသော်လည်း တစ်နှစ်အတွင်း အဆိုပါဥပဒေများ
နှင့် ဖျန်ဖြေရေး အဖွဲ့များ၏ အကျိုးသက်ရောက်မှုမှာ အလုပ်သမားများ၏ အဖိနှိပ်ခံဘ၀ကို
ပြောင်းလဲပစ်နိုင်သည်အထိ အားမကောင်းခဲ့ပေ။

"အထင်ရှားဆုံး သာဓကကတော့ တော်ဝင်အလုပ်သမားတွေကိစ္စပဲ။ ဒီအငြင်းပွားမှုဟာ ဥပဒေအရ
အမြင့်ဆုံးဖြစ်တဲ့ ခုံသမာဓိကောင်စီ အထိ ရောက်ပြီး အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို
ဖြည့်ဆည်းပေးဖို့ အမိန့်ချပြီးဖြစ်ပါတယ်။ ဥပဒေအရဆို ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်က
အမြင့်ဆုံးဖြစ်ပြီး မလိုက်နာဘဲနေလို့မရဘူး။ ဒါပေမဲ့ တော်ဝင်သစ်အချော ထည်စက်ရုံပိုင်ရှင်
ကတော့ အဲ့ဒီအဆုံးအဖြတ်ကို အခုထိ မလိုက်နာသေးသလို အဲ့ဒီအတွက် ဘာအရေးယူမှုမှလည်း
မရှိပါဘူး"ဟု ကိုရန်နိုင်ထွေးက ပြောသည်။

နိုနိုအောင်  -  မြန်မာတိုင်း(မ်)