Home » » ကလေးအသုံးစရိတ် တိုးမြှင့်ရန် မြန်မာကို ကုလတောင်းဆို

ကလေးအသုံးစရိတ် တိုးမြှင့်ရန် မြန်မာကို ကုလတောင်းဆို

Written By Unknown on Wednesday, November 6, 2013 | 8:33 PM

သဘာဝဓာတ်ငွေ့ ရောင်းချမှုကရတဲ့ငွေ အပါအ၀င်  တိုင်းပြည်ရဲ့ ၀င်ငွေတွေကို  ခွဲဝေ သုံးစွဲတဲ့အခါမှာ ကလေးငယ်တွေအတွက် အသုံးစရိတ်ကို ဦးစားပေး စဉ်းစားဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂ နိုင်ငံတကာကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က တောင်းဆိုလိုက်ပါတယ်။

မြန်မာအစိုးရက ကျန်းမာရေးကဏ္ဍမှာ ၇၈ ရာခိုင်နှုန်းနဲ့ ပညာရေးမှာ ၃၀ ရာခိုင်နှုန်း  အသုံးစရိတ် တိုးမြှင့်ခဲ့ပေမယ့် ဒါဟာ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှုရဲ့ ၂ ရာခိုင်နှုန်း လောက်ပဲ တိုးမြှင့်ပေးလိုက်တာ ဖြစ်တယ်လို့ ယူနီဆက်ဖ်ရဲ့ ဒီနေ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

လွှတ်တော်မှာ ၂၀၁၃-၁၄  ဘဏ္ဍာရေးနှစ် အသုံးစရိတ် ထပ်မံချထားပေးရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတဲ့ အချိန်မှာ အခုလို တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ဆက်သွယ်ရေးအရာရှိ ဦးရဲလွင်ဦးက ကလေးတွေအတွက် အသုံးစရိတ် တိုးမြှင့်ပေးဖို့အတွက် တောင်းဆိုရတဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့ တပတ်က နေပြည်တော်မှာ ယူနီဆက်ဖ် က ဘဏ္ဍာအခွန် ၀န်ကြီးဌာနက ဒေါက်တာ မောင်မောင်သိန်းတို့၊ ပါလီမန် လွှတ်တော် ကိုယ်စားလှယ်တွေကို အခုလာမယ့် နှစ်တွေမှာ ဘတ်ဂျက်တွေ သုံးစွဲရာမှာ ပညာရေး၊ ကျန်းမာရေး၊ ကဏ္ဍတွေမှာ ဘတ်ဂျက်တွေ တိုးမြှင့် ချထားပေးဖို့ကို ယူနီဆက်ဖ်က ထောက်ခံ ပေးတယ်။ အဓိက ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ နှစ်စဉ် သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှု စိုက်ပျိုးရေး ကဏ္ဍကနေပြီး ပဲအမျိုးမျိုးတင်ပို့ရောင်းချမှု၊ ကျောက်မျက်ကနေ တင်ပို့ရောင်းချမှု ငွေတွေ အများကြီးရှိပါတယ်။ အဲဒီအများကြီး ရှိတဲ့ငွေတွေကို တကယ်တမ်းသာ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍမှာ ထိထိရောက်ရောက် ထည့်ဝင်သုံးစွဲမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ အများကြီး အကျိုးရှိသွားနိုင်တယ်။ သဘာဝအရင်းအမြစ်ကနေပြီး လူ့အရင်းအမြစ်ကို ရင်းနှီးမြှုပ်နှံရမှာပေါ့နော်။ အဲဒီဟာကို သက်ဆိုင်ရာ အစိုးရနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ သိဖို့ဆိုပြီး ရည်ရွယ်ချက်နဲ့ ယူနီဆက်ဖ်က အခုလိုမျိုး ထုတ်ပြန်လိုက်တာ။”

ယူနီဆက်ဖ်က အောက်တိုဘာ ၆ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ  သဘာဝဓာတ်ငွေ့ စီမံကိန်းကရတဲ့ ၀င်ငွေရဲ့ ၉ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံတ၀န်းလုံးအတွက် နှစ်စဉ် လိုအပ်နေတဲ့ ကာကွယ်ဆေးကို ၀ယ်လို့ ရသလို သဘာဝဓာတ်ငွေ့ကရတဲ့ ၉ ရက်တာ ၀င်ငွေက နိုင်ငံတ၀န်းလုံးက အခြေခံမူလတန်းဆရာတွေကို တနှစ်စာ လစာပေးနိုင်တယ်လို့ ရေးပါတယ်။

ဒါအပြင် လွန်ခဲ့တဲ့ ၉ နှစ်ကတည်းက ကျောက်စိမ်း ၁ ကီလိုဂရမ်အတွက် ၁ ဒေါ်လာ ပိုကောက်ခဲ့မယ်ဆိုရင် စာသင်ခန်း ၁ သောင်း ၄ ထောင် ၆ ရာ ဆောက်လုပ်နိုင်ခဲ့မယ်လို့လည်း ယူနီဆက်ဖ်ရဲ့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

၂၀၁၀ ခုနှစ် အဖိုးတန် ကျောက်မျက် လေလံပွဲကနေ ရောင်းရတဲ့ ၀င်ငွေရဲ့ ၄ ပုံ ၁ ပုံက မြန်မာနိုင်ငံ တ၀န်းလုံးက အသက် ၅ နှစ်အောက် ကလေးတွေကို ကမ္ဘာလုံးဆိုင်ရာ ကလေး အကျိုးခံစားခွင့်အဖြစ် ကလေး ၁ ဦး တလကို ကျပ်ငွေ ၁ သောင်း ၅ ထောင် ထောက်ပံ့ပေးထားနိုင်တယ်လို့ ရေးပါတယ်။

သစ်မာတွေက ထုတ်လုပ်မှုအပေါ် အခွန် ၀ ဒဿမ ၆ ရာခိုင်နှုန်း တိုးကောက်မယ်ဆိုရင်တော့  နှစ်စဉ် အထွေထွေလုပ်သား ၆ ထောင် အတွက် လစာ လုံလောက်မယ်လို့လည်း ပါရှိပါတယ်။

by ဒီဗွီဘီ