Home » » ပွင့်ဖြူမြို့တွင် မိုးများမှုကြောင့် စပါးခင်းများ ပျက်စီး

ပွင့်ဖြူမြို့တွင် မိုးများမှုကြောင့် စပါးခင်းများ ပျက်စီး

Written By Unknown on Wednesday, November 6, 2013 | 8:38 PM

မကွေးတိုင်း ပွင့်ဖြူမြို့နယ်ဘက်မှာ မိုးများတာကြောင့် ရိတ်သိမ်းခါနီး စပါးပင်တွေ ရေနစ်မြုပ် ပျက်စီးသွားတဲ့အတွက် ဒေသခံ လယ်သမားတွေ အခက်အခဲ ဖြစ်နေကြပါတယ်။

အောက်တိုဘာလကုန်ပိုင်းက မိုးဆက်တိုက်ရွာသွန်းခဲ့တဲ့အတွက် ပွင့်ဖြူမြို့နယ်ထဲက လယ်ကိုင်းကျေးရွာ အုပ်စုကွင်း၊ ကန်ဆွယ်ကျေးရွာ အုပ်စုကွင်း၊ ဖလံတောကျေးရွာ အုပ်စုကွင်းနဲ့ ကျောက်စစ်ပုံကျေးရွာအုပ်စုကွင်းတွေက မိုးစပါး ဧကပေါင်း ၂ ထောင်ကျော် ရေနစ်မြုပ် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ကျနော်တို့ဆီမှာတော့ မိုးစပါး နစ်မြုပ်ခဲ့တဲ့အတွက် ဘဏ်ဆပ်ချိန်တော့ နည်းနည်း အခက်အခဲ ဖြစ်လိမ့်မယ် ထင်တယ်။ တောင်သူတွေမှာ စိုက်ပျိုးစရိတ် ချေးထားတဲ့ ဒီလယ်မြေပေါ်က စပါးမရတဲ့အတွက် ပြန်ဆပ်ဖို့ရာမှာ တော်တော်လေး အဲဒီမှာ ခက်လိမ့်မယ် ထင်ပါတယ်။ အဲဒီပြဿနာတော့ နောက်ဘယ်လိုရှင်းကြမယ် မသိဘူး” လို့ ပြောပါတယ်။

မိုးစပါး ဆုံးရှုံးခဲ့ရပြီးနောက်မှာ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးမယ့် ကုလားပဲတွေအတွက် ရေတွေ ကျန်နေပြီး မြေကြီး အစိုဓာတ်များနေသေးတဲ့အတွက် ဘယ်လိုမှ စိုက်ပျိုးမရနိုင်သေးတဲ့ အတွက် အခက်အခဲ ကြုံနေရတာ ဖြစ်ပါတယ်။

ဒေသခံတဦးက “အခု လောလောဆယ်တော့ ဘာမှလုပ်လို့ မရဘူးပေါ့နော်။ ပဲကြဲဖို့ကျတော့လဲ မြေက အောက်က အစိုဓာတ် များနေတော့ ဘယ်လိုမှ ကြဲမရဘူးလေ။ တန်ဆောင်မုန်းလကုန် အဲလောက်မှပဲ ပဲရာသီရဲ့ တချက်ပဲ ရှိတော့တာပေါ့နော်” လို့ ပြောပါတယ်။

တောင်သူတွေအနေနဲ့ စိုက်ပျိုးစရိတ် ချေးငွေ ပြန်ဆပ်ဖို့ အခက်အခဲ ရှိနိုင်တာကြောင့် စိုးရိမ် ပူပန်နေကြပါတယ်။ အခုလို ရေကြီးပြီး စပါးတွေ ဆုံးရှုံးခဲ့တာကို မကွေးတိုင်းဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ ကိုယ်တိုင် လာရောက် ကြည့်ရှုသွားပေမယ့် မှတ်ချက် တစုံတရာ ပေးမသွားဘူးလို့ ဒေသခံတွေက ပြောပါတယ်။

by ခင်မင်းဇော် (ဒီဗွီဘီ)