Home » » အငြိမ်းစားရဲမှူးချုပ်တစ်ဦးကို လိမ်လည်မှုဖြင့် အမှုဖွင့်

အငြိမ်းစားရဲမှူးချုပ်တစ်ဦးကို လိမ်လည်မှုဖြင့် အမှုဖွင့်

Written By Unknown on Tuesday, November 26, 2013 | 5:55 AM

ကျပ်သိန်း ၂၉၀၀၀၀ တန်သည့် မြေကွက်အား ၀ယ်ယူခွင့်ရရန် ဆောင်ရွက်ပေးမည်ဆိုကာ စရန်ငွေ ကျပ်သိန်းနှစ်ရာကို လိမ်လည်ရယူထားသည်ဆိုသည့် အငြိမ်းစားရဲမှူးချုပ်တစ်ဦးကို အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

လှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ် ကွက်၊ အောင်ဓမ္မရိပ်သာလမ်းရှိ ဆပ်ပြာစက်ရုံအမှတ် ၂ မြေကွက် အား ၀ယ်ယူလိုသော အမျိုးသားတစ်ဦးကို ထိုမြေကွက်အား ကျပ် သိန်း ၂၉၀၀၀၀ ဖြင့် ၀ယ်ယူခွင့်ရရှိအောင် ဆောင်ရွက်ပေးမည်ဆိုကာ စရန်ငွေကျပ် သိန်း ၂၀၀ ယူပြီး သုံးနှစ်ကြာချိန်အထိ ဆောင်ရွက်မပေးနိုင်သောကြောင့် နိုဝင်ဘာ ၂၃ ရက်က လိမ်လည်မှုဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းတွင် ဖော်ပြသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာလက မြေကွက်ဝယ်လိုသူက ခြံမြေပွဲစားတစ်ဦး၏ လမ်းညွှန်မှုကြောင့် ယင်းရပ်ကွက်အတွင်း နေထိုင်သည့် သတ္တုတူးဖော်ရေး နှင့် အင်ဂျင်နီယာလုပ်ငန်း ကုမ္ပဏီလီမိတက်မှ အငြိမ်းစားရဲမှူးချုပ်ထံသွားပြီး ၎င်း၏ရုံးခန်း၌ အောက်တိုဘာ ၁၉ ရက်တွင် စရန် ငွေကျပ် သိန်း ၂၀၀ ကို ပေးခဲ့သည်။ သို့သော်လည်း သုံးနှစ်ကြာသည့်တိုင် မြေကွက်ဝယ်ယူခွင့်ပါမစ် မရရှိသည့်အပြင် အကြောင်းအမျိုးမျိုးပြကာ ရှောင်တိမ်းနေသောကြောင့် အမှုဖွင့်ရကြောင်း တရားလိုဖြစ်သူ အိုင်အိုဒင်းဆားလုပ်ငန်းရှင်က တိုင်ကြားထားကြောင်း မှုခင်းဌာနမှ ရဲအရာရှိတစ်ဦးကပြောသည်။

ထို့ကြောင့် လှိုင်မြို့မရဲစခန်းက ပြစ်မှုဆိုင်ရာပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

တရားစွဲဆိုခံထားရသူသည် ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း နိုဝင်ဘာ ၂၄ ရက် ညနေတွင် တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

7day Daily