Home » » လဗြိစ္ဆာ တန်ဆောင်ပွဲနှင့် ဖက်တွဲလို့ ရွှေကထိန် လှူချိန်မို့လေး

လဗြိစ္ဆာ တန်ဆောင်ပွဲနှင့် ဖက်တွဲလို့ ရွှေကထိန် လှူချိန်မို့လေး

Written By Unknown on Friday, November 15, 2013 | 10:08 PM

တန်ဆောင်မုန်းလသည် မြန်မာလ တစ်ဆယ့်နှစ်လတွင် ရှစ်လမြောက် ဖြစ်သည်။

တန်ဆောင်မုန်းလ၌ ရက်ပေါင်း ၃ဝ ရှိပြီး နာရီအားဖြင့် နေ့ ၂၈ နာရီ၊ ညဥ့် ၃၂ နာရီရှိ၍ နေ့တာတိုကာ ညတာရှည်သည်။ ရာသီအလိုအားဖြင့် ''ဗြိစ္ဆာ''ခေါ်ဆို၍ ရာသီရုပ်မှာ ကင်းမလက်မည်း ပုံဖြစ်သည်။ ကြတ္တိကာ နက္ခတ်နှင့် စန်းယှဉ်ပြည့်သည်။ ကျီးတာရာ ထွန်းပြီး ရက်မြတ်ရာဇာမှာ တနင်္ဂနွေ၊ ဗုဒ္ဓဟူးဖြစ်သည်။ ရှောင်ရန်မှာ ပြဿဒါးသည် အင်္ဂါ၊ ရာဟုဖြစ်သည်။ တန်ဆောင်မုန်းလတွင် ပထမ လဝက်သည် မိုးရာသီ၌ ပါဝင်ပြီး ဒုတိယလဝက်သည် ဆောင်းရာသီတွင် ပါဝင်သဖြင့် မိုးအကုန် ဆောင်းအကူး ငွေနှင်းဖွဲ၍ ခဝဲပန်းသည် ရာသီပန်းဖြစ်သည်။ ကောင်းကင်ယံထက်တွင် ကြတ္တိကာ နက္ခတ်ခေါ် ဖျောက်ဆိပ်ကြယ်စုတို့ကို လုံးရေခြောက်လုံး၊ ခုနစ်လုံးအပြင် သင် တုန်းဓားသွား သဏ္ဌာန်မြင်ရသည်။ ရှေးမြန်မာဘုရင်တို့ လက်ထက် ကာလဖြစ်သော အမရပူရခေတ်တွင် နန်းသုံး မှန်ပြောင်းဖြင့် ဖျောက်ဆိပ်ကြယ်စုကို ပညာရှိတို့က လေ့လာသောအခါ ကြယ်ကြီး ၁၁ လုံး အပါအဝင် ကြယ်ပေါင်း လေးဆယ်ကျော် ရှိကြောင်း တွေ့ခဲ့ကြသည်။

တန်ဆောင်မုန်းလကို ''တန်ဆောင်မှုန်''ဟူ၍ ပုဂံခေတ်ကျောက် စာမှ ဆင်းသက်သည်ဟု ယူဆခဲ့သည်။ ''တန်ဆောင်မှုန်''မှ ''တန်ဆောင်မှုန်း''ဖြစ်လာခဲ့ပြီး ''တန်ဆောင်''သည် မီးရှူးတိုင်ဖြစ်၍ ''မှုန်း''သည် ထွန်းလင်း တောက်ပခြင်းပင် ဖြစ်သည်။ တချို့က ''တန်'' သည် ''အလင်းရောင်''၊ ''ဆောင်''သည် သယ်ပိုးခြင်း၊ သယ်ဆောင်ခြင်း၊ ''မှုန်း''သည် ထွန်းလင်း တောက်ပခြင်းဟု အဓိပ္ပာယ် ဖွင့်ကြသည်။ မည်သို့ပင်ဖြစ်စေ ရှေးက တန်ဆောင်မှုန်း၊ ယခုတန်ဆောင်မုန်းလသည် ဆီမီး တန်ဆောင် ထွန်းပြောင်သောလအဖြစ် လည်းကောင်း၊ သာမညဖလ သုတ္တန်တရားတော်၏ အကျိုးကျေးဇူးကို ရရှိ၍ တိတ္ထိဝါဒကို ဖြိုခွဲနိုင်ခဲ့သော ဉာဏ်အလင်း သိမြင်သည့်လ အဖြစ်လည်းကောင်း၊ ကထိနစီဝရ ဟုဆိုအပ်သော ကထိန်သင်္ကန်း ကပ်လှူသောလ အဖြစ်လည်းကောင်း သတ်မှတ်ခဲ့သည်။ ထို့ကြောင့် အမည်မသိ ရှေးစာဆိုတော် တစ်ဦးက ''လဗြိစ္ဆာ တန်ဆောင်ပွဲနှင့် ဖက်တွဲလို့ ရွှေကထိန် လှူချိန်မို့လေး၊ အဖန်ဖန် မြမောင်နှံ၊ နှစ်ကိုယ်တလို၊ လွမ်းရှာရသေး''ဟု စာဖွဲ့နွဲ့ခဲ့သည်။

တန်ဆောင်မုန်းလ၏ ပွဲတော်တစ်ခုဖြစ်သော ကထိနစီဝရဟု ဆိုအပ်သည့် ကထိန်သင်္ကန်း ကပ်လှူခြင်းသည် ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်ကာလ ကတည်းက အစဉ်အလာ တစ်ခုဖြစ်ခဲ့ သည်။ ပဒုမဘုရား၊ ပဒုမုတ္တရ ဘုရားရှင်တို့ လက်ထက်၌ ကထိန်ခွင့်ပြု ခဲ့ပြီး ပဒုမဘုရားရှင် လက်ထက်၌ သင်္ကန်း ချုပ်ရာတွင် ဘုရားရှင် ကိုယ်တိုင် အပ်နဖားထိုး ကူညီခဲ့ကြောင်း ဗုဒ္ဓစာပေများ၌ တွေ့ရသည်။ ဗုဒ္ဓ ဘုရားရှင် လက်ထက်တော် အခါက သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ မြတ်စွာဘုရား သီတင်းသုံး နေတော်မူစဉ် ပါဝေယျ တိုင်းသား ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်တို့သည် ဝါကျွတ်ချိန် ကာလတွင် မြတ်စွာဘုရား ထံ လာရောက် ဖူးမြော်ခဲ့စဉ် မိုးရွာသွန်းသော ကာလဖြစ်ရာ ဘဒ္ဒဝဂ္ဂီ ရဟန်းတို့မှာ သင်္ကန်းများ မိုးရေဖြင့် စိုရွှဲနေကြောင်း မြတ်စွာဘုရားရှင်က မြင်တော်မူခဲ့သည်။ ထိုမိုးစိုရွှဲသော သင်္ကန်းများ ရုံထားသော ရဟန်းတော်များကို အကြောင်းပြု၍ သံဃာတော်များ သင်္ကန်း လုံလောက်မှု ရှိရန် ကထိန်သင်္ကန်းကို အလှူခံ ခွင့်ပြုခဲ့သည်။ ထိုကဲ့သို့ ရဟန်းတော် သုံးကျိပ်ကို သင်္ကန်း အလှူခံ၍ ကထိန်ခင်း ခွင့်ပြုခဲ့ရာမှ စတင်ကာ တန်ဆောင်မုန်းလ ရောက်တိုင်း ဗုဒ္ဓဘာသာဝင်များ ကထိန်အလှူပွဲ ကျင်းပသည့် ရိုးရာဓလေ့ ပွဲတော်ဖြစ်လာခဲ့သည်။ ကထိန်ခင်းရန် ခွင့်ပြုခဲ့သော ရက်ကာလမှာ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှ တန် ဆောင်မုန်း လပြည့်နေ့အထိ ဖြစ်သည်။ ကထိန်ခင်းရန် မြတ်စွာဘုရား ခွင့်ပြုတော်မူခဲ့သော သင်္ကန်းတော် သုံးထည်မှာ သံဃာဋိဒုကုဋ် (နှစ်ထပ် သင်္ကန်းကြီး)၊ ဥတ္တရသင်္ဂ (ကိုယ်ရုံဧကသီ)၊ အန္ထရဝါသက (ကိုယ်ဝတ်သင်းပိုင်) တို့ပင်ဖြစ်သည်။ အထူးသဖြင့် ယင်းသင်္ကန်းတော် သုံးထည်မှ မိမိတို့ ကြိုက်နှစ်သက်ရာ တစ်ထည်တည်းကိုသာ ကထိန်ခင်းရ ပြီး သင်္ကန်းနှစ်ထည်၊ သုံးထည် မခင်းရပေ။ ထို့အပြင် ကထိန်ခင်းခွင့် ပြုထားသည့်သင်္ကန်းကို ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အား ရည်ရွယ်၍ မခင်းအပ်ဘဲ သံဃိက အလှူစစ်စစ် ဖြစ်ရန် သံဃာတော်များကို ရည်ရွယ် လှူဒါန်းရမည် ဖြစ်သည်။ ကထိန်သင်္ကန်းကို လှူဒါန်းသော အလှူရှင်တို့သည် သွားလေရာ အရပ်၌ ဘေးအန္တရာယ်ကင်းခြင်း၊ မိမိပိုင် ပစ္စည်းများကို ရန်သူတို့ မဖျက်ဆီးနိုင်ခြင်း၊ စားကောင်းသောက်ဖွယ်ရာများ ပေါများ၍ အဆိပ်မသင့်ခြင်း၊ မိမိပိုင်ပစ္စည်းများ မေ့လျော့နေသော်လည်း မဆုံးပါးခြင်း၊ စီးပွားရှာရာတွင် လူတကာတို့ထက် ထူး၍ အစုလိုက် အပုံလိုက်ရရှိခြင်း စသည့် အကျိုးကျေးဇူး ငါးပါး ရရှိသည်။

တန်ဆောင်မုန်းလတွင် ''မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ''ကိုပါ ထည့်သွင်း ကျင်းပကြသည်။ ဥပရိပဏ္ဏာသပါဠိတော် အဋ္ဌကထာ ဒက္ခိဏ ဝိဘင်္ဂသုတ်၌ မြတ်စွာဘုရား လက်ထက်တော်က ကြီးကျယ် ထင်ရှားလှသော သင်္ကန်းရက်လုပ် လှူဒါန်းပွဲကြီး တစ်ခုကျင်းပပုံကို ဖော်ပြထား သည်။ ယင်းသုတ်တော်အရ ဖွားဖက်တော် ကာဠုဒါယီအမတ်၏ ခြောက် ဆယ့်လေးပုဒ် ရှိသည့်ဂါထာတို့ဖြင့် လျှောက်ထားချက် အရ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးရှိရာ ကပိလဝတ် ရွှေနန်းဆီသို့ ကြွမြန်းလာသည့် ဘုရားရှင်ကို မိထွေးတော် ဂေါတမီက ဖူးမြင်ရသည့် အခါ ဝမ်းမြောက်ဝမ်းသာ လွန်စွာဖြစ်၍ ကိုယ်တိုင်သင်္ကန်း ရက်လုပ် လှူဒါန်းခဲ့ခြင်းပင် ဖြစ်သည်။ ယင်းအစဉ်အလာသည် ယခု မျက်မှောက်ကာလ အထိ ဗုဒ္ဓဘာသာဝင် များက ထိန်းသိမ်းခဲ့ပြီး သင်္ကန်း အပ်နှင်းခြင်း၊ ချုပ်၊ ဆိုးခြင်း ကိစ္စအဝဝတို့ကို ညတွင်းချင်း ပြီးစီးအောင် ပြုလုပ်ပြီး အရုဏ်မတက်မီ ''မသိုးသင်္ကန်း'' အဖြစ် ကပ်လှူ ပူဇော်ကြသည်။ တန်ဆောင်တိုင် ပွဲတော်နှင့်ပတ်သက်၍ ရှေးစာဆိုတော်ကြီး ဖိုးသူတော်ဦးမင်းက ''လှူကထိန် သင်္ကန်းနှင့် မဂ်လမ်းကိုတဲ့ ဆုပန်ရွယ်၊ သည်ချိန်ဆို၊ ဝတ်မှုန်ကြဲလို့၊ ခဝဲရွှေညှာရင်းမှာ၊သင်းရနံ့ကြွယ်၊ ကောင်းကင်ဝယ်ဘုံဦး၊ ရွှေလစန္ဒာနှင့် ကြတ္တိကာ ကြယ်ရောင်ရွှန်းတယ်၊ ထွန်းထိန်လို့မြူး''ဟူ၍ ရေးဖွဲ့ခဲ့သည်။ ဥမ္မာဒန္တီပျို့တွင် ''နှင်းပေါက်မဝေ၊ မိုးမစွေသား၊ အပေတယံ၊ နေဝင်ယံတွင်၊ ယုန်ခံဘုံစက်၊ ခုန်ပြန်တက်၍၊ ကျီးကြက်တာရာ၊ ကြယ်နှင့်လာသော်၊ တန်ဆာဆင်ယင်၊ နတ်သဘင်သို့'' ဟူ၍ တန်ဆောင်မုန်းလ၏သာယာပုံကို ဖော်ကျူးခဲ့သည်။

တန်ဆောင်မုန်းလတွင် စာရေးသူတို့ တောင်ငူမြို့၌ လွန်စွာမှ ကြီးကျယ် ခမ်းနားသော ''ကေတုမတီ(တောင်ငူ) မြို့တည်နန်းတည် ပွဲတော်ကြီး''ကို ကျင်းပလေ့ ရှိသည်။ မဟာသီရိ ဇေယျာသူရခေါ် မင်းကြီးညိုသည် မြန်မာသက္ကရာဇ် ၈၇၂ ခုနှစ် တန်ဆောင်မုန်းလပြည့် အင်္ဂါနေ့ (ခရစ်နှစ် ၁၅၁ဝ ပြည့်နှစ် အောက်တိုဘာ ၁၆ ရက်) နံနက်နှစ်ချက်တီး အချိန်တွင်ကေတုမတီမည်သော တောင်ငူမြို့ကြီးကို တည်ခဲ့သည်။ ကေတုမတီမြို့ကို တည်ရာတွင် မြို့ရိုးတစ်ဖက်တွင် တံခါးပေါက် ငါးပေါက်စီရှိပြီး တံခါးပေါက် တိုင်းတွင် သိမ်တစ်ဆူစီ တည်ဆောက်ခဲ့ရာ မြို့ရိုးလေးဖက်၌ တံခါး ၂ဝ နှင့် သိမ် ၂ဝ ရှိသည်။ မင်းကြီးညိုသည် အရှေ့မြောက်ထောင့် မဟာဝန်ကျောင်းတော်နှင့် တစ်ပြိုင်နက် စ၍တည်တော်မူခဲ့သည်။

တောင်ငူသည် တောင်ငူမင်းဆက် လက်ထက်တွင် နေပြည်တော်အဖြစ် တည်ရှိခဲ့သည်။ လွန်ခဲ့သော မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် (ခရစ်နှစ် ၂ဝ၁ဝ ပြည့်နှစ်) ကေတုမတီ(တောင်ငူ)မြို့တည် နန်းတည် နှစ် ၅ဝဝ ပြည့်ခဲ့သည်။ ယင်း နှစ် ၅ဝဝ ပြည့် ပွဲတော်ကြီးမှစ၍ ယနေ့ (၅ဝ၃) နှစ်ပြည့်သည်အထိ ပွဲတော်ကြီးကို အစီအစဉ်ပေါင်း များစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သည်မှာ တန်ဆောင်မုန်းလ အတွင်း ထူးခြားချက်ပင် ဖြစ်သည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ အနေဖြင့် ထူးမြတ်လှသော တန်ဆောင်မုန်းလ အခါသမယတွင် နက္ခတ်စုံ၍ သာယာလှပ သော အာကာသ ရှုခင်းများနှင့် အတူ ကထိန်သင်္ကန်း ကပ်လှူပွဲကို ဆင်နွှဲရင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့ကို ဝိုင်းဝန်း ထိန်းသိမ်းကြပါစို့ဟု ရေးသား တင်ပြအပ်ပါသည်။ ။

မြ၀တီ