Home » » တောင်ငူ ရေဘေးဒုက္ခသည် တစ်သောင်းကျော် ကယ်ဆယ်ရေးစခန်းများတွင် သောင်တင်နေဆဲ

တောင်ငူ ရေဘေးဒုက္ခသည် တစ်သောင်းကျော် ကယ်ဆယ်ရေးစခန်းများတွင် သောင်တင်နေဆဲ

Written By Unknown on Tuesday, November 5, 2013 | 8:12 PM

အောက်တိုဘာလကုန်ပိုင်းက ရွာသောမိုးကြောင့် ရေဘေးအန္တရာယ်ရင်ဆိုင်ခဲ့ရသည့် တောင်ငူမြို့မှ   ဒေသခံတစ်သောင်းကျော်မှာ  တစ်ပတ်ခန့် ကြာသည်အထိ ကယ်ဆယ်ရေးစခန်းများတွင် ဆက်လက်ခိုလှုံနေရဆဲဖြစ်ကြောင်း တောင်ငူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

““ရေကကျတယ်ဆိုပေမယ့် တောင်ငူမြို့ပေါ်အပြင် ကျေးရွာတွေမှာရှိတဲ့ မြေနိမ့်ပိုင်းနေရာတွေမှာ မြုပ်နေတုန်းပဲ။ အိမ်တွေမှာ ပြန်နေလို့မရသေးလို့ လူဦးရေတစ်သောင်းကျော်လုံး ကယ်ဆယ်ရေးစခန်းမှာပဲ လက်ခံထားရပါတယ်””ဟု ထွေ/အုပ်ရုံးတာ ၀န်ရှိသူတစ်ဦးကပြောသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်ငူမြို့နှင့် ရေတာရှည်မြို့ များတွင် အောက်တိုဘာ ၂၈ ရက် မှ စတင်ကာ ရေဘေးအန္တရာယ် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ဒေသခံလူဦးရေ သုံးသောင်းခွဲနီးပါး ရေဘေးသင့်ခံခဲ့ရသည်။ ရေတာရှည်မြို့ ရေဘေးတွင် နှစ်ဦးသေဆုံးခဲ့ပြီး လူဦးရေ တစ်သောင်းကိုးထောင်ကျော်   ရေဘေးသင့်ခဲ့ရသော်လည်း နိုဝင်ဘာ ၂ ရက်မှ စတင်ကာ ရေပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

““လက်ရှိရေဘေးရင်ဆိုင်နေရတာက တောင်ငူပါ။ ရေမြုပ်နေတာ တစ်ပတ်လောက်ရှိပြီဖြစ်လို့ ကျန်းမာရေးဆိုင်ရာပြဿနာတွေမဖြစ်အောင် ကျန်းမာရေးဌာန နှင့် ပူးပေါင်းပြီး ရေသန့်ဆေးအပြင် တခြား လိုအပ်တဲ့ဆေးတွေပါ ဖြန့်ဝေပေးထားပါတယ်””ဟု အဆိုပါတာဝန်ရှိသူကဆိုသည်။

တောင်ငူမြို့ပေါ်ရပ်ကွက် ရှစ်ခုနှင့် ကျေးရွာငါးရွာတွင် ကယ်ဆယ်ရေးစခန်း ၃၀ ဖွင့်လှစ်ထားရဆဲဖြစ်ပြီး လူဦးရေ တစ်သောင်းသုံးထောင်ကျော်မှာ နေရပ်မပြန်နိုင်သေးကြောင်း တောင်ငူခရိုင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ သတင်းရရှိသည်။

တောင်ငူခရိုင်တွင် ယခုကဲ့သို့ ရေဘေးအန္တရာယ် ဆိုးရွားစွာရင်ဆိုင်ခဲ့ရခြင်းမှာ စစ်တောင်းမြစ်ရေကြီးသည့်အပြင် ဒေသတွင်း  တည်ဆောက်ထားသည့် ဆွာချောင်းရေလှောင်တမံကျိုးခြင်းကြောင့်ဖြစ်ကြောင်း ရေဘေးရင်ဆိုင်နေရသည့် ဒေသခံအများစုကပြောသည်။

သို့သော် ရေတာရှည်မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ဆွာချောင်းရေလှောင်တမံ ကျိုးပေါက်ခြင်းမဟုတ်ဘဲ သုံးရက်ဆက်တိုက် ရွာသွန်းသော မိုးကြောင့် ဆည်ရေလျှံခြင်းဖြစ်ကြောင်း ပြောသည်။

အောက်တိုဘာလနှောင်းပိုင်းရွာသော မိုးကြောင့် မကွေး၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် လယ်မြေဧက ငါးသောင်းကျော် ရေနစ်မြုပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးတစ်ခုထဲတွင်ပင် ဧကလေးသောင်းခြောက်ထောင်ကျော် ရေနစ်မြုပ်ခဲ့ကြောင်းကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန (နေပြည်တော်)မှ   သတင်းရရှိသည်။

စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် အောက်တိုဘာ ၃၁ ရက်က တိုင်းထွာရရှိခဲ့သည့် ရေမှတ် ၂၃ ပေကျော်(၇၁၃) စင်တီမီတာသည် နှစ်ပေါင်း ၄၈ နှစ်အတွင်း ဒုတိယအမြင့်ဆုံးရေမှတ်ဖြစ်ကြောင်း မိုး/ဇလဌာနက သတင်းထုတ်ပြန်သည်။ အမြင့်ဆုံးရေမှတ်မှာ ၁၉၇၃ ခုနှစ်က တင်ထားခဲ့သည် ၇၂၅ စင်တီမီတာဖြစ်ကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၄ ရက်မှ စတင်ကာ  တောင်ငူမြို့၏ စိုးရိမ်ရေမှတ်ကျော် ကျဆင်းသွားပြီဖြစ်ကြောင်း မိုး/ဇလဌာနမှ သတင်းရရှိသည်။

7DAY DAILY