Home » » လာမည့် ဘဏ္ဍာရေးနှစ် လစာ ကျပ်သိန်း ၅၀ ပြန်ယူမည်ဟု နိုင်ငံတော် သမ္မတ သဝဏ်လွှာပို့

လာမည့် ဘဏ္ဍာရေးနှစ် လစာ ကျပ်သိန်း ၅၀ ပြန်ယူမည်ဟု နိုင်ငံတော် သမ္မတ သဝဏ်လွှာပို့

Written By Unknown on Saturday, November 16, 2013 | 4:28 PM

နေပြည်တော်၊ နိုဝင်ဘာ ၁၅

လစာ လျှော့ယူမှုမှာ ဥပဒေချိုး ဖောက်သကဲ့သို့ ဖြစ်နေသည်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ ဝေဖန်မှု ခံထားရသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ကာ လစာ ကျပ်သိန်း ၅၀ အပြည့် ပြန်ယူမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ သဝဏ်လွှာ ပေးပို့လိုက်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဥပဒေတွင် ပြဋ္ဌာန်းထားသော လစာကျပ် သိန်း ၅၀ ကို မယူဘဲ ၁၅ သိန်းသာ ယူခြင်းသည် လက်ရှိ တည်ဆဲဥပဒေများ ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဝေဖန်ခဲ့သည်။

အမျိုးသားလွှတ်တော်တွင် ဆွေးနွေးနေသည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ အတည်ပြု ပြီးပါက ပြည်ထောင်စုအဆင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များ၊ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် ကော်မတီဝင် များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် နေပြည်တော် ကောင်စီဝင်များသည် ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လွှတ်တော်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားထားသည်။

လစာကို အပြည့်အဝ မယူခြင်းသည် နိုင်ငံ၏ ဘဏ္ဍာရေး အခြေအနေနှင့် အများပြည်သူ၏ မပြည့်စုံသော ဘဝများကို ထောက်ထားခြင်းကြောင့် ဖြစ်ကြောင်း သမ္မတက ယင်းသဝဏ်လွှာတွင် ရေးသားထားသည်။

ဒီမိုကရေစီ ဖော်ဆောင်ရေးကာလ ဖြစ်သော အစိုးရ သက်တမ်း ၂ နှစ်ခွဲကျော် အချိန်တွင် နိုင်ငံ၏ စီးပွားရေးသည် အသင့်အတင့် တိုးတက်လာပြီ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သဝဏ်လွှာကို ကိုးကား ပြောဆိုသည်။

အစိုးရ အဖွဲ့ဝင်များ၏ လစာနှင့် ပတ်သက်သော ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လာမည့် နဝမအကြိမ် လွှတ်တော် အစည်းအဝေးတွင် အတည်ပြုသွားရန် ဆုံးဖြတ် ထားကြောင်း လွှတ်တော် ကော်မတီဝင်များထံမှ သိရသည်။

The Voice Weekly