Home » » သမ၀ါယမ ချေးငွေလုပ်ငန်းကို ဘဏ္ဍာရေးကော်မတီ စောင့်ကြည့်မယ်

သမ၀ါယမ ချေးငွေလုပ်ငန်းကို ဘဏ္ဍာရေးကော်မတီ စောင့်ကြည့်မယ်

Written By Unknown on Monday, October 21, 2013 | 10:26 AM

မြန်မာနိုင်ငံအတွက် ​တရုတ်နိုင်ငံကပေးလိုက်တဲ့ ​ချေးငွေတွေကို ​အစိုးရက ​သမ၀ါယမ ​၀န်ကြီးဌာနအား ​လုပ်ကိုင်ခွင့်ပေးလိုက်တဲ့အတွက် ​ပြည်သူ့လွှတ်တော်မှာရှိတဲ့ ​ဘဏ်များနှင့် ​ငွေကြေး ​ဆိုင်ရာ ​ဖွံဖြိုးတိုးတက်ရေး ​ကော်မတီက ​လွှတ်တော်ကိုယ်စားလှယ်တွေ ​အနေနဲ့ ​စောင့်ကြည့် ​သွားမယ်လို့ ​ပြောဆိုလိုက်ပါတယ်။

ပြည်တွင်း ​အသေးစား ​ချေးငွေ ​လုပ်ငန်းတွေ ​လုပ်ကိုင်ဖို့ ​အတွက် ​သမ္မတ ​ဦးသိန်းစိန်ရဲ့ ​တရုတ်ပြည် ​ခရီးစဉ်အတွင်း ​တရုတ် ​ပို့ကုန်သွင်းကုန်ဘဏ်ကနေ ​အမေရိကန်ဒေါ်လာ ​သန်း ​၁၀၀ ​ချေးယူခဲ့တာ ​ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ​လွှတ်တော် ​သက်တမ်းအတွင်းက ​တရုတ်နိုင်ငံက ​ချေးငွေ ​အမေရိကန် ​ဒေါ်လာ ​သန်း ​၁၀၀ ​ကို ​သမဝါယ ​ဝန်ကြီး ​ဌာနကို ​သုံးစွဲခွင့်ပေးဖို့ ​ပြောခဲ့တာကို ​ လွှတ်တော်ကိုယ်စားလှယ်တွေက ​သမဝါယမလုပ်ငန်းစဉ်တွေ ​အောင်မြင်လေ့မရှိတဲ့အတွက် ​ကန့်ကွက်ခဲ့ပေမယ့် ​အစိုးရက ​လုပ်ပိုင်ခွင့် ​ပေးလိုက်တာ ​ဖြစ်ပါတယ်။

ဒီတစ်ခေါက် ​ချေးယူထားတဲ့ငွေဟာ ​အတိုးနှုန်း ​များတဲ့အတွက် ​နိုင်ငံတော်ဘက်ဂျတ်လိုငွေပြမှု ​ပိုမကြီးလာအောင် ​ထိန်းညှိပေးဖို့ ​စောင့်ကြည့်သွားမှာ ​ဖြစ်တယ်လို့ ​ဘဏ်များနှင့် ​ငွေကြေး ​ဆိုင်ရာ ​ဖွံဖြိုးတိုးတက်ရေး ​ကော်မတီဝင် ​လွှတ်တော်ကိုယ်စားလှယ် ​ဦးဖြိုးမင်းသိန်းက ​ပြောပါတယ်။

“သမဝါယမက ​လုပ်ခဲ့တဲ့ ​အခြေအနေကို ​အစ်ကိုတို့ ​လုပ်ခဲ့တဲ့ ​နှစ်ပေါင်း ​၅၀ ​လောက်ကနေ ​စပြီးတော့ ​ကြည့်မယ်ဆိုရင် ​တစ်ခါမှ ​မအောင်မြင်ခဲ့ဘူး။ ​ဒီမအောင်မြင်ခဲ့တဲ့ ​အမှုတွေနဲ့ ​ပါတ်သက်ပြီးတော့ ​အစ်ကိုတို့ ​လေ့လာ ​ဆန်းစစ်တယ်။ ​လေ့လာဆန်းစစ်ပြီး ​ဒီဥစ္စာကို ​အောင်မြင်တဲ့နေရာကနေ ​လုပ်မှဖြစ်မယ်။ ​ဘာဖြစ်လို့လည်း ​ဆိုရင် ​အတိုးနှုန်းက ​သိပ်ကြီးတယ်။ ​အတိုးနှုန်းက ​သိပ်ကြီးတော့ ​ဒီဥစ္စာကို ​မအောင်မြင်ဘူးဆိုရင် ​နိုင်ငံတော်ရဲ့ ​ဘက်ဂျတ် ​လိုငွေပြမှုက ​ပိုပြီး ​ကြီးသွားမယ်။ ​အဲဒီအတွက် ​ဘက်ဂျတ်လိုငွေ ​ပြမှုကို ​ထိန်းညှိနိုင်ဖို့ဆိုရင် ​နိုင်ခြေရှိတဲ့ ​စီးပွားရေး ​လုပ်ငန်းတွေကိုဘဲ ​လုပ်မှ ​ဖြစ်မယ်လေ။ ​သမဝါယ ​ဝန်ကြီးဌာန ​ကဘဲ ​လုပ်မယ်ဆိုရင် ​အခု ​ဒီအခြေအနေကိုသေသေချာချာ ​စောင့်ကြည့်မယ်။”

တရုတ်နိုင်ငံက ​ချေးယူထားတဲ့ ​အမေရိကန် ​ဒေါ်လာ ​သန်း ​၁၀၀ ​အတွက် ​ချေးငွေ ​အတိုးနှုန်းဟာ ​၄.၅ ​ရာခိုင်နှုန်းပေးဆောင် ​ရမှာ ​ဖြစ်ပြီး ​ဝန်ဆောင်ခအနေနဲ့ ​၁ ​ရာခိုင်နှုန်း ​ပေးရမှာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

သမဝါယမဝန်ကြီးဌာနအနေနဲ့ ​ပြည်တွင်း ​အသေးစားချေးငွေလုပ်ငန်းမှာ ​တောင်သူလယ်သမားတွေရဲ့ ​စိုက်ပျိုး ​စရိတ်ချေးငွေကနေ ​စတင်ဖို့ ​စီစဉ်ထားတာဖြစ်ပြီး ​ပြည်ထောင်စု ​စာရင်းစစ်ချုပ်ရုံးက ​ကြေညာခဲ့တဲ့ ​နိုင်ငံတော် ​ဘဏ္ဍာငွေကို ​အလွဲသုံစားပြုလုပ်တဲ့ ​ဝန်ကြီးဌာန ​၇ ​ခုမှာ ​သမဝါယမ ​ဝန်ကြီးဌာ ​ပါဝင်နေတဲ့အတွက် ​အရှုံးပေါ်မှာကို ​လွှတ်တော်ကိုယ်စားလှယ် ​အများစုက ​စိုးရိမ်နေကြတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းတောက် ​စူးရှက ​သတင်းပေးပို့ခဲ့ပါတယ်။

ABC Radio Australia