ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းလမ်းမကျဘူးလို့ ဥရောပကို ၂ ပတ်ကြာ ခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဥရောပ ၅ နိုင်ငံကို သွားရောက်ခိုက် ဥရောပ ကော်မရှင်နာ မင်းကြီး Jose Barroso နဲ့ ဘရာဆဲလ်မြို့မှာ စနေနေ့က တွေ့ဆုံတုန်းမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဥရောပသမဂ္ဂအနေနဲ့ သတိကြီးစွာနဲ့ စောင့်ကြည့် အကဲခတ်နေမယ်လို့ ပြောသွားခဲ့ပြီး ၂၀၁၅ မြန်မာရွေးကောက်ပွဲဟာလည်း ပွင့်လင်းမြင်သာမှုရှိပြီး အများကယုံကြည်နိုင်မှုရှိသင့်သလို လူတိုင်းပါဝင်နိုင်ဖို့ လိုအပ်ကြောင်း ဥရောပ ကော်မရှင်နာ မင်းကြီး Jose Barroso က ပြောကြားခဲ့ပါတယ်။
၁၉၉၈ခုနှစ် တုန်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျစဉ် အတွင်း ဘယ်လ်ဂျီယမ်နိုင်ငံ လူဗန်း ကက်သလစ် တက္ကသိုလ် က ချီးမြှင့်ထားခဲ့ဘူးတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လက်ခံ ရယူခဲ့ပြီး "Charity and compassion in politics" နိုင်ငံရေးဆိုင်ရာ ဒါနနဲ့ ကရုဏာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။
ဒီကနေ့ တနင်္လာနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အီးယူအဖွဲ့က နိုင်ငံခြားရေးဝန်ကြီး ၂၈ ဦးနဲ့ လူဇင်ဘတ်မှာတွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။
လွန်ခဲ့တဲ့ ၂၃ နှစ်က ချီးမြှင့်ခံရတဲ့ အီးယူ- ဥရောပသမဂ္ဂရဲ့ အမြင့်ဆုံး Sakharov လူ့အခွင့်အရေးဆုကို Strasbourg မြို့မှာ ကျင်းပတဲ့ ဥရောပပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် အင်္ဂါနေ့ကျရင် လက်ခံရယူဖို့ ရှိကြောင်း သိရှိရပါတယ်။
ABC Radio Australia