Home » » မလေးရှား အစိုးရက မြန်မာနိုင်ငံသား များအား ပတ်စ်ပို့ စာအုပ်နှင့် ပါမစ်များ ထုတ်ပေးမည့်ရက် ရွှေ့ဆိုင်း

မလေးရှား အစိုးရက မြန်မာနိုင်ငံသား များအား ပတ်စ်ပို့ စာအုပ်နှင့် ပါမစ်များ ထုတ်ပေးမည့်ရက် ရွှေ့ဆိုင်း

Written By Unknown on Tuesday, October 15, 2013 | 4:32 PM

မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်သော မြန်မာနိုင်ငံသားများကို တရားဝင် နေထိုင်ခွင့်ရရှိရေးအတွက် ပတ်စ်ပို့စာအုပ်နှင့် ပါမစ်များ အောက်တိုဘာ ၁ရက် ထုတ်ပေးမည်ဟု မလေးရှားအစိုးရက ကြေညာထားပြီးမှ အောက်တိုဘာ ၂၁ ရက် သို့ ပြောင်းရွှေ့သွားကြောင်း သတင်းရရှိသည်။

““အရင်က ဒီလတစ်ရက်နေ့မှာ ထုတ်ပေးမယ်လို့ ကြေညာထားပါတယ်။ ထုတ်မပေးသေးလို့ လူတွေက စောင့်နေကြတာ။ ခုတော့ ၂၁ ရက်မှာ ထုတ်ပေးမယ့်လို့ ပြန်ကြေညာပါတယ်””ဟု မလေးရှားနိုင်ငံ ဧရာဝတီ လူမှုကူညီရေးအသင်းမှ ဦးအောင်သန်းဦးကပြောသည်။

ယင်းပတ်စ်ပို့စာအုပ်နှင့် ပါမစ်များကို မလေးရှားအစိုးရက အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပေးသွားမည့်အကြောင်း မလေးရှားနိုင်ငံထုတ် The Star သတင်းစာတွင် ဖော်ပြထားကြောင်း မလေးရှားနိုင်ငံရောက် မြန်မာများက ဆိုသည်။ မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်သော မြန်မာနိုင်ငံသားများအား တရားဝင်နေထိုင်ခွင့်ရရှိရေးအတွက် ပတ်စ်ပို့စာအုပ်၊ ပါမစ်များထုတ်ပေးမည်ဖြစ်သောကြောင့် လိုအပ်သော အိမ်ထောင်စုစာရင်းများ၊ မှတ်ပုံတင်များ၊ ရဲစခန်းနှင့် ရပ်ကွက်ထောက်ခံချက်များကို ကြိုတင်မှာယူထားကြရန်အတွက် မလေးရှားနိုင်ငံမြန်မာသံရုံးမှ စက်တင်ဘာ ၂၀ ရက်က ကြေညာထားကြောင်း မလေးရှားနိုင်ငံရောက် မြန်မာများက ပြောသည်။

၂၀၁၁ခုနှစ်က ပြုလုပ်ခဲ့သော 6P စီမံချက်အစီအစဉ်တွင် မြန်မာသံရုံးမှ စာအုပ်ထုတ်ရန် စာရွက်ကျထားပြီး အကြောင်းအမျိုးမျိုးကြောင့် စာအုပ်မထုတ်ရသေးသူများ၊ ယခင်က စာအုပ်ထုတ်ပြီး ပါမစ်မရသေးသူများ၊ ယခုမှ စာအုပ်လုပ်မည့်သူများ၊ အားလုံးပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယခုပြုလုပ်ပေးသော အစီအစဉ်တွင် တရားမ၀င်နေထိုင်သူများအားလုံးကို တစ်နေရာတည်းတွင် လက်ဆယ်ချောင်းလုံးလက်ဗွေနှိပ်ပြီး မျက်စိသူငယ်အိမ်ကို ဓာတ်မှန်ရိုက်သည့်နည်းကို အသုံးပြုပြီး One Stop Service ဖြင့် ပြု လုပ်ပေးမည်ဖြစ်သည်။ အဆိုပါ လိုအပ်သောစာရွက်စာတမ်းများ အီးမေးဖြင့်ပို့ပေးနိုင်ကြောင်း သတင်းရရှိသည်။

““အရင်က အောက်တိုဘာ ၁ ရက်မှာ ထုတ်ပေးမယ်လို့ ကြေညာထားတယ်။ အခုရက်ပြောင်းသွားတယ်။ ဈေးနှုန်းလည်း ကြေညာမထားသေးဘူး။ ကုန်ကျစရိတ်တော်တော်များများရင်တော့ မလုပ်နိုင်ကြလောက်ဘူး”” ဟု မလေးရှားနိုင်ငံရောက် ၈၈ မျိုးဆက်ကျောင်းသား ဦးအောင်ကြီးကပြောသည်။
မလေးရှားနိုင်ငံတွင် နေထိုင်သော မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသားဖြစ်ကြောင်း သေချာပါက တရားဝင်နေထိုင်ခွင့်ရရှိအောင် ပြုလုပ်ပေးမည်ဖြစ်ကြောင်းနှင့် ထိုတရားမ၀င်နေထိုင်သောသူများကို အလုပ်ရှင်များနှင့် တိုက်ရိုက်တွေ့ဆုံကာ အလုပ်ရှာပေးမည်ဟု အလုပ်သမားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောဆိုထားသည်။

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော တရားမ၀င် မြန်မာနိုင်ငံသား ၂၅၀၀၀၀ ကျော် ရှိပြီး တရားဝင်ပါမစ်ရှိ၍ လုပ်ကိုင်နေသူ ၁၄၀၀၀၀ ကျော် ရှိပြီး တရားမ၀င်နေထိုင်သူ ၁၁၀၀၀၀ ကျော် ရှိကာ UN ကတ် ကိုင်ဆောင်ထားသူ ၈၀၀၀ ကျော် ရှိကြောင်း သတင်းရရှိသည်။

7Day Daily